Wednesday, September 26, 2018

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန် စီးပွားဖြစ်ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုအဖြစ် အကောင်အထည်ပေါ်လာရေး ဆက်လက်ဆောင်ရွက်သွားမည်




Image may contain: one or more people and crowd
 နေပြည်တော် စက်တင်ဘာ ၂၅ 



 မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ်A-6 တွင် တူးဖော်ခဲ့သည့်တွင်းအမှတ် ရွှေရည် ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ဦးစီး ဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊PSC Operator အစုရှယ်ယာဝင်များ ဖြစ်သည့် MPRL E&P Pte., Ltd.၊Woodside Energy (Myanmar) Pte., Ltd. နှင့် Total E & P Myanmar Co., Ltd. တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကမ်းလွန်လုပ်ကွက် အမှတ် A-6 ရှိ တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ စမ်းသပ်တွေ့ရှိမှုအခြေအနေသတင်းမှတ်တမ်းအားပြသပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်အား ဖတ်ကြားသည်။
ထို့နောက် ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး(ကမ်းလွန်)က လည်းကောင်း၊ PSC Operator အစုရှယ်ယာဝင်များ ဖြစ်သည့် MPRL E & P Pte., Ltd.၊ Woodside Energy (Myanmar) Pte., Ltd. နှင့် Total E & P Myanmar Co., Ltd တို့မှ တာဝန်ရှိသူများက လည်းကောင်း ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာများက ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ရှိ လုပ်ကွက်အမှတ် ဗ-၆ တွင် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် MPRL E & P Pte., Ltd.အကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် (Production Sharing Contract - PSC) ကို ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ချုပ်ဆို၍ ကမ်းလွန် ရေနံရှာဖွေရေးလုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့သည်။ အခြားအစုရှယ်ယာဝင်များဖြစ်သော သြစတြေးလျ နိုင်ငံအခြေစိုက် Woodside Energy (Myanmar) Pte., Ltd.နှင့် ပြင်သစ် နိုင်ငံအခြေစိုက် Total E & P Myanmar Co., Ltd. တို့မှ ပူးပေါင်းပါဝင်လာ ခဲ့ပြီး ရွှေရည်ထွန်း-၂ ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက် ၄၈၅ဝ မီတာအထိ တူးဖော်ခဲ့ကာ သဘာဝဓာတ်ငွေ့ အသားတင် ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၄ဝ မီတာခန့်ကို တွေ့ရှိခဲ့သည်။ ယခုအခါ ယင်းသဲကြောအား သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု စမ်းသပ်ခြင်း Drill Stem Test (DST) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် မြန်မာအမျိုးသားများ ဦးဆောင် သော MPRL E & P Pte., Ltd. မှ ရင်းနှီးမြှုပ်နှံမှု (၂ဝ)ရာခိုင်နှုန်းဖြင့် လုပ်ငန်းဦးဆောင်ကုမ္ပဏီအဖြစ် လည်းကောင်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte., Ltd မှ (၄ဝ) ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar Co., Ltd. မှ (၄ဝ) ရာခိုင်နှုန်း အချိုးကျပါဝင်ကာ ရှာဖွေတူးဖော် ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယခု အကဲဖြတ်တွင်း/ရှာဖွေရေး တွင်းဖြစ်သော ရွှေရည်ထွန်း-၂ တွင် သဘာဝ ဓာတ်ငွေ့များ ထုတ်ယူရရှိကြောင်း စမ်းသပ်တွေ့ရှိသဖြင့် မြန်မာ့ကမ်းလွန်လုပ်ကွက် အမှတ် ဗ-၆ တွင် အကဲဖြတ်တွင်း/ရှာဖွေရေးတွင်းများ ဆက်လက်တူးဖော်ခြင်း၊ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း တို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင် သော သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုအဖြစ် အကောင်အထည်ပေါ်လာရေး အတွက် အစုရှယ်ယာဝင်များက ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment