Saturday, September 1, 2018

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်း ဖွင့်ပွဲတက်ရောက်

Image may contain: 1 person, standing
မန္တလေး သြဂုတ် ၃၁
မူလတန်းပညာပြီးမြောက်စေရန် ဒုတိယအကြိမ်အခွင့်အရေးအဖြစ် သင်ကြားပေးသည့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များသာမက ရပ်ကွက်၊ကျေးရွာများအားလုံးကပါ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြစေလိုကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၃ဝ ရက်ကကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
''ပထမအကြိမ် အခွင့်အရေးဖြစ်တဲ့ အသက်ငါးနှစ်နဲ့ ကိုးနှစ်အရွယ်မှာ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးမြောက်အောင် သင်ကြားနိုင်ခဲ့ခြင်းမရှိတဲ့ ကျောင်းလုံးဝမနေဖူးသူတွေနဲ့ ကျောင်းနေသော်လည်း ပြီးဆုံးအောင် မနေရဘဲ ကျောင်းထွက်သွားခဲ့ရတဲ့ အသက် ၁ဝ နှစ်နဲ့ ၁၄ နှစ်အရွယ်အတွင်းရှိတဲ့ ကလေးတွေကို ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့အနေနဲ့ နှစ်နှစ်အတွင်း မူလတန်းအဆင့်ပြီးမြောက်အောင် ကျောင်းပြင်ပပညာရေးနည်းလမ်းနဲ့ သင်ကြားပေးတဲ့အစီအစဉ်မှာ ပညာရေးဝန်ထမ်းတွေသာမက ဒီလုပ်ငန်းစဉ်မှာ ပါဝင်သူအားလုံး ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ မှာကြားလိုပါတယ်'' ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းကြိုင်က နိုင်ငံသားတိုင်းသည် အနည်း
ဆုံး အခြေခံပညာမူလတန်းအဆင့် သို့မဟုတ် ၎င်းအဆင့်နှင့်ညီမျှသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ပညာရေးဝန်ကြီး
ဌာနမှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်အစိုးရမှလည်း ပညာ
ရေးလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ကို တိုးချဲ့ဖွဲ့စည်းပေးကာ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ယခင်ကထက် ပိုမိုပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကျောင်း
ပြင်ပ မူလတန်းပညာရေးလုပ်ငန်းများအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် အခြေစိုက်စခန်းပေါင်း ၃၂ ခုဖွင့်
လှစ်ထားပြီး သင်တန်းဆရာ ၄၂ ဦးတို့က Level -1တွင် သင်တန်းသားဦးရေ ၂၉၃ ဦးနှင့် Level -2တွင် သင်တန်းသားဦးရေ ၃ဝ၇ ဦး စုစုပေါင်း သင်တန်းသားဦးရေ ၆ဝဝ ကို သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ ကျောင်းနေအရွယ်၌ မူလတန်းပညာ ပြီးဆုံးအောင် အကြောင်းအမျိုးမျိုးကြောင့် သင်ကြားခွင့်မရခဲ့၍ စာမတတ်သူပေါင်းသည် နိုင်ငံလူဦးရေ၏ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းရှိနေပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ အသက် ၁ဝ နှစ်မှ ၁၅ နှစ်အရွယ်အတွင်းရှိ ကလေးစုစုပေါင်း ၄၈ သိန်းကျော်တွင် ကျောင်းနေအရွယ်ကလေး ၄၅ သိန်းကျော်ရှိပြီး စာမတတ်သူကလေးပေါင်း ၂၇၇ဝဝဝ ကျော် ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၇ ရာခိုင်နှုန်းရှိနေကြောင်းနှင့် ၎င်းတို့အနက် ယောက်ျားလေးဦးရေမှာ ၅၆ဝဝဝ ကျော်ရှိပြီး မိန်းကလေးဦးရေမှာ ၂၂ဝဝဝဝ ကျော်ရှိနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment