Tuesday, September 4, 2018

အဖျောက်မြို့ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို၍ တစ်ရွာလုံးနီးပါး ပြောင်းရွှေ့နေရ

Image may contain: plant, outdoor, nature and water
တိုက်ကြီး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာ အုပ်စု အေးရွာကျေးရွာတွင် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ဧရာဝတီ မြစ်ကမ်းပါးများ ပြိုကျလျက်ရှိရာ နေအိမ်များ တဖြည်းဖြည်းပြောင်းရွှေ့ရပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ကမ်းပါးများ ဆက်တိုက်ပြိုကျသဖြင့် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
အေးရွာကျေးရွာတွင် အိမ်ထောင်စု ၃ဝဝ ကျော်၊ လူဦးရေ တစ်ထောင် ကျော်၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ အမကစာသင်ကျောင်းတစ်ကျောင်း တို့ကိုပါ ပြောင်းရွှေ့ထားရကြောင်း၊ ပြောင်းရွှေ့ရာတွင်လည်း တစ်ပြိုင်တည်း မဟုတ်ဘဲ ကမ်းပြိုလိုက် ပြောင်းလိုက်နှင့် ယခုဆို တစ်ရွာလုံးနီးပါးပြောင်းရွှေ့နေ ရကြောင်း ဒေသခံများက ပြောသည်။
''ကမ်းပြိုတိုင်းပြောင်းရတာ ငါးကြိမ်လောက်ရှိပြီ၊ ပြောင်းစရာ မြေလည်း ကုန်ပြီ။ အခုတော့ သင်္ချိုင်းကုန်းမြေမှာ နေကြရတယ်။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့တော်ဝန်နဲ့ ဆည်မြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူတွေ လာကြည့်တယ်။ သဲဖြားကျေးရွာ လဟာဇောင်းစားကျက်မြေ လာကြည့်တယ်၊ နေရာရှာပေးမယ်ပြောပြီး ပြန်သွားတယ် အေးရွာကမ်းပြို တာလည်း လာကြည့်သေးတယ်။ ထူးခြားမှုမရှိဘူး၊ ကမ်းပြိုလို့ ကုန်သွားတယ်။ ဘာမှဖြစ်မလာဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာပြောင်းရွှေ့ရာတွင် ကြီးမားသော အဆောက်အအုံများကို အဖျောက်မြို့ အုပ်ချုပ်ရေးမှူးနှင့် အဖျောက်ရဲစခန်းက ကူညီဆောင်ရွက်ပေး ကြောင်း၊ ကမ်းပြို၍ အိမ်ရွှေ့လျှင် တစ်အိမ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောင်းရွှေ့စရိတ် ငွေကျပ်တစ်သိန်းနှင့် မိသားစု ဦးရေအလိုက် တစ်ဦးကို ခုနစ်ရက်စာ ဆန်ဖိုး ငွေကျပ် ၂၁ဝဝ ထောက်ပံ့ သည့်အပြင် ပစ္စည်း ၁၄ မျိုးပါ အထုပ်များ ထောက်ပံ့ပေးကြောင်း၊ ကမ်းပြိုလျှင် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုစာရင်းများကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြုစုပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ စာရင်းပို့ပေးရကြောင်း၊ ဝန်ကြီးဌာနမှ ဖော်ပြပါထောက်ပံ့ရေးငွေနှင့် ပစ္စည်းများ လာရောက်ထောက်ပံ့ပေးကြောင်း အဖျောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုးက ပြောသည်။
ကမ်းပြို၍ ဘေးသင့်နေသော ကျေးရွာသားများသည် လက်လုပ် လက်စားများဖြစ်ပြီး ငွေကြေးမတတ်နိုင်၍ ဆွေမျိုးများအိမ်တွင် ယာယီနေထိုင် ရခြင်း၊ ယာယီတဲများဖြင့် နေထိုင်ရခြင်း၊ လမ်းများပေါ်တွင် တဲထိုးနေရခြင်း များ ရှိကြောင်း၊ ထို့ကြောင့် ရေရှည်နေရာအတွက် ငွေကြေးမပြည့်စုံသူ များအား နေစရာစီစဉ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထွန်းလှိုင်(မြိုင်)

No comments:

Post a Comment