Saturday, September 1, 2018

ဝဿန်ရုပ်ရှင်ပွဲတော်မှ ရုပ်ရှင်ဖန်တီးသူများ၏ ရင်တွင်းစကားသံများ

Image may contain: 1 person, closeup and indoor
ရန်ကုန် သြဂုတ် ၃၁
(၈)ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော် စာနယ်ဇင်းရှင်းလင်းပွဲကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ သင်တန်းခန်းမ၌ ကျင်းပသည်။
ဝဿန်ရုပ်ရှင်ပွဲတော်ကို ၂ဝ၁၁ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတိုရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဝဿန်ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်၍ ရုပ်ရှင်ဖန်တီးသူ လူငယ်ဒါရိုက်တာ များ၊Filmmaker များနှင့် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မသူသူရှိန် (Festival Director )
ဝဿန်ရုပ်ရှင်ပွဲတော်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှ စပြီးကျင်းပ လာတာ အခုနှစ်ဆိုရင် ရှစ်နှစ်မြောက်ဖြစ်သွားပါပြီ။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့ ရုပ်ရှင်ရိုက်ကူးတဲ့သူတွေ၊ ဒါရိုက်တာတွေအတွက် လွတ်လပ် စွာ ဖန်တီးထားတဲ့ ရုပ်ရှင်ကားတွေကို ပြသဖို့နေရာဖြစ်လာဖို့ပါ။ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရုပ်ရှင်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ဒီပွဲတော်မှာ လုပ်ဆောင်ပါမယ်။ ပြိုင်ပွဲဝင်ကဏ္ဍအနေနဲ့ ၅၇ ကားလက်ခံရရှိပါတယ်။ ၁၁ ကားကိုဆန်ခါတင်ရွေးချယ်ပြီးတော့ ဆုသုံးဆုအနေနဲ့ ထပ်ပြီးရွေးချယ်သွားမှာပါ။ ဆုတွေကို မြန်မာ၊ ဂျာမန်၊ ဂျပန်နိုင်ငံတွေက ဒိုင်သုံးယောက်က ရွေးချယ် သွားမှာပါ။ ဆုသုံးဆုအနေနဲ့ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်လမ်းတိုရုပ်ရှင်ဆု၊ အမြင်သစ်ဆုဆိုပြီးပေးသွားမှာပါ။ ဆုတစ်ဆုကို ငွေကျပ် ငါးသိန်းနဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ကပေးအပ်မယ့် ဆုတံဆိပ်ကိုရရှိမှာ ဖြစ်ပါတယ်။Traditional Czech Crystal က ဆုတံဆိပ် သုံးခုကိုပေးအပ်သွား မှာဖြစ်ပါတယ်။ ဒီပွဲတော်မှာ နိုင်ငံတကာရုပ်ရှင်တွေရော ပြည်တွင်းရုပ်ရှင်တွေပါ ပြသတာဖြစ်ပါတယ်။ နိုင်ငံတကာကဇာတ်လမ်းတိုတွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းရှည်တွေနဲ့ ပြည်တွင်းဇာတ်ကားအပါအဝင် ဇာတ်ကား ၇ဝ ကျော်ြ
ပသသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ပြသတာအပြင် ဆွေးနွေးပွဲတွေ၊ Panel Discussion တွေစီစဉ်ထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ရုပ်ရှင်ပွဲတော် သုံးခုကို ဖိတ်ခေါ်ထားပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ရုပ်ရှင်ပွဲတော်သုံးခုက ပွဲစီစဉ်သူတွေကို ဖိတ်ခေါ်ထားပါတယ်။
သူတို့ကနေပြီးတော့ သူတို့နိုင်ငံမှာ ဒီဇာတ်လမ်းတိုတွေကို ဘယ်လိုရွေး ချယ်လဲ၊ ရုပ်ရှင်ပွဲတော်ကဘယ်လိုလဲ၊ ဘယ်လိုလုပ်ဆောင်လဲဆိုတာတွေကို လာရောက်ပြီး ဆွေးနွေးမှာဖြစ်တဲ့အတွက် မြန်မာလူငယ်ဒါရိုက်တာတွေအနေနဲ့ သိထားသင့်ပါတယ်၊ ရုပ်ရှင်ကားအရှည်တွေ ရိုက်ကူးတဲ့အခါမှာ ဘယ်လိုတွေ ပြင်ဆင်မလဲ၊ နိုင်ငံတကာသွားရင် ဘယ်လိုတွေ လုပ်ဆောင်ရမလဲဆိုတာ တွေကို ဆွေးနွေးသွားမှာပါ။ ပြင်သစ်နဲ့ဟောင်ကောင်မှာအခြေစိုက်တဲ့ ရုပ်ရှင် တည်းဖြတ်သူကို ဖိတ်ခေါ်ထားပါတယ်၊ ရုပ်ရှင်တည်းဖြတ်တဲ့ပညာနဲ့ ရုပ်ရှင် ကားတစ်ကားကို ဘယ်လိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်လို့ရသလဲဆိုတာ ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လူငယ်ဒါရိုက်တာတွေ၊ ရုပ်ရှင်ကို စိတ်ဝင် စားသူတွေအနေနဲ့ အများကြီးအသိပညာ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်။
ကိုသိဒ္ဓိ (Festival Organizer)
ဒီနှစ်ပွဲတော်မှာကဏ္ဍအသစ်တွေ တိုးချဲ့ထားပါတယ်။ အမျိုးသမီး ဒါရိုက်တာတွေရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကား လေးကားရွေးချယ်ထားပါတယ်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့အခြေအနေတွေကိုထင်ဟပ်စေမယ့် မှတ်တမ်း ရုပ်ရှင်ကားလေးကားပါ။ ဂျပန်ဒါရိုက်တာရိုက်ကူးတဲ့ မြန်မာဇာတ်လမ်း မြန်မာ မိသားစုအကြောင်း ရုပ်ရှင်ဇာတ်ကားအရှည်ကိုလည်း ရွေးချယ်ထားပါတယ်။ အဲဒီဇာတ်ကားက ဆုတွေအများကြီးရထားပါတယ်။ အဲဒီကားထဲမှာ သရုပ် ဆောင်ထားတဲ့သူတွေလည်းလာမှာပါ။ ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင်ဆိုတာ ဇာတ်လမ်းအရှည်နဲ့မတူတဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။ ဇာတ်လမ်း ပြောဆိုပုံတွေ၊ ရုပ်ရှင်ဖန်တီးမှုတွေကိုစမ်းသပ်လေ့လာဖို့ အခွင့်အရေးရှိတယ်၊ စမ်းသပ်တဲ့နေရာတစ်ခုပါ။ စမ်းသပ်တဲ့လေ့ကျင့်တဲ့ကွင်းဖြစ်ပါတယ်။ ဒီကနေ တစ်ဆင့်ရုပ်ရှင်ပင်မစီးကြောင်းထဲကိုသွားမယ့်သူတွေ စမ်းသပ်တဲ့နေရာဖြစ် လို့ အကျိုးရှိပါတယ်။ ပုံစံသစ်တွေကိုဖန်တီးဖို့၊ စမ်းသပ်ဖို့အခွင့်အရေးရှိမယ်။ ဝဿန်ရုပ်ရှင်ပွဲတော်ကထွက်တဲ့ လူငယ်ဒါရိုက်တာတွေ အများကြီးရှိပါတယ်။
မကြယ်ရီလင်းစစ် (Filmmaker)
ကျွန်မက မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ မှတ်တမ်းရုပ်ရှင် လောကကိုဝင်တာ ခြောက်နှစ်လောက်ရှိပြီ။ ဒီနှစ် ဝဿန်ပွဲတော်မှာပြမယ့် ကားက ချစ်တယ်ဆိုတဲ့ဇာတ်ကားပါ။ ကိုးကားမြောက် မှတ်တမ်းရုပ်ရှင်ဖြစ်ပါ တယ်။ ဝဿန်ရုပ်ရှင်ပွဲတော်က အစဉ်အလာကြီးမားတဲ့ ပွဲတော်တစ်ခုလို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာလည်း ပထမဆုံးလုပ်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်တယ်။ လူငယ်ရုပ်ရှင်ဒါရိုက်တာတွေအတွက် အနုပညာအခင်းအကျင်း ပိုင်းဆိုင်ရာမှာ အင်မတန်မှရသမြောက်တဲ့ရုပ်ရှင်ပွဲတော်ဆိုရင် မမှားဘူးပေါ့။ ဒီနှစ်ရုပ်ရှင်ပွဲတော်ပြဖို့ ဇာတ်ကားလေးတင်သွင်းခဲ့တယ်၊ ရွေးချယ်ခဲ့တယ်။ ဒီပွဲတော်တွေ များများရှိမှ လူငယ်ဒါရိုက်တာတွေ များများပေါ်လာမှာပါ။ ကိုယ်ယုံကြည်တာကို ကိုယ်ဖန်တီးနိုင်စွမ်းရှိတဲ့ ရုပ်ရှင်တွေကိုလွတ်လွတ်လပ်လပ် ပြဖို့ဆိုရင် ဒီလိုပွဲတော်တွေကပဲ ပံ့ပိုးနိုင်လိမ့်မယ်။ ဒီပွဲတော်ကထွက်လာတဲ့ ဇာတ်ကားတွေ နိုင်ငံတကာကိုသွားနိုင်တဲ့ အနေအထားမျိုးတွေ့ရတယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်၊ ဒီပွဲတော်တွေကို များများရှိစေချင်ပါတယ်။ ပွဲတော်တွေမှာပြတဲ့ရုပ်ရှင်တွေ များများကြည့်ပေးပါ။ နိုင်ငံတကာမှာ ရုပ်ရှင် တွေ ဘယ်လိုပြောင်းလဲနေလဲ၊ ရုပ်ရှင်အခင်းအကျင်းတွေ၊ အပြောအဆိုတွေ၊ နေ
ာက်ခံတွေ၊ အပြင်အဆင်တွေ၊ တင်ဆက်ပုံတွေ ပြန်ကြည့်လို့ရတယ်။ မြန်မာ့ ရုပ်ရှင်ရဲ့ လိုအပ်ချက်တွေနဲ့ နိုင်ငံတကာကရုပ်ရှင်တွေသွားနေတဲ့ ကျော်ဖြတ် ပြောင်းလဲမှုတွေကို ဒီပွဲတော်မှာကြည့်ပြီးသိလို့ရတယ်။
မောင်ဘုန်း(လူငယ်ဒါရိုက်တာ)
ဝဿန်ရုပ်ရှင်ပွဲတော် ဖလင်ဒါရိုက်တာပါ။ မနှစ်ကလည်း တစ်ကားတင်ခဲ့ ပါတယ်။ ဒီနှစ်က whispers of silenceသူငယ်ချင်းဇော်ဘိုဘိုဟိန်းနဲ့ နှစ်ယောက် တွဲတစ်ကား၊ ကျွန်တော်တစ်ယောက်ထဲက voidကားတစ်ကား၊ စုစုပေါင်း နှစ်ကားတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်က ပင်မရေစီးကြောင်းကနေ ခွဲထွက်တဲ့သဘောပါ။ အဓိကပေးချင်တဲ့ messagesတော့ မရှိပါဘူး။ ကျွန်တော့် စိတ်ထဲကဖြစ်ပေါ်လာတာကို ရိုက်ထားတာပါ။ ဇာတ်ကားတွေထဲကတစ်ကားက သင်္ကြန်တွင်းရိုက်ထားတာပါ။ ၁၈ မိနစ် ၂၂ စက္ကန့်ပါ။short film ပါ၊ နောက်တစ်ကား void ကတော့ ၂၈ မိနစ်နဲ့ ၃၉ စက္ကန့်ပါ။ အိမ်နီးနားချင်း ဇာတ်လမ်းလေးပါ၊ သူတို့ နှစ်ယောက်အဖြစ်အပျက်လေးကို ရိုက်ထားပါတယ်။ ဒီပွဲတွေရှိမှ ကျွန်တော်တို့ကားတွေ ပြလို့ရပါတယ်။ ရုံတင်ဖို့လည်း မလွယ်ဘူး။ လွတ်လပ်တဲ့ကားတွေပြပေးတဲ့ရုံဆိုတာ ကျွန်တော်တို့နိုင်ငံမှာမရှိဘူး။ ဒီလိုရုပ်ရှင် ပွဲတော်တွေရှိမှ ပြလို့ရတာပါ။ ဒီလိုပွဲတွေလုပ်ဖို့ အများကြီးလိုတယ်။ ကျွန်တော် တို့ ရုပ်ရှင်ကားတွေကရောင်းလို့ရတဲ့ကားတွေမဟုတ်ဘူး။ ပရိုဂျူဆာကလည်း ကိုယ့်အချင်းချင်းပံ့ပိုးပြီးတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ရိုက်ပြီးပြရတာ။ ကျွန်တော် အကျိုးအမြတ်မရှိဘူး၊ ပြန်ရောင်းလို့မရဘူး၊ တခြားရုံတွေ ပြလို့မရဘူး။ ပွဲတော်ရှိတဲ့ တစ
်နှစ်တစ်ခါမှာသာ ဒီလိုပွဲတွေမှာပြလို့ရပါတယ်၊ ပြခွင့်ရှိတယ်။ အများကြီး လိုအပ်တယ်။ ဒီလိုပွဲတော်တွေကို လူငယ်တွေ လေ့လာစေချင်တယ်။ ကိုယ်လုပ်ချင်တဲ့Filmmaker တွေ ရိုက်ကူးဖို့ ဒီလိုပွဲတော်တွေမှာကားတွေ တင်စေချင်တယ်။ ကိုယ့်အတွက်အသိအကျွမ်း အဆက်အသွယ်ရလာမယ်။
ဝဿန်ရုပ်ရှင်ပွဲတော်ကိုစက်တင်ဘာ ၅ ရက်မှ ၁ဝ ရက်အထိဝဇီရာရုပ်ရှင်ရုံ နှင့် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိGoethe Instituteတို့တွင် ပြသသွားမည်ဖြစ်ပြီး မြန်မာလူငယ် Filmmaker များ၏ ပြိုင်ပွဲဝင်ဇာတ်ကား ၁၁ ကားထဲမှ အကောင်းဆုံး ဇာတ်လမ်းရုပ်ရှင်ဆု၊ မှတ်တမ်းရုပ်ရှင်ဆုနှင့် အမြင်သစ်ဆုစသည့် ဆုသုံးဆုကို ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ဝဿန်ရုပ်ရှင်ပွဲတော်တွင် မြန်မာ့လူမှုဘဝကို ထင်ဟပ်စေသည့် ဇာတ်ကား လေးကား၊နိုင်ငံတကာမှ ဇာတ်လမ်းရှည်ရုပ်ရှင်ကား၊ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်စသည့် အရှေ့တောင်အာရှ ရှစ်နိုင်ငံမှ လူငယ် Filmmaker များ၏ လက်ရာ ဇာတ်လမ်းတို ရုပ်ရှင်ကားများပြသမည့်အပြင် သင်တန်းများ၊ ဆွေးနွေးပွဲများကို လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်၊ ဓာတ်ပုံ - ကိုရဲ

No comments:

Post a Comment