Wednesday, September 5, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပ

Image may contain: 1 person

နေပြည်တော် စက်တင်ဘာ ၎
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခုဆွေးနွေးခြင်းနှင့် ချေးငွေနှစ်ခု ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံ သဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ တိုင်းပြည်ဖြစ်သည့်အတွက် စီးပွားရေးအခြေခံအဆောက်အအုံများကို လိုငွေပြ ဘတ်ဂျက်နှင့် တည်ဆောက်နေရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့ လူမှုရေးအခြေခံအဆောက်အအုံအပြင် တိုင်းပြည်၌ လိုအပ်နေသည့် လျှပ်စစ်မီးလင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက် အအုံများ တည်ဆောက်ရန် ဘတ်ဂျက်လိုငွေများကို နိုင်ငံပိုင်သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှရရှိသည့် ငွေကြေးအမြောက်အမြားကို အသုံးပြုခြင်းဖြင့် ဘတ်ဂျက်လိုငွေကို လျော့နည်းစေပြီး တိုင်းပြည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်း ကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်ပိုင် စီးပွားရေးအခန်းကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့်
စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် တိုက်တွန်းအကြံပြု
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေ ထွက်ငွေနှင့် အမြတ် ရရှိငွေ စုဆောင်းထားရှိမှုအခြေအနေကို ခြုံငုံသုံးသပ်ကြည့်ပါက အမြတ်ရရှိသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများသည် အမြတ်၏ ၂ဝ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲထည့်ဝင်ကြပြီး အမြတ်၏ ၈ဝ ရာခိုင်နှုန်းကို မိမိတို့လုပ်ငန်းတစ်ခုစီ၏ ကိုယ်ပိုင်ဘဏ်စာရင်းတွင် စုဆောင်းထားရှိနိုင်ကာ အရှုံးပေါ်နေသည့်လုပ်ငန်းများ၏ လိုအပ်ငွေများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ကျခံသုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မှ သိမ်းဆည်းထားရှိနိုင်သည့် ငွေပမာဏနှင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးမည့် ငွေပမာဏကို လုပ်ငန်းတစ်ခုစီ၏ မဟာဗျူဟာလိုအပ်ချက်အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ခြင်းအပါအဝင် နိုင်ငံတော်ပိုင် စီးပွားရေးအခန်းကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အလုံးစုံ ပြုပြင်ပြောင်းလဲမှု စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းအကြံပြုပါကြောင်း ဆွေးနွေးသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ယခုနှစ်တွင် ပြည်ထောင်စု၏ သုံးစွဲငွေ သည် ငွေကျပ် ၂၄၉၅၄ ဘီလီယံကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့် ချေးငွေသည် ၂၁၆ဝ ဘီလီယံကျော်သာရှိခြင်း ကြောင့် ပြည်ထောင်စုအသုံးစရိတ်၏ ၈ ဒသမ ၆၅ ရာခိုင်နှုန်းခန့်သာ ရှိသည် ကိုတွေ့ရပါကြောင်း၊ နှစ်စဉ်လည်း ၁ဝ ရာခိုင်နှုန်းအောက်၌သာရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ ယခုကဲ့သို့ အခြေအနေများကြောင့် ပြည်နယ်နှင့် ပြည်မဖွံ့ဖြိုးတိုးတက်မှုသည် အလှမ်းပိုကွာဝေးလာသည်ကို မြင်တွေ့ရပါ ကြောင်း။
ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘတ်ဂျက်ခွဲဝေမှု မညီမျှမှုဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗဟိုချုပ်ကိုင်မှုများလွန်းနေခြင်းကြောင့်ဟု ယူဆပါကြောင်း၊ ပညာရေး၊ ကျန်းမာ ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာနှင့် ဆည်မြောင်း၊ နယ်စပ်ရေးရာ စသည့် ဝန်ကြီးဌာနများသည် မူလတန်းကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာချင်း ဆက်လမ်း၊ ရေတွင်းရေကန်များအပါအဝင် ငွေကျပ်သိန်း ၁ဝဝ အောက် လုပ်ငန်းအသေးလေးများပါ ဝန်ကြီးဌာန၏ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံ ကြသည်ကို တွေ့ရပါကြောင်း ဆွေးနွေးသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးတင်အောင်ထွန်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ လင်းလင်းကျော်၊ ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်ဗဲလ် (ခေါ်) ဆလိုင်းရန်းဗယ်နှင့် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးတို့ကလည်း ဆွေးနွေးကြသည်။
IFAD ထံမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD)ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ် များအတွက် ယခုကဲ့သို့ချေးငွေဖြင့် စီမံကိန်းများဖော်ဆောင်ပေးသည့် နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ယခုချေးငွေသည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဝန်ဆောင်ခ သုည ဒသမ ၇၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလ ၁ဝ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃ဝ ဖြစ်သည့်အတွက် ချေးငွေ သက်တမ်းနှစ် ၄ဝ ဖြစ်ပါကြောင်း၊ စီမံကိန်းသည် ချေးငွေအပါအဝင် စီမံကိန်း တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ဝ ဒသမ ၂၅ သန်းကုန်ကျမည်ဟု သိရှိရပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ယခုချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန်လိုမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်ခအား မည်သည့်အဖွဲ့အစည်းကို ပေးဆောင်ရမည်ကို ပြည်သူများကို အသိပေးရန်လိုအပ်ပါကြောင်း ဆွေးနွေး သည်။
ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်က စီမံကိန်းဖော်ဆောင်ရာ တွင် အလေအလွင့်မရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်း၊ စီမံ ကိန်းကို သတ်မှတ်ချက်ကာလအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အမြန် ဆုံးပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းချေးငွေမှာ အတိုး နှုန်းသက်သာပြီး ဝန်ဆောင်မှုစရိတ်နည်းပါးသည့်အတွက် ကောင်းမွန်ပါကြောင်း၊ စီမံကိန်းကြောင့် လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ပြီး အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသဖြင့် ချေးငွေရယူခြင်းကိုထောက်ခံပါကြောင်း ဆွေးနွေး သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင် ဝင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူနှင့် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဒေါက်တာကျော်ငွေတို့ကလည်း ဆွေးနွေးကြသည်။
ကိုရီးယားသမ္မတနိုင်ငံ EXIM Bank of Korea ထံမှ
EDCF ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတ နိုင်ငံ EXIM Bank of Koreaထံမှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင် နိုင်ရန်၊ စက်မှုကဏ္ဍတိုးတက်စေရန် မြေဧက ၆ဝဝ ခန့်ပေါ်တွင် ဆောင်ရွက် မည့် ညောင်နှစ်ပင်သင်တန်းကျောင်းစီမံကိန်းသည် ကိုရီးယားနိုင်ငံကို ဖွံ့ဖြိုး တိုးတက်စေရာတွင် အရေးပါသည့်အခန်းကဏ္ဍပုံစံအတိုင်း အတုယူဖော်ဆောင် မည့်စီမံကိန်းဖြစ်သည့်အတွက် အခြားစီမံကိန်းကြီးအချို့ကဲ့သို့ ကြန့်ကြာမှုများ မဖြစ်စေလိုပါကြောင်း။
အဆိုပါစီမံကိန်းသည် လူဦးရေ ၆ သန်းနေထိုင်သည့် ရန်ကုန်မြို့နှင့် နီးကပ်စွာ တည်ရှိရုံသာမက မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သည့် နေပြည် တော်၊ မန္တလေးတို့ကို သွားရောက်ရာလမ်းနှင့် အဆင်ပြေအောင် စီမံဆောင်ရွက် မည်ဆိုလျှင် ရန်ကုန်လေဆိပ်သို့ နာရီဝက်ဖြင့် ရောက်ရှိနိုင်ပါကြောင်း၊ ရန်ကုန် ဆိပ်ကမ်းသို့ တစ်နာရီကျော်အတွင်းရောက်ရှိနိုင်သည့် ခရီးအကွာအဝေးဖြစ် သည့်အတွက် ကိုရီးယားနှင့် မြန်မာပြည်ရှိ ကုမ္ပဏီများ အပြန်အလှန် ဈေးကွက် ထဲ ဝင်ရောက်လာနိုင်ခြေရှိသောကြောင့် အကောင်အထည်ဖော်သင့်သည့် စီမံကိန်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တိုးလွင်က စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ် အထိ ၃ နှစ်ခွဲ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဟု တွေ့ရပါကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ပြည်တွင်းမှ အလုပ်အကိုင်ရရှိရေးနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ပစ္စည်းများ အသုံးပြုရေးအတွက် ပြည်တွင်းကုမ္ပဏီများဖြင့်သာ ဦးစားပေး ဆောင်ရွက်သင့် ပါကြောင်း။
စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်း မှ တစ်သိန်းခန့်အထိ ဖန်တီးပေးနိုင်ခြင်း၊ လှည်းကူးမြို့နယ်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေနိုင်ခြင်းအပြင် နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင်ပါဝင်သည့် စက်ရုံ ၂ဝဝ ခန့်မှ နှစ်စဉ်အခွန်ရငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့်ရရှိနိုင်ခြင်းစသည့် လူမှုရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်သည်ကို တွေ့ရသည့်အတွက် ကောင်းမွန်သည့်စီမံကိန်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ စောနိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင် မင်း၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် လှည်းကူးမြို့နယ်မှ ဦးသိန်းတန်တို့က လည်း ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို စက်တင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment