Tuesday, September 4, 2018

မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာစီမံချက်၏ဒေသတွင်း ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေး

Image may contain: 7 people, people sitting, table and indoor
ရန်ကုန် စက်တင်ဘာ ၃
မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာစီမံချက်၏ ဒေသတွင်း ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပဋိဇီဝဆေးယဉ်ပါးမှု ဆိုင်ရာပြဿနာသည် ယခုအခါ ကမ္ဘာ့ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် တည်ရှိ နေပါကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ကျန်းမာ ရေးဆိုင်ရာအဖွဲ့အစည်း (WHO) မှ the Global Action Plan on Antimicrobial Resistance (GAP) ကို ၂ဝ၁၅ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် CLMV နိုင်ငံများအတွင်းတွင်လည်း သက်ဆိုင်ရာအစိုးရများ၏ ထောက်ခံ အားပေးမှုများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ မဲခေါင် မြစ်ဝှမ်း ဒေသတွင်းနိုင်ငံများအနေ ဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ တူညီသောပြဿနာနှင့် စိန်ခေါ်မှု များကို အတူပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ပဋိဇီဝ ဆေးများကို လူ၊ တိရစ္ဆာန်နှင့် စိုက်ပျိုး ရေးလုပ်ငန်းများတွင် မဆင်မခြင် အသုံးပြုရာမှ ဖြစ်လာသော ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာ ပြဿနာကို အသိပညာပေးခြင်း၊ စောင့်ကြည့် ကြပ်မတ်စစ်ဆေးခြင်း၊ စနစ်တကျ အသုံးပြုစေခြင်း၊ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်းနှင့် သုတေသန လုပ်ခြင်းစသည့် နည်းဗျူဟာများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကာ အမျိုးသားအဆင့် ပဋိဇီဝဆေး ယဉ်ပါးမှုတိုက်ဖျက်ရေးကော်မတီကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ စတင် ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊National Multi - sectorial Steering Committee for Combating AMR(NMSC)၊ နိုင်ငံ အတွင်း ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးညှိနှိုင်းမှု ဗဟိုဌာန (National Coordination Centre- NCC) ကို အမျိုးသားကျန်းမာရေး ဆိုင်ရာဓာတ်ခွဲဌာနတွင် ထားရှိကာ နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို သြဂုတ်လ အတွင်းက အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲမှရရှိလာသော နည်းပညာ များကို လက်တွေ့အတူတကွ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် လိုအပ်ပါကြောင်း ပြောကြား သည်။
အဆိုပါအစည်းအဝေးတွင် မဲခေါင် မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှု ဆိုင်ရာစီမံချက်၏ ဒေသတွင်းပဋိဇီဝ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး နည်း ဗျူဟာများ၊ နိုင်ငံအလိုက် ဦးစားပေး ဆောင်ရွက်ကြမည့် လုပ်ငန်းများနှင့် ဆက်စပ်အဖွဲ့အစည်းများအတွင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင် မည့် နည်းလမ်းများကို အတည်ပြုချက် ရယူကြမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့မှ တာဝန်ရှိ သူများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို စက်တင်ဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကြည်

No comments:

Post a Comment