Friday, August 31, 2018

ကျော်ကြားမှုအတွက် ကမ္ဘာကျော်တေးသံရှင်တွေနဲ့ ပူးပေါင်းခဲ့ခြင်းမဟုတ်ဟု BTSဆို

Image may contain: 7 people, people smiling, people standing
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်တေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ''BTS''ဟာ အဖွဲ့အနေနဲ့ အခြား သော ကမ္ဘာကျော်တေးသံရှင်တွေနဲ့ ပူးပေါင်းကာ တေးသီချင်းတွေ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီလို ပူးပေါင်းထုတ်လုပ်ခဲ့မှုတွေဟာ ကျော်ကြားလိုမှုတစ်ခုတည်းကြောင့်မဟုတ်ကြောင်း လတ်တလော တွင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ နစ်ကီမင်နရှ်၊ သယ်ချိန်းစမုန်ကာစ်၊ စတိဗိအိုကီ တို့နဲ့ တေးသီချင်းတွေ အတူပူးပေါင်းထုတ်လုပ်ခဲ့ပြီး ဖြစ်တဲ့အပေါ် ''BTS'' အဖွဲ့ဝင် ရှူးဂါးက အဖွဲ့နဲ့ ပူးပေါင်းကာ တေးသီချင်းထုတ်လုပ်ဖို့ရာ ကမ်းလှမ်းလာတဲ့ တေးသံရှင်တွေ များစွာရှိ ကြောင်း၊ ဒီလိုကမ်းလှမ်းလာတဲ့အခါ ကျော်ကြား မှုထက် တေးသီချင်းကိုသာ ဦးစွာထည့်သွင်းစဉ်း စားတာဖြစ်ပြီး အဖွဲ့နဲ့လိုက်ဖက်မှုရှိမယ့် တေးသံရှင်တွေနဲ့သာ တွဲဖက်ဖန်တီးခဲ့တာ ဖြစ်ကြောင်း၊ တေးဂီတချင်းလိုက်ဖက်မှုမရှိတဲ့အခါ တွဲဖက်ဖန်တီးမှုပြုလုပ်ဖို့မရှိကြောင်း၊ ကျော်ကြား မှုအတွက် တွဲဖက်ထုတ်လုပ်ဖို့ ဆန္ဒမရှိသလို တေးဂီတချင်းလိုက်ဖက်မှုရှိပါကလည်း အတူ တွဲဖက်ဖန်တီးသွားမှာဖြစ်ကြောင်း ပြောကြား လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်မှာတော့ ''BTS'' ရဲ့ ''Love Yourself'' နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေရဲ့အစအဖြစ် ဆိုးလ်မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ယင်းဖျော်ဖြေပွဲမစတင်မီမှာ အဖွဲ့ ဟာ မီဒီယာတွေနဲ့ တွေ့ဆုံကာ အထက်ပါအတိုင်း ရှင်းလင်းဖြေကြားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
''BTS''က အဖွဲ့အပေါ် ကမ္ဘာကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ အက်ဒ်ရှီရန်က အကောင်းမြင်တဲ့ ဝေဖန်မှုတွေကို လူမှုကွန်ရက် ပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြောကြားချက်တွေ ကိုလည်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဖြေကြား ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို ဝေဖန်ခံ ရတဲ့အပေါ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျေဟုတ်ပ်က သူဟာ အက်ဒ်ရှီရန်ကို ငယ်စဉ်ကတည်းက နှစ်သက်ခဲ့တာဖြစ်ပြီး ဒီလိုအဖွဲ့အပေါ် အကောင်းမြင်ဝေဖန်မှုတွေအတွက်လည်း မယုံ ကြည်နိုင်လောက်အောင်ပင် ဝမ်းမြောက်မိကြောင်း ထည့်သွင်းဖြေကြားသွားခဲ့တယ်လို့လည်း သိရပါ တယ်။
''BTS'' ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာ အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ် ''Love Yourself: Answer''ကို စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ယင်းတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ''Idol''ရဲ့ တေးဗီဒီယိုဟာ လတ်တလောမှာတော့ မှတ်တိုင်သစ်တွေ စိုက်ထူ ထားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဖွဲ့ရဲ့ ''Idol''တေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့သည်မှာ ၂၄ နာရီအတွင်း ယူကျုပေါ်မှာ ကြည့်ရှုသူပရိသတ် အများဆုံးဖြစ်လာခဲ့ပါတယ်။ ယခင်က ဒီစံချိန်ကို ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က ရယူထားခဲ့တာ ဖြစ်ပြီး လတ်တလောမှာတော့ ''BTS''က အံ့အား သင့်ဖွယ်စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ''Idol''တေးဗီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှုသူ ၅၆ သန်းကျော် ရှိခဲ့ပြီး တေလာဆွစ်ရဲ့ ''Look What You Made Me Do''တေးဗီဒီယိုကတော့ ၄၃ သန်းရရှိခဲ့ပြီး ယခင်က စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ''BTS''အဖွဲ့အတွက်လည်း စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အဖွဲ့ရဲ့ စံချိန်တင်ထားတဲ့ ''Fake Love''တေးဗီဒီယိုဟာ ၂၄ နာရီအတွင်း ပရိသတ် ၃၅ သန်း ရရှိခဲ့တာ ဖြစ်ပြီး ''Idol''တေးဗီဒီယိုဟာ အဖွဲ့ရဲ့ ၂၄ နာရီ အတွင်း ပရိသတ်အများဆုံးသော တေးဗီဒီယို အဖြစ်လည်း စံချိန်တင်ခဲ့ပြီဖြစ်ပါတယ်။
ယခုလလယ်ပိုင်းမှာ ''BTS''ဟာ '' Social 50''စာရင်းမှာ အချိန်အကြာဆုံးရပ်တည်နိုင်ခဲ့တဲ့ တေးသံရှင်တွေအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ ပြန်ပါတယ်။ ယခင်က စံချိန်တင်ထားခဲ့တဲ့ ဂျက်စတင်ဘီဘာကတော့ သီတင်းပတ် ၆၆ ပတ် ဆက်တိုက်နေရာရခဲ့တာဖြစ်ပြီး ''BTS'' က ဂျက်စတင်ဘီဘာရဲ့စံချိန်ကို ကျော်လွန်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဖွဲ့ရဲ့ ပရိသတ် တွေဖြစ်ကြတဲ့ ''ARMY'' တွေအတွက်လည်း ''BTS''ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲကျင်းပ ဖို့ရာ နောက်ထပ်အကြောင်းအရာတစ်ခု တိုးလာ ခဲ့ပြီဖြစ်တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment