Tuesday, September 25, 2018

မြန်မာ့ရွှေကို ကမ္ဘာ့ရွှေဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းစင်တာ ဖွင့်လှစ်

Image may contain: 6 people, people smiling, people standing and indoor
ရန်ကုန် စက်တင်ဘာ ၂၄
မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းဆိုင်ရာ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ One Stop Service Centre (OSSC)ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ ယနေ့ နံနက် ၁ဝ နာရီက စတင်ဖွင့်လှစ်လိုက်သည်။
''မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အရင်က တရားမဝင်နည်းလမ်းနဲ့ သွားနေတာဖြစ်ပါတယ်။ အခုချိန်ကစပြီးတော့ မြန်မာ့ ရွှေတွေကို တရားဝင်ချိတ်ဆက်ပြီးတော့ပို့ပါမယ်။ မြန်မာ့ဈေးကွက်နဲ့ ကမ္ဘာ့ရွှေ ဈေးကွက်လည်း ချိတ်ဆက်သွားမယ်။ အခုလောလောဆယ် မြန်မာနိုင်ငံက ထွက်သမျှရွှေတွေက သူများတံဆိပ်နဲ့ပြောင်းပြီးတော့ သက်ဆိုင်ရာဈေးကွက်မှာ ရောင်းနေရပါတယ်။ နောင်တစ်ချိန်ကျရင် ရှန်ဟိုင်းဈေးကွက်၊ ဒူဘိုင်းဈေးကွက်၊ ထိုင်းဈေးကွက် အကုန်လုံးမှာ မြန်မာတံဆိပ်၊ မြန်မာစာနဲ့ မြန်မာ့ရွှေတွေ နိုင်ငံခြားဈေးကွက်ကို ရောက်ရှိသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ''ဟု မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာရဲသူအောင်က ပြောသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ''မြန်မာ နိုင်ငံမှာက ရွှေသယံဇာတထွက်ပေမယ့် ဈေးကွက်မရှိတော့ သူများနိုင်ငံ ဈေးကွက်ကို အားကိုးနေရတယ်။ တချို့ဖြစ်တဲ့ဈေးနဲ့ နယ်စပ်မှာရောင်းနေရတယ်။ ရွှေသယံဇာတထွက်ပေမယ့် ပြည်သူလူထုအတွက် ထင်သလောက် အကျိုးရှိရှိ အသုံးချလို့မရခဲ့ဘူး'' ဟု ပြောသည်။
ယခင်က မြန်မာ့ရွှေများကို တရားမဝင်တင်ပို့ရောင်းချခြင်းများကြောင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးမှုများရှိခဲ့ကြောင်း One Stop Service Centre ကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်အတွက် အခွန်အခများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်ရောက်လာနိုင်ကာ နိုင်ငံခြားငွေကိုလည်း ရှာဖွေပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းမှ သိရသည်။
''အရင်ကရွှေကို Export လုပ်နေတဲ့ပုံစံက တရားမဝင်ပဲသွားတယ်။ တရုတ်ပြည်က နီးတယ်။ လွယ်တယ်။ လာလို့ရတဲ့အခါကျတော့ တရုတ်ပြည်ဘက် အကုန်ထွက်ကျတယ်။ အရင်တုန်းက တရုတ်ဈေးကွက်ပေါ်မူတည်ပြီး မြန်မာ့ ရွှေဈေးကွက် အပြောင်းအလဲဖြစ်တယ်။ ပြည်တွင်းအခြေအနေပေါ် မူတည် ပြီးလည်း အပြောင်းအလဲဖြစ်တယ်။ ဒါမျိုးနဲ့ သွားနေတာ။ ငွေတွေကလည်း ပြည်တွင်းကို ပြန်ဝင်မလာဘူး။ နယ်စပ်မှာပဲ ယွမ်အနေနဲ့ ပျောက်သွားတဲ့ အနေအထားပေါ့။ OSSC လုပ်လိုက်တော့Export ပို့ချင်တဲ့သူက လောလောဆယ် တရားဝင် လာလျှောက်လို့ရတယ်။ Export Duty က သုညရှိတယ်။ ကြိုတင်ခွန် က နှစ်ရာခိုင်နှုန်းပဲ ဆောင်ရတယ်။ ကုန်သည်ရဲ့သဘောက မြတ်မှပေးရမယ့် သဘောပေါ့။ မြန်မာနိုင်ငံကို သန်းနဲ့ချီပြီး ဒေါ်လာတွေ ပြန်ဝင်လာမယ့် အနေ ထားမှာရှိမယ်။ အစိုးရပိုင်းအနေနဲ့လည်း အရင်က ဝင်ငွေလုံးဝမရဘူး။ လက်ရှိ အနေအထားမှာ တရားဝင်တင်ပို့ပြီဆိုရင် အစိုးရအတွက် အခွန်ဝင်ငွေတိုး တက်လာမယ်''ဟု မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာရဲသူအောင်က ပြောသည်။
One Stop Service Centre မှ ရွှေဈေးနှုန်းအတည်ပြုမှုကို နိုင်ငံတကာ ရွှေဈေးနှုန်း စံသတ်မှတ်ချက်နှင့် ပြည်တွင်းရွှေဈေးနှုန်းတို့ပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း ရွှေနှင့်လက်ဝတ်ရတနာများ တင်ပို့၊ တင်သွင်းမှုများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ပြီး ဈေးကွက်အခြေ အနေအရ ထိန်းကွပ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း OSSC မှ သိရသည်။
ယနေ့ပြုလုပ်သည့် One Stop Service Centre ဖွင့်ပွဲကို တက်ရောက် ဖွင့်လှစ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''One Stop Service Centerသည် တင်းကျပ်ရန်မဟုတ်ကြောင်း၊ ကြိုးနီစနစ်လိုမျိုး ယန္တရားလုပ်ရန် မဟုတ်ကြောင်း၊ ချက်ချင်းဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန် အတွက်ဖြစ်ကြောင်း၊One Stop Service Centerသည် လွယ်လွယ်ကူကူ ရောင်းဝယ်နိုင်သည့် အခြေအနေတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လည်း အကျိုးရှိလာမည်ဖြစ်ကြောင်း ပြောသည်။
One Stop Service Centerတွင် အကောက်ခွန်ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဌာန၊မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းနှင့် ဆက်စပ်အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ပြီး တင်သွင်း၊ တင်ပို့ သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း OSSC မှ သိရသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်မှစပြီး ရွှေဈေးကွက် ဖွံ့ဖြိုးလာခဲ့ ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွတ်လပ်သော ကုန်သွယ်ခွင့်ကို ယခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အပြီးသတ် တင်ပို့၊ တင်သွင်းခွင့်ကို စက်တင်ဘာ ၃ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment