Tuesday, September 4, 2018

လယ်ကိုင်းမြို့ဟောင်း ဘားဝပ်ကျောင်း၏ပြာသာဒ်ဆောင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

Image may contain: sky, outdoor and nature
ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်း၌ ရုပ်စုံကျောင်းများနှင့်အသွင်သဏ္ဌာန် ဆင်တူသည့် ဇေတဝန်ကျောင်း အမျိုးအစား ဘားဝပ်ဘုန်းကြီးကျောင်းတည်ရှိပြီး ကျောင်းတော်ကြီး၏ ပြာသာဒ်ဆောင်တိုင်များ၊ ကြမ်းခင်းနှင့်ပြာသာဒ်များမှာ ယိုင်နဲ့ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြုပြင်မှုများဆောင်ရွက်ရန်လိုအပ်
နေကြောင်း ဒေသခံများထံမှ သိရသည်။
''၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ယဉ်ကျေးမှုဦးစီးဌာနက ကျောင်းကြီးရဲ့အဆောင်တွေက ယိုင်နေတဲ့တိုင်တွေကို ပြန်မတ်ပေးထားပါတယ်။ လက်ရှိအခြေအနေ ကတော့ ကြမ်းခင်းတွေ သိပ်မကောင်းဘူး။ ပြာသာဒ်
ဆောင် လုံးဝမပြင်ရသေးဘူး။ တိုင်အလုံးကြီး ၃ဝ လောက် ယိုင်နေတာကို ပြန်မတ်ဖို့လိုနေပါတယ်။ အရန်တိုင် အလုံး ၂ဝ လောက်ကိုလည်း ပြန်မတ်ရမယ်။ အပေါ်က ပြာသာဒ်ကလည်း ပြတ်ကျတော့
မယ့် အနေအထားဖြစ်နေတယ်'' ဟု ဒေသခံတစ်ဦး ဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
မြန်မာသက္ကရာဇ် ၁၂၅ဝ ပြည့်နှစ်တွင် လယ်ကိုင်းမြို့အုပ်ကြီး ဦးအံထော်နီနှင့် ဇနီး ဒေါ်အံထော်နီ တို့က ဒင်္ဂါး ၁ဝ တင်းအကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့သည့် ဘားဝပ်ကျောင်းမှာ ကျောင်းတိုင် ပေါင်း ၁၆၅ တိုင်၊ ကျောင်းခန်းပေါင်း ၁၆၅ ခန်း၊ အရှေ့အနောက် အလျား ၁၂၈ ပေ၊ တောင်မြောက်အနံ ၆၇ ပေ၊ အမြင့် ၁၁၄ ဒသမ ၉ ပေ ( မြေပြင်မှ အဆောင်မအထိ အမြင့် ၃၉ ဒေသမ ၉ ပေ၊ ပြာသာဒ်
အမြင့် ၇၅ ပေ၊ လှေကားထစ် ၁၂ ထစ်ပါ လှေကား ခြောက်စင်း (တောင်ဘက် အရပ်၌ လှေကားသုံးစင်း၊ မြောက်ဘက်အရပ်၌ လှေကားသုံးစင်း) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။
''မြောက်ဘက်ကကြည့်ရင် ပိုဆိုးတယ်။ သွပ်အမိုးတွေက လုံးလုံးလန်ကုန်လို့လေ။ လုံးလုံးပျက်စီး သွားရင်တော့ ယဉ်ကျေးမှုအမွေအနှစ်က ဆုံးရှုံး သွားမယ်'' ဟု ဒေသခံ ကိုဝင်းလှိုင်က သူ၏အမြင်ကို
ပြောပြသည်။
ကျောင်းတော်ရာ၌ မြတ်စွာဘုရားတရားဟောနေစဉ် တရားနာနေသည့် ဖားငယ်လေးတစ်ကောင်မှာ နွားကျောင်းသားတစ်ယောက်၏ နှင်တံထောက်မိသေဆုံး၍ ဖားနတ်သားဖြစ်ရသည့် အတိတ်အကြောင်းရှိခဲ့ပြီး ဖားငယ်တရားနာသည့်နေရာတွင် ကျောင်းကိုဆောက်လုပ်ခဲ့သည့်အတွက် 'ဖားဝပ်ကျောင်း' ဟုလည်းကောင်း၊ မဏိစည်သူမင်းကြီး တည်ထားခဲ့သည့် ဘားဝပ်ဘုရားကိုအစွဲပြု၍ 'ဘားဝပ်ကျောင်း' ဟုလည်းကောင်း ယုံကြည်မှုအပေါ် အခြေခံ၍ ခေါ်ဆိုမှုများ ရှိကြသည်။
ဝါတွင်းကာလနှင့် နွေဦးရာသီ ရွှေစက်တော်ဘုရားပွဲတော်ချိန်ကာလများ၌ စန္ဒကူးနံ့သာကျောင်း တော်ရာဘုရားကြီးသို့ ဘုရားဖူးလာပြည်သူများကာ ကြုံကြိုက်သည့်အတွက် ဘားဝပ်ကျောင်းကို ဝင်ရောက်လေ့လာကြကြောင်း၊ ကျောင်းကြီးအား ဝါတော် ၁၅ ဝါခန့်ရှိ ရဟန်းပျိုများနှင့် ဒေသခံများက စောင့်ရှောက်နေပြီး ကျောင်းအတွင်း ယဉ်ကျေး
လိမ္မာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ သင်ကြားပို့ချပေးနေကြောင်း ဒေသခံ ကိုမျိုးကျော် ထံမှ သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment