Tuesday, September 4, 2018

နိုင်ငံတကာအဆင့်မီ ခရီးသွားဒေသတစ်ခုဖြစ်ပေါ်လာစေရန် ကံကြီးအဆင့်မြင့်ကမ်းခြေအသစ် အကောင်အထည်ဖော်

Image may contain: sky, tree, plant, outdoor and nature
ပုသိမ် စက်တင်ဘာ ၃
နိုင်ငံတကာအဆင့်မီ ကမ်းခြေခရီးသွားဒေသတစ်ခုဖြစ်ပေါ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေနှင့်ငွေဆောင်ကမ်းခြေနှစ်ခုကြားတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဖော်ဆောင်လျက်ရှိသော ကံကြီး (KANGYI) အဆင့်မြင့်ကမ်းခြေအသစ်ဖော်ဆောင်ရေးစီမံကိန်းအား တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ကမ်းခြေအသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်မှ သိရ သည်။
''အခုတည်ဆောက်နေတဲ့ ကံကြီးအဆင့်မြင့်ကမ်းခြေဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အိုကီနာဝါ ကျွန်းရဲ့ ကမ်းခြေအလှတည်ဆောက်မှုကို မှီငြမ်းထားသလို ဂျပန်နိုင်ငံလိုလှပတဲ့ ကမ်းခြေအသစ်တစ်ခု မြန်မာနိုင်ငံမှာ ပေါ်ထွက်လာစေဖို့အတွက် အဆင့်မြင့် ကမ်းခြေတစ်ခုကို ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်၊ အချိန်ကြာလာတာနဲ့အမျှ စီမံကိန်းကြီး ပြီးစီးသွားပြီဆိုရင်တော့ ပြည်တွင်းပြည်ပခရီးသွားများအတွက် ခရီးသွားဒေသနေရာသစ်တစ်ခုဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်၊ ဒါ့အပြင် ဒီချောင်းသာကျေးရွာအုပ်စုနဲ့ အနီးဝန်းကျင်က ဒေသခံပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်ပါတယ်၊ ဒီကံကြီးအဆင့်မြင့်ဟိုတယ်မှာ တည်းခိုတဲ့ ခရီးသွားများအတွက် ကမ်းခြေ တစ်လျှောက်မှာစိတ်အပန်းပြေစေဖို့အတွက်ကို Boat Club အစီအမံပါဝင်တာကြောင့်  ခရီးသွားများအနေနဲ့ Boat အမျိုးမျိုးကို ရွေးချယ်စီးနင်းနိုင်ကြမှာဖြစ်ပါတယ်။ ပြီးတော့ အခြားပျော်ရွှင်ဖွယ်ရာကစားနည်းမျိုးစုံကိုပါ ထည့်သွင်းဆောင်ရွက်ထားပါတယ်'' ကံကြီးအဆင့်မြင့် ကမ်းခြေသစ်တည်ဆောက်ရေးမှ အထွေထွေမန်နေဂျာ ဒေါ်ခမ်းလျှံဦးက ပြောသည်။
အဆိုပါ ကံကြီးအဆင့်မြင့်ကမ်းခြေတည်ဆောက်ရေးစီမံကိန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်Myanmar Global Business Association မှ လွန်ခဲ့သောငါးနှစ်ခန့်က လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၂၁ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းအားလုံး အပြီးသတ်တည်ဆောက် သွားရန် စီမံထားကြောင်းလည်း သိရသည်။အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကံကြီးအဆင့်မြင့်ကမ်းခြေစီမံကိန်းမှာ ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ်၊ ချောင်းသာကျေးရွာအုပ်စုရှိ ကံကြီးကျေးရွာနှင့် ကညင်
ကွင်းကျေးရွာနှစ်ခုကြားတွင် တည်ရှိနေပြီး ချောင်းသာကမ်းခြေသွားသည့်လမ်းအတိုင်း ဆိတ်ကြီးရွာအနီး ဥတိုချောင်းမရောက်မီ
မိုင်တိုင် (၂၆) မှ လမ်းခွဲကာ (၁၁) မိုင်ခန့်အကွာအဝေးရှိသော ကိုယ်ပိုင်ဖောက်လုပ်ထားသည့်လမ်းခွဲမှ လာရောက်ရမည်ဖြစ်သည်။
ချောင်းသာကမ်းခြေ အငူစွန်းမှလည်း ရေယာဉ်ဖြင့် ၁ဝ မိနစ်ခန့်အကြာစီးကာ ထိုကမ်းခြေအသစ်သို့ ရောက်ရှိစေမည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို Kangyi Paradise Resort & Boat Club နှင့် Kangyi Villa အမည်ဖြင့် စုစုပေါင်းမြေဧက ၃ဝ အကျယ်ပေါ်တွင် အပိုင်းသုံးပိုင်းခွဲ၍ ဖော်ဆောင်လျက်ရှိကြောင်း ကမ်းခြေအသစ်တည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။
ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment