Tuesday, September 4, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်တွင်းနှင့် ဖြူးရှိ ကျေးရွာများ ရေဝင်ရောက်မှုအခြေအနေ ကြည့်ရှု

Image may contain: one or more people, outdoor and water
အုတ်တွင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာ ရေဝင်ရောက်မှုအခြေအနေကို သွားရောက်ကြည့်ရှုပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ကျွဲပွဲမြို့ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရန်ကုန်မြို့ လမ်းမတော်ဆုံစည်းရာ ပရဟိတလူငယ်များအဖွဲ့က လာရောက်လှူဒါန်းသော ဆန် ရိက္ခာနှင့် ရေသန့်ဘူးများအား ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြပြီး ကျွဲပွဲ-မြို့စိုး စစ်တောင်းမြစ်ကူးတံတား ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှု
စစ်ဆေးကြကြောင်း သိရသည်။
စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အုတ်တွင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ ၁၄၆ဝ ရှိကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်ရှိ လက်ပံခုန်ကျေးရွာ ရေဝင်ရောက်မှုအခြေအနေကို သွားရောက်ကြည့်ရှုကြပြီး ဖြူးမြို့နယ်အတွင်း သစ်ချောက်ခင်၊ အုတ်ဖြတ်၊ ဘန်းလောင်၊ ကညင်ဒိုင်း စသည့်ကျေးရွာအုပ်စု လေးအုပ်စုမှ ရှားပင်
ရှောင်၊ ရေဦး၊ လက်ပံခုန်၊ သောင်ပု(ရွာသစ်)၊ အုတ်ဖြတ်၊ ဘန်းလောင်၊ လက်ပံတန်း၊ ကျောက်စောင်း၊ ငှက်ပျောတော၊ ကညင်ဒိုင်းကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ အဆိုပါကျေးရွာများမှ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၃၆၇ ဦး ရေဘေးသင့်ခဲ့သော်လည်း ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီခိုလှုံလျက်ရှိကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ် ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးတောင်နှင့် ဝဲကြီးမြောက် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးတံတား ရေဖြတ်ကျော်စီးဆင်းနေမှုကို သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါတံတားသည် အရှည် ၁၈၅ ပေရှိ သစ်သားတံတားဖြစ်ပြီး ကျေးရွာသူ ကျေးရွာသားများက ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားသော ကျေးရွာချင်းဆက်တံတားဖြစ်ပြီး ယခုအခါ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် တံတားမှာ ရေနစ်မြုပ်လျက်ရှိသည်။
တံတားရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ကျေးရွာသူကျေးရွာသားများက ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် တင်ပြတောင်းဆိုကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများအား တွက်ချက်တင်ပြရန်လမ်းညွှန်မှာကြားခဲ့ပြီး တံတားတွင်ကပ်နေသည့် အမှိုက်များ ဆယ်ယူလုပ်အားပေးနေသည့်အဖွဲ့အား အလှူငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူး-အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)လျာထားတံတားအူကြောင်းနေရာအား သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်ထွန်းက ရှင်းလင်းတင်ပြခဲ့ကြောင်း
သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment