Saturday, September 1, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Image may contain: 3 people, people sitting, table and indoor
စစ်တွေ သြဂုတ် ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ သည် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များအား ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုခရီးစဉ်တွင် အားလုံးချောချောမွေ့မွေ့ဖြစ်သည်ဟု ကြားသိရ၍ ဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်ကို ယခုလို ကော်မရှင်အနေဖြင့် လာရောက်လေ့လာသည့် အတွက် အထူးပင်ဂုဏ်ယူပါကြောင်း၊ ယခု ခရီးစဉ်တွင် ရခိုင်ပြည်နယ်၏ ရေမြေသဘာဝ၊ ရာသီဥတု အခြေအနေ နှင့် သမိုင်းအစဉ်အလာကြီးမားသည့် ယဉ်ကျေးမှုနယ်မြေ များကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရမှုအပေါ် ကျေနပ် လိမ့်မည်ဟု ထင်မြင်ပါကြောင်း။
ဤဒေသတွင် မမျှော်လင့်ဘဲ ပဋိပက္ခများ ဖြစ်ပေါ် ခဲ့ရသည့်အပေါ် နိုင်ငံတော်အကြီးအကဲများ၊ ပြည်နယ် အစိုးရအပါအဝင် ဒေသခံပြည်သူများ စိတ်မကောင်း ဖြစ်ခဲ့ရပါကြောင်း၊ လူကြီးမင်းတို့လည်း ထိုအခြေအနေကို လေ့လာသိရှိပြီးဖြစ်သည့်အတွက် အမှန်တရားကို သိမြင် နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိမှာ မိမိတို့အနေဖြင့် အကောင်းဆုံးကြိုးစားလုပ်ဆောင်နေသလို အနာဂတ်တွင် လည်း ယခုထက်ကောင်းမွန်သော အခြေအနေဖြစ်လာရန် မျှော်လင့်ပါကြောင်း၊ ယခုလို လာရောက်သည့် ကော်မရှင် အနေဖြင့်လည်း ဒေသဖွံ့ဖြိုးမှုအတွက် အထောက်အကူ အများကြီးဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ထို့နောက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များအား ရခိုင်ဒေသအတွင်း ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ အပါအဝင်၊ ယခင်နှစ်များက ဖြစ်ပေါ်ခဲ့သော ARSA အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လက်ရှိလက်ခံရေးစခန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားရှိမှုများကို လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌက ယခုလို ရခိုင်ပြည်နယ် မောင်တော ဒေသနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပေးသော ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများအား အထူးကျေးဇူး တင်ရှိပါကြောင်း၊ ယခုခရီးစဉ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခ နှင့်ပတ်သက်ပြီး မြေပြင်သို့ ပွင့်လင်းမြင်သာစွာ သွားရောက် ကြည့်ရှုခဲ့ရကြောင်း၊ ဒေသခံပြည်သူများနှင့်လည်း တရင်း တနှီးတွေ့ဆုံခွင့်ရခဲ့ကြောင်း၊ အခုလို တွေ့ဆုံခွင့်ရ၍လည်း အထူးဝမ်းသာ ကျေနပ်မိပါကြောင်း၊ ကော်မရှင်အဖွဲ့ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ မျှတသည့်အဖွဲ့ဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က UEHRDလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့အား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားကြသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment