Saturday, September 1, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကျင်းပ

Image may contain: one or more people
နေပြည်တော် သြဂုတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ တံတားကြီးများ ဥပဒေကြမ်းနှင့် မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း ၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်း အဆောက်အဦအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းဆောင်ရွက်မည်
အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် ဇီဇဝါ(မြောက်) လမ်းရှိ ဘုရားဝတ္တကမြေပေါ်တွင် ဆောက်လုပ်ထားသည့် အစိုးရ မူလတန်း ကျောင်း သစ်သားကျောင်းဆောင်ဟောင်းမှာ အန္တရာယ်ရှိနေသဖြင့် သံကူ ကွန်ကရစ်နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ၎င်းကျောင်းဆောင်ဟောင်းကို သက်ဆိုင်ရာမှ ဖျက်သိမ်းခွင့် မပြုသေးခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစိုးရမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်အဖြစ် ခေတ္တအသုံးပြုခဲ့သော ဆုတောင်းပြည့်အောင်ချမ်းသာ ဘုရားဝတ္တကမြေပေါ်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်း အဆောက်အဦ အား ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ရှိ သံဃာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီတို့၏ သဘောတူညီမှုဖြင့် သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက် ရယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်း ဆောင်ရွက်သွားစေမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မြို့များအရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးနိုင်ရေးအတွက်
ရန်ပုံငွေများ လျာထားထောက်ပံ့ပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျပြီး နှစ်စဉ် စည်ပင်သာယာ အခွန်ငွေကောက်ခံရရှိမှု အလွန်နည်းပါးသည့် မြို့ငယ်လေးများအတွက် မြို့ပြ ဖွံ့ဖြိုးမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ရန်ပုံငွေမှ ဖြစ်စေ၊ နှစ်စဉ်သီးခြား ထောက်ပံ့ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက နှစ်စဉ် စည်ပင်သာယာ အခွန်ငွေကောက်ခံမှုအလွန်နည်းပါးသည့် မြို့ငယ်များအတွက် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စည်ပင် သာယာရေးအဖွဲ့ရန်ပုံငွေသာမက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း မြို့များအရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးနိုင်ရေး အတွက် ရန်ပုံငွေများ လျာထားထောက်ပံ့ပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုအစိုးရရန်ပုံငွေမှ သီးခြားထောက်ပံ့ရန်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား (၂)အရ လည်းကောင်း၊ ပုဒ်မ ၉၆ ဇယား(၁)အရလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့တွင် စည်ပင်သာယာနှင့် ပတ်သက်သည့် ဝန်ကြီးဌာနမရှိခြင်း၊ ဇယား(၂)အရ စည်ပင်သာယာရေးကိစ္စ ရပ်များသည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကို အပ်နှင်းထားပြီး ဖြစ်သည့် အတွက် သီးခြားရန်ပုံငွေထောက်ပံ့ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။
လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းပြီးစီးပါက
တစ်နေ့လျှင် ရေဂါလန် သန်း ၄ဝ ပေးဝေနိုင်မည်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရှမ်းတဲကြီးရပ်ကွက်အတွင်း နေထိုင် သူ ပြည်သူများမှာ နှစ်စဉ်နွေရာသီတွင် ညစ်ညမ်းနေသည့် ကျဉ်းမြောင်းသော ချောင်းထဲမှရေကို တစ်ရပ်ကွက်လုံး သုံးစွဲကြရပါသောကြောင့် များစွာဒုက္ခ ရောက်လျက်ရှိပါသဖြင့် ရေအခက်အခဲကို နည်းလမ်းရှာဖွေ ကူညီပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်သို့ ရေပေးဝေရန် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါက သီလဝါအထူးစီးပွားရေးဇုန်သို့ တစ်နေ့လျှင် ရေဂါလန် ၁ဝ သန်း၊ ဒဂုံမြို့သစ် လေးမြို့နယ်သို့ တစ်နေ့လျှင် ရေဂါလန်သန်း ၃ဝ စုစုပေါင်း တစ်နေ့လျှင် ရေဂါလန် သန်း ၄ဝ ပေးဝေနိုင်မည် ဖြစ်ပါကြောင်း။
စီမံကိန်းလုပ်ငန်းများအနက် ရေသန့်စင်စက်ရုံ တည်ဆောက်မှုလုပ်ငန်းမှာ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ရေပို့ပိုက်လိုင်း ဆက်သွယ်မှုလုပ်ငန်းများ၊ ရေဖြန့်ပိုက်များနှင့် ရေတွန်းစက်ရုံများ တည်ဆောက်မှုလုပ်ငန်းများအား ဂျပန် နိုင်ငံအစိုးရ၏ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ၁၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများအားလုံး ဆောင်ရွက်မှုကို ၂ဝ၂၁ ခုနှစ်တွင် အားလုံးပြီးစီး၍ ရေပေးဝေနိုင်ရန် ခန့်မှန်းထားပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရှမ်းတဲကြီးရပ်ကွက်သို့ ရေပေးဝေရေးအတွက် စီမံကိန်း နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လဂွန်းပြင်စီမံကိန်း ပြီးစီးပါက ရေပေးဝေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးငွန်ဟေး၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဆွေနိုင်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့ တင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး
ထို့နောက် တံတားကြီးများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က တံတားကြီး နယ်နိမိတ်ဆိုသည်မှာ တံတားကြီး အသစ်တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်ရန် ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အများပြည်သူ သိသာမြင် သာသည့်နေရာတွင် ထင်ရှားသည့်အမှတ်အသားတစ်ခုခုဖြင့် ဖော်ပြသတ်မှတ် ထားသည့် ကုန်းနယ်နိမိတ်နှင့် ရေနယ်နိမိတ်ကို ဆိုလိုသည်ဟု ပြင်ဆင်လိုပါ ကြောင်း။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘာဝဘေးအန္တရာယ် ဆိုသည့် အသစ်ဖြည့်စွက်ချက်အပေါ်တွင် ဆွေးနွေးလိုပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေဆိုသည့် အရာကိုသာ အကျုံး ဝင်စေပြီး လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များ၊ လက်နက်ကိုင်သောင်းကျန်းမှုကြောင့် ဖြစ်ပေါ် လာသည့် ကိစ္စရပ်များသည် သဘာဝဘေးအန္တရာယ်နှင့် မသက်ဆိုင်တော့သည့် အတွက် သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် နေရာတွင် ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ ပေါ်ပေါက် ဖြစ်ပွားခဲ့ရသည့် မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်း မိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ် ခြင်း၊ ဆီးနှင်းပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်း ဒဏ်ခံရခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်းများ အပါအဝင် အကြမ်းဖက်ခြင်း၊ ဖျက် ဆီးခြင်းနှင့် လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်ပွားခြင်းတို့ကို ဆိုလိုပါကြောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သုံးနှုန်းထားသည့် လက်နက် ကိုင်သောင်းကျန်းမှု ဆိုသည့်
နေရာတွင် ယနေ့ခေတ်အသုံးအနှုန်းတွင် သောင်း ကျန်းမှုဆိုသည့် အသုံးအနှုန်းသည် မသုံးတော့သည့်အတွက် အကြမ်းဖက်ခြင်း ဟူ၍ အစားထိုး ပြင်ဆင်ထားပါကြောင်း။
မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေး
ထို့ပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အသစ်ပြင်ဆင် ဖြည့်စွက်ချက်ဖြစ်သည့် တံတားကြီးနယ်နိမိတ်ကို အများပြည်သူ သိသာထင်ရှား သောနေရာတွင် အခိုင်အမာစိုက်ထူခြင်းဆိုသည့် အသစ်ဖြည့်စွက်ချက်သည် အသစ်ဖြည့်စွက်ရန် မလိုအပ်ဟု ယူဆပါကြောင်း၊ မူလအဆိုပြုပြဋ္ဌာန်းချက် ဖြစ်သည့် တံတားကြီးနယ်နိမိတ်အတွင်းနှင့် တံတားကြီးများအပေါ်တွင် ဘေး အန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက်ခြင်းဆိုသည့် ပြဋ္ဌာန်းချက်သည် တံတားကြီးလုံခြုံစိတ်ချစေရန်၊ အများပြည်သူ ဘေးအန္တရာယ်ကင်းစေရန်၊ တံတားကြီးအောက်နှင့် အပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု အစီအမံများ ဆောင်ရွက်ရသည်ကို အဆိုပြုပြဋ္ဌာန်းချက်တွင် ခြုံငုံပြဋ္ဌာန်းထားပြီးဖြစ်သည့် အတွက် အခိုင်အမာစိုက်ထူခြင်းဆိုသည့် ဆိုင်းဘုတ်စိုက်ထူခြင်း အသစ် ဖြည့်စွက်ချက်သည် မလိုအပ်ဟု ယူဆသည့်အတွက် ပယ်ဖျက်လိုပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကရင် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်က ဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment