Friday, August 31, 2018

အီရတ်နိုင်ငံ ကယ်ကွတ်မြို့တွင် ကားဗုံးခွဲတိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး

Image may contain: one or more people, people standing and outdoor
ဘဂ္ဂဒက် သြဂုတ် ၃ဝ
အီရတ်နိုင်ငံမြောက်ပိုင်းရှိ ရေနံမြေတည်ရှိရာ ကယ်ကွတ်ပြည်နယ်တွင် သြဂုတ် ၃ဝ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ပြည်နယ်လုံခြုံရေး သတင်းရပ်ကွက်က ပြောကြား သည်။
သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက ဟာဝီဂျာကျေးရွာရှိ လုံခြုံရေးစစ်ဆေး သည့် စခန်းတစ်ခုအတွင်းသို့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မောင်းနှင်ဝင်ရောက်လာခဲ့ကြောင်း၊ မော်တော်ယာဉ်ကို မောင်းနှင်လာသူမှာ အသေခံဗုံးဖောက်ခွဲရေးသမားဖြစ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ ကယ်ကွတ်ပြည်နယ်၏မြို့တော် ကယ်ကွတ်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၅ဝ အကွာတွင်ဖြစ်ကြောင်း ဟာဝီဂျာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် မော့စ်တာဖာအဗ္ဗဒယ်ရာခစ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့သော် အီရတ်နိုင်ငံတစ်ဝန်းလုံးတွင် အသေခံဗုံးဖောက်ခွဲမှုအများစုကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ အိုင်အက်စ်တို့က လုပ်ဆောင်ခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူစုလူဝေးဖြင့် စည်ကားတတ်သည့်ဈေးများကဲ့သို့ နေရာများ၊ ကော်ဖီဆိုင်များနှင့် ဗလီများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။
ယင်းဒေသတွင် လွန်ခဲ့သည့်နှစ်လအတွင်း အီရတ်အစိုးရတပ်ဖွဲ့များက အိုင်အက်စ်စစ်သွေးကြွများအားရှင်းလင်းရန် ကြီးမားသောထိုးစစ်များ ပြုလုပ် ခဲ့ပြီးနောက် အိုင်အက်စ်တို့၏ ခြေကုပ်စခန်းဖြစ်သည့် မိုဆူးလ်မြို့၊ ဆာလာ ဟူဒင်ပြည်နယ်နှင့် ကယ်ကွတ်ပြည်နယ် အနောက်ပိုင်းရှိ ဟာဝီဂျာဒေသတို့ကို ဆုံးရှုံးခဲ့ရသည်။ သို့ရာတွင် အိုင်အက်စ်စစ်သွေးကြွအကြွင်းအကျန်များက အင်အားပြန်လည်စုစည်းပြီး တီဂရစ်နှင့် ဇက်ဘ်မြစ်များအနီးရှိ တောင်ကုန်း တောင်တန်းဒေသနှင့် နယ်မြေကြမ်းတမ်းသည့်ဒေသများ၌ ပုန်းခိုနေကြသည်။ ၎င်းတို့သည် ဟီမရင်တောင်တန်းဒေသမှသည် အိမ်နီးချင်း ဆာလာဟူဒင် ပြည်နယ်နှင့် ဒိုင်ယာလာဒေသဘက်သို့ နယ်မြေတိုးချဲ့ခဲ့သည်။
အိုင်အက်စ်အစွန်းရောက်များ တစ်ချိန်က သိမ်းပိုက်ထားသော နယ်မြေ ဒေသအားလုံးကို အီရတ်အစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းယူကာ လုံးဝ လွတ်မြောက်စေခဲ့ပြီဖြစ်ကြောင်း အီရတ်အစိုးရက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ တွင် တရားဝင်ကြေညာခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment