Tuesday, September 4, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံရှိ ASEAN – Korea Centre နှင့်K’ ARTS တို့တွင် ကြည့်ရှုလေ့လာ

Image may contain: 7 people, people sitting
ရန်ကုန် စက်တင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့်အဖွဲ့သည် ယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့ရှိ ASEAN – Korea Centre နှင့် ကိုရီးယား အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ် (Korea National University of Arts - K’ ARTS) သို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ASEAN - Korea Centre ၌ Secretary General H.E. Lee Hyuk ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာ မစ္စတာ လီက ASEAN – Korea Centreအနေဖြင့် မီဒီယာကဏ္ဍအပြင် ခရီးသွားလုပ်ငန်းကဏ္ဍမှစ၍ အာဆီယံဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံဖွံ့ဖြိုးတိုးတက်မှု တွင် ရုပ်ရှင်ကဏ္ဍသည် အရေးပါသဖြင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အလားတူ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း လုပ်ဆောင်မှုအပေါ် ကြိုဆိုအားပေးပါကြောင်းနှင့် ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာလေ့လာရေး အဖွဲ့တွင် အစိုးရဝန်ကြီးဌာနများ၊ နေပြည်တော်စည်ပင် သာယာရေးကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှင့်ရုပ်ရှင်၊ ဇာတ်လမ်းထုတ်လုပ်သူများ ဖွဲ့စည်းလာရောက် ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်၍ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်း အဆောက်အအုံတွင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့၏ ရိုးရာယဉ်ကျေးမှုအနုပညာပစ္စည်းများ ခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် ကိုရီးယားအမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်သို့ သွားရောက်ပြီး President Kim Bongryol ဦးဆောင်သော ဌာနမှူးများနှင့် တွေ့ဆုံကာ သင်ကြားပေးလျက်ရှိသောဘာသာရပ်များ၊ သင်ကြား ပို့ချမှုနှင့် သင်ယူမှုတွင် ကြုံတွေ့ရသောအခက်အခဲများ၊ ကျောင်းဝင်ဆန်းစစ်မှု၊ ကျောင်းပြီးလျှင် အလုပ်ခွင် ဝင်ရောက်ရန် ပေါင်းကူးဆောင်ရွက်ပေးနေမှု၊ အောင်မြင် သော တက္ကသိုလ်အဖြစ် ရပ်တည်လာနိုင်မှု၏ အကြောင်း ရင်း၊ Art Major Asian (AMA) Scholarship Programme အစီအစဉ်ဖြင့် သင်ကြားနိုင်မှု အခွင့်အရေး တွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ရယူ တက်ရောက်နိုင်မှုနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများကို ဆွေးနွေးကြသည်။
ယင်းတက္ကသိုလ်သည် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ တစ်ခုတည်းသောတက္ကသိုလ်ဖြစ်ပြီး Music, Drama, Film, TV and Multimedia , Dance , Visual Art , Traditional Arts ဟူသည့် ဌာနခွဲ ခြောက်ခုရှိပြီး ကထိက ၁၃၅ ဦး၊ ပြင်ပနည်းပြ ၁ဝဝဝ ဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား သုံးဦးအပါအဝင် ကျောင်းသား ၃၅ဝဝ ခန့် ကို လေးနှစ်သင်ကြားပေးကာ ဘွဲ့ပေးအပ်လျက်ရှိသည့် အပြင် ဘွဲ့လွန်သင်တန်းများကိုလည်း ထပ်မံ၍ နှစ်နှစ်၊ သုံးနှစ်ခန့်ဖြင့် သင်ကြားပို့ချပေးလျက်ရှိသည်။
ကျောင်းပြီးသွားသူအများစုမှာ ကိုရီးယားအနုပညာ လောကရှိ နယ်ပယ်အသီးသီးတွင် အောင်မြင်ကျော်ကြားသူ များအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် တာဝန်ရှိသူများက အင်ချွန်းလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment