Saturday, September 1, 2018

အာဖရိကအရှေ့ဒေသရှိ ကင်ညာနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် ဗြိတိန်ကတိပြု

Image may contain: 4 people, people standing
နိုင်ရိုဘီ သြဂုတ် ၃၁
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီစာမေသည် အာဖရိကတိုက် အရှေ့ပိုင်းဒေသ၏ စီးပွားရေးအချက်အချာနိုင်ငံဖြစ်သော ကင်ညာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ ဝန်ကြီးချုပ်မေသည် နှစ်ပေါင်း ၃ဝ ကာလအတွင်း ကင်ညာနိုင်ငံသို့ရောက်ရှိလာသည့် ပထမဆုံးသော ဗြိတိန် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ယနေ့ပြောကြားသည်။
အာဖရိကတိုက်သို့ လာရောက်သည့် သုံးနိုင်ငံခရီးစဉ် ၏ နောက်ဆုံးခရီးတစ်ထောက်နိုင်ငံအဖြစ် ကင်ညာနိုင်ငံ သို့ ရောက်ရှိလာသော ဝန်ကြီးချုပ်မေသည် သမ္မတအူဟူရူ ကင်ယက်တာနှင့် မြို့တော်နိုင်ရိုဘီ၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။
မိမိတို့နိုင်ငံသည် ကင်ညာနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်မေက ကတိ ကဝတ်ပြု ပြောကြားသည်။
ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ)မှ နုတ်ထွက် ပြီးပါက အီးယူပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေး မြှင့်တင်သွားရန် ရည်မှန်းချက်နှင့်အညီ ကင်ညာအပါအဝင် အမေရိကန်နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်မည်ဖြစ်သည်။
ဗြိတိသျှ ကိုလိုနီနယ်မြေဟောင်းဖြစ်သော ကင်ညာ နိုင်ငံသည် ဗြိတိန်နိုင်ငံ၏ အရှေ့အာဖရိက မဟာမိတ်နိုင်ငံ ဖြစ်သည်။ ဗြိတိန်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့သည် ကင်ညာ တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်ပေးမှုကို နှစ်ပေါင်း ကြာရှည်ပြုလုပ်လာခဲ့သည်။
ဝန်ကြီးချုပ်မေသည် မြို့တော်နိုင်ရိုဘီရှိ ဗြိတိန် တပ်ဖွဲ့ဆီသို့ အလည်အပတ်သွားရောက်ခဲ့သည်။ အဆိုပါ ဗြိတိန်တပ်ဖွဲ့သည် ဆိုမာလီနိုင်ငံ၌ အာဖရိကသမဂ္ဂက ဆောင်ရွက်နေသော ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် ဒေသဆိုင်ရာ တပ်ဖွဲ့ဝင်များကို လေ့ကျင့် ပေးလျက်ရှိသည်။ ဆိုမာလီနိုင်ငံ၌ အယ်လ်ခိုင်ဒါအဖွဲ့ နှင့်ဆက်နွှယ်မှုရှိသော အယ်လ်ရှာဘတ် အစွန်းရောက်အဖွဲ့ ၏ ခြိမ်းခြောက်မှုရှိနေသည်။
အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် လုပ်ငန်းအတွက် ရန်ပုံငွေသစ် ပေါင် ၇ သန်း (ဒေါ်လာ ၉ ဒသမ ၁ သန်း) ထောက်ပံ့ရန်လည်းကောင်း၊ မိုးခေါင်မှု ဒဏ်ခံစားနေရသော အိမ်နီးချင်းဆိုမာလီယာနိုင်ငံအတွက် ပေါင် သန်း ၆ဝ ထောက်ပံ့ပေးရန်လည်းကောင်း၊ ဆိုမာလီအစိုးရ၏ လုံခြုံရေးအသုံးစရိတ်အတွက် ပေါင် ၂၅ သန်း ထောက်ပံ့ပေးရန်လည်းကောင်း ဝန်ကြီးချုပ်မေက ထုတ်ပြန်ကြေညာခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment