ရန်ကုန် စက်တင်ဘာ ၎
ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတွင် ပါဝင်မည့် အဖွဲ့ဝင်ကိုယ်စားလှယ်များ ရွေးချယ်ရေးလုပ်ထုံးလုပ်နည်း (မူကြမ်း)ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့Inya Lake Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Mr. Rory Mungoven (ILO, Liaison Officer)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့မှ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ အတွင်းရေးမှူးများ နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
ယခင်က အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များတွင် ပါဝင်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရေးနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းသတ်မှတ်ပြဋ္ဌာန်းထားမှုမရှိသည့်အပေါ် ထိုသို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ထုံးလုပ်နည်းကို ရေးဆွဲသတ်မှတ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများကို ကိုယ်စားပြုသည့် စစ်မှန်သောကိုယ်စားလှယ်များ ရွေးချယ် နိုင်ရေးနှင့် ကိုယ်စားလှယ်များရွေးချယ်ရာတွင် စနစ်တကျ ရွေးချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်များ ရွေးချယ်ရေး လုပ်ထုံး လုပ်နည်း(မူကြမ်း)အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment