
အီရတ်နိုင်ငံတောင်ပိုင်း ရေနံမြေတည်ရှိရာ ဘာဆရာ ပြည်နယ်၌ ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်အတွင်း အစိုးရရုံး တစ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ စက်တင်ဘာ ၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အဆောက်အအုံအနီး အကြမ်းဖက်ဆူပူမှုများ ဖြစ်ပွားခဲ့ရာတွင် လူခြောက်ဦးထက် မနည်း သေဆုံးခဲ့ရပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အစိုးရရုံးတစ်ရုံးကို ဆန္ဒပြသူများက မီးရှို့ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ အဓိကရုဏ်းများကြောင့် ထိခိုက်ဒဏ်ရာရသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။
ယခုအချိန်အထိ အခြေအနေမှာ တင်းမာနေဆဲဖြစ် ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို လူစုခွဲနိုင်ရေးအတွက် ကျည်ဆန်အစစ်နှင့် မျက်ရည်ယိုဗုံး တို့ကို အသုံးပြု လုပ်ဆောင်ခဲ့ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။
အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီက ဝန်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီး ဆန္ဒပြ မှုများနှင့် ပတ်သက်၍ ချက်ချင်းစုံစမ်းစစ်ဆေးရန် ပြည်ထဲ ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့သည်။
အီရတ်နိုင်ငံတောင်ပိုင်း၌ အစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ညံ့ဖျင်းနေသည်ဟုဆိုကာ ပြည်သူများ ဆန္ဒပြမှုများ ပြုလုပ်လာခဲ့ကြသည်မှာ လပေါင်း အတန်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဆန္ဒပြသူများအပေါ် အင်အားသုံး၍ ဖြိုခွင်းခြင်းမပြု ရန် အီရတ်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်၍ အစိုးရအဖွဲ့အား တိုက်တွန်းခဲ့သည်။
ဘာဆရာပြည်နယ်ရှိ နာဟာဘင်အိုမာ ရေနံမြေသို့ ဦးတည်သော လမ်းပေါ်တွင် ပိတ်ဆို့ကာ လူပေါင်း ၂ဝဝ ခန့်က စက်တင်ဘာ ၁ ရက်တွင် ဆန္ဒပြခဲ့ကြသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ညံ့ဖျင်းမှု၊ အလုပ်အကိုင်မဲ့ဖြစ်ရမှု၊ အစိုးရတာဝန်ရှိသူများ အဂတိ လိုက်စားမှုတို့ကို ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြသည်။
အေအက်ဖ်ပီ။
No comments:
Post a Comment