Thursday, September 6, 2018

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတရုတ်ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပ

Image may contain: one or more people
ရန်ကုန် စက်တင်ဘာ ၅
မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ဆင်းရဲနွမ်းပါးသော ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ပြည်ပပညာသင်စေလွှတ်ပေးခြင်း၊ ပြည်တွင်း အဆင့်မြင့်ပညာရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေး ခြင်း စသည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေသော တရုတ်နိုင်ငံအခြေစိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတရုတ် ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံး (CFPA)၏ သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပ သည်။
''ကျွန်တော်တို့ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး တရုတ်ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံး တို့ဟာ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး နားလည် မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ဝ၁၅ ခုနှစ်ဆန်းပိုင်းမှစတင်ပြီး Paukphaw Scholarship Project ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလာဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်ဒီဂရီကောလိပ် စတဲ့ တက္ကသိုလ် ၁၁ ခုတို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူ ၁၂ဝဝ ကျော် တို့ကို ပညာ သင်စရိတ်များ စတင်ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒဂုံတက္ကသိုလ်ကို ကွန်ပျူတာအစုံ ၄ဝ လှူဒါန်း ခြင်းနဲ့ ပညာသင်ထောက်ပံ့စရိတ်ရရှိတဲ့ ကျောင်းသား ကျောင်းသူများထဲမှ ၁ဝ ဦးကို တရုတ်နိုင်ငံရှိ တက္ကသိုလ် များသို့ လေ့လာရေးခရီးများ စေလွှတ်ခြင်းစတဲ့ ပညာရေး နဲ့ပတ်သက်တဲ့ ထောက်ပံ့မှုတွေကို ပူးပေါင်း ဆောင်ရွက် လျက်ရှိပါတယ်''ဟု မြန်မာနိုင်ငံ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦးက ပြောကြားသည်။
ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး တရုတ်ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးသည် မြန်မာနိုင်ငံတွင် သုံးနှစ်တိုင်တိုင် ထောက်ပံ့ပေးခဲ့သော ထောက်ပံ့ရေးစရိတ်နှင့် ထောက်ပံ့ ပစ္စည်းတန်ဖိုး စုစုပေါင်းမှာ တရုတ် ယွမ် ၁၆၉၅ဝဝဝဝ ဖြင့် စီမံကိန်း ၁ဝ ခုကို လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်နယ်ရှစ်ခုအား လွှမ်းခြုံနိုင်ကာ လူဦးရေ လေးသောင်း ကျော် အကျိုးခံစားခွင့်ရရှိပြီး ဖြစ်သကဲ့သို့ တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား ကျောင်းသူ ပေါင်း ၁၃ဝဝ ခန့်အား ထောက်ပံ့ပေးလျက်ရှိရာ ယခုအချိန်တွင် သုံးနှစ်ပြည့် ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ရန်ရှုံကျုံးက ပြောသည်။
ယနေ့ ကျင်းပသော အခမ်းအနားသို့ မြန်မာနိုင်ငံ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိ သူများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတရုတ်ဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး CFPAအဖွဲ့မှScholarship ထောက်ပံ့ကြေးများ ပေးအပ်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသား ကျောင်းသူများက တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အေးမင်းသူ၊ ဇာနည်မောင်၊
စောနိုင်ဝင်း

No comments:

Post a Comment