Thursday, August 30, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

Image may contain: 1 person, standing
နေပြည်တော် သြဂုတ် ၂၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်းနှင့် အဆိုတစ်ခု ဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
တစ်ဆက်တစ်စပ်တည်းမရှိသော မြေများကို ပြန်လည်စွန့်လွှတ်ပေးရန်နှင့်မစွန့်လွှတ်နိုင်သည့်မြေယာများကို လျော်ကြေးငွေပေးနိုင်ခြင်း ရှိ၊ မရှိ
အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအုပ်စု ကွင်းအမှတ် (၇၈၄-က) ပုံတောင်ကွင်းနှင့် (၇၈၇) ပုံတောင်မြောက်ကွင်းရှိ လယ်ယာမြေ များအား အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားမှုနှင့် လမ်းမတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းကျေးရွာ၊ ကွင်း အမှတ်(၇၈၆-က)၊ (၇၈၆-ခ)၊ (၇၈၇) ကျောက်တော်တောင်ကွင်းနှင့် ပုံတောင် တောင်ကွင်းမှ ခမရ (၃၇၅) တပ်မြေအဖြစ် သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများထဲမှ ပိုလျှံမြေ၊ စစ်တပ်နှင့် တစ်ဆက်တစ်စပ်တည်းမရှိသော မြေများကို ပြန်လည်စွန့်လွှတ်ပေးရန်နှင့် မစွန့်လွှတ်နိုင်သည့် မြေယာများကို လျော်ကြေးငွေပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ်(၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၏ တပ်မြေနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ မြေပေး မိန့်များရရှိပြီးဖြစ်ခြင်း၊ ဦးပိုင်ပေါက်လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီးဖြစ်ခြင်း၊ အနာဂတ်တွင်အဆောက်အအုံများ တိုးချဲ့ဆောက်လုပ် ရန်ရှိခြင်း၊ လုံခြုံရေးအရ အရေးကြီးမြေနေရာများဖြစ်ခြင်းတို့ကြောင့် ပြန်
လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် သိမ်းဆည်းမြေများအတွက် လျော်ကြေး ငွေများပေးလျော်ပြီးဖြစ်ပါသဖြင့် လျော်ကြေးငွေပေးလျော်နိုင်ခြင်း မရှိပါ ကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ် ထန် တလန်မြို့နယ် လုံလဲရ်ကျေးရွာတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ၂ဝ၁၈- ၂ဝ၁၉ သို့မဟုတ် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာ သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျေးရွာနှင့် (၄/၄)မိုင်ခန့် ကွာဝေးသောနေရာရှိ စိမ့်စမ်းရေမှ ရေသွယ်ယူရမည်ဖြစ်ပြီး စိမ့်စမ်းရေထွက်များ ဖြစ်နိုင်ခြေ ရှိ၊ မရှိ (Feasibility Survey) ပြုလုပ်သင့်သည့်ကာလမှာ ၂ဝ၁၉ ခုနှစ် (မတ်၊ ဧပြီ၊ မေ)လများတွင် ကွင်းဆင်းတိုင်းတာပြီး စိမ့်စမ်းရေထွက်များမှ ရေရယူနိုင်ရန် ဖြစ်နိုင်ခြေရှိပါက ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအပေါ်တွင် မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှစိုး၏ မြန်မာ နိုင်ငံ ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြစ်မှုကျူးလွန်ခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကာအကွယ်ပေး ခြင်း အစီအမံများကို ပြန်လည်စိစစ်၍ လက်တွေ့အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်ရသည့် ကလေးသူငယ်တရားရုံးနှင့် မြို့နယ်တရားရုံးများသည် ကလေးသူငယ်မှုခင်းများ ကို စစ်ဆေးစီရင်ရာတွင် ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများ၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ၍ စစ်ဆေးစီရင်ကြရပါကြောင်း၊ ကလေးသူငယ်မှုခင်းများစစ်ဆေးစီရင်ခြင်း နှင့်စပ်လျဉ်း၍ ကလေးသူငယ်ဥပဒေ အခန်း(၁ဝ)၊ နည်းဥပဒေအခန်း(၁၃)ပါ ပြဋ္ဌာန်းချက်များနှင့်အညီလိုက်နာ၍ စစ်ဆေးစီရင်ကြပါကြောင်း၊ ကလေး သူငယ်မှုခင်းများကို သီးခြားရုံး၊ သီးခြားအခန်းတွင် စစ်ဆေးစီရင်ခြင်း၊ မိဘ အုပ်ထိန်းသူများ၊ သက်ဆိုင်သည့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်သူ များကိုသာရှိစေခြင်းတို့ကြောင့် ပြစ်မှုကျူးလွန်သူ ကလေးသူငယ်၊ ပြစ်မှုကျူးလွန် ခံရသူ ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအတွက် တစ်ဦးချင်း လွတ်လပ်
လုံခြုံမှုကို ကာကွယ်စောင့်ရှောက်မှု ပေးထားပါကြောင်းနှင့် ကလေး သူငယ်နှင့်သင့်တော်သည့်ပတ်ဝန်းကျင်တွင် စစ်ဆေးမေးမြန်းထွက်ဆိုစေခြင်း ဖြစ်ပါကြောင်း။
ကလေးသူငယ်မှုခင်းများကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အမှုအမြန် ပြီးပြတ်အောင် စစ်ဆေးရမည်ဟု ကလေးသူငယ်ဥပဒေပုဒ်မ ၄၂(င)တွင် ပြဋ္ဌာန်း ထားသည်နှင့်အညီ ကလေးသူငယ်တရားသူကြီးများအား ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးက လစဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ်မှုခင်းများကို စစ်ဆေးစီရင်ရသည့် ကလေးသူငယ်တရားရုံးနှင့် မြို့နယ် တရားရုံးအသီးသီးသည် လက်တွေ့အမှုစစ်ဆေးစီရင်ရာတွင် ကလေးသူငယ်များ အတွက် ဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိစေရန် ဆောင်ရွက်လျက် ရှိသောကြောင့် ကလေးသူငယ်သက်သေများကို အကာအကွယ်ပေးခြင်း အစီ အစဉ်ကို ပြန်လည်စိစစ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်း
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီ အေးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ် အောင်က ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာ နိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစား နေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့်ကျေးရွာများတွင် နောင်တစ်ချိန်လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ် ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိက သက်ဆိုင် သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံ ခန့်ခွဲမှု ကော်မတီအဆင့်ဆင့်(ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရား မကင်းသည့်လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီ အမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ) ဦးကိုလတ် က အဆိုရှင်တင်သွင်းသည့်အတိုင်း မြေယာဥပဒေများကို ပြင်ဆင်ရမည်ဖြစ်ပါ ကြောင်း၊ ကော်သုံးကော်အဆင့်ဆင့်၏ အဂတိမကင်းသည့် လုပ်ရပ်များကိုလည်း ဖော်ထုတ်အရေးယူသင့်ပါကြောင်း၊ ထို့ပြင် တည်ဆဲမြေယာဥပဒေပါ ဒေသခံ တောင်သူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် လိုက်နာကျင့်သုံးနေမှုများကို ပြည်သူများသိရှိစေရန် လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ စွန့်လွှတ်မြေများကို မူလပိုင်ရှင်တောင်သူများထံ ရရှိအောင် မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး အဓိကအသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကိုအားထားပြီး လုပ်ကိုင်နေကြပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့ထုံးစံမျိုးစုံရှိခြင်းကြောင့် မြေယာနှင့်ပတ်သက်ပါက အသုံးချပုံကွဲပြားနိုင်ပါကြောင်း၊ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် ကွဲပြားခြင်းကြောင့် အဓိကစိုက်ပျိုးသည့် သီးနှံများလည်း ကွဲပြားနိုင်ပါကြောင်း၊ မြေယာဥပဒေများကို ပြုပြင်ရေးဆွဲသည့်အခါတွင် နိုင်ငံ ၏ အဓိကစားသုံးသည့်ရိက္ခာဖြစ်သော စပါးသီးနှံတစ်မျိုးတည်းကို အခြေပြု ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဒေသစိုက်ပျိုးသီးနှံများကို အခြေပြုရေးဆွဲ သည့် ဥပဒေဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ မြေယာဥပဒေကို ပြင်ဆင်ရေးဆွဲ ရန် ပြည်သူ့ကိုယ်စားလှယ်များက ကြိုးစားအားထုတ်နေသကဲ့သို့ တစ်ချိန်တည်း တွင် အကျင့်ပျက်သူများကို အရေးယူဆောင်ရွက်ရန်လည်း ပြည်ထောင်စုအစိုးရ အနေဖြင့် စီမံသင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော က လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့်နှင့်ပတ်သက်၍ ယခုထက် ပိုမိုထိရောက်ကောင်းမွန်သည့် နည်းလမ်းများနှင့်စနစ်တကျ အသေး စိတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့်အား စနစ်တကျ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ထိန်းချုပ် နိုင်မှုမရှိပါက စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာပြီး မြို့ပြနှင့် ကျေးရွာများ စနစ်တကျဖွံ့ဖြိုးမှုမရှိဘဲ ကားလမ်းဘေးတစ်လျှောက် ရွာတန်းရှည် ကြီးများသာ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။
လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့်ရရှိသူများကို ထိုက်သင့်သည့် အခွန်အခများကို ကောက်ခံရန် လိုအပ်
နိုင်ငံတော်၏လိုအပ်ချက်အရ လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းလဲ အသုံးပြုခွင့်ရရှိသူများကို ထိုက်သင့်သည့် အခွန်အခများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့်ဖြစ်စေ၊ ခေတ်စနစ်နှင့်အညီ ကောက်ခံရန် လိုအပ်ပါကြောင်း၊ လုပ်ကိုင်ခွင့်ရရှိသူများက အခြားမြေအဖြစ် ပြောင်းလဲခဲ့သည့်မြေကို လွှဲပြောင်း ရောင်းချမည်ဆိုပါကလည်း ကာလပေါက်ဈေးနှင့်အညီ ထိုက်သင့်သည့် အခွန် ငွေကို ပေးဆောင်စေပြီးမှသာ လွှဲပြောင်းရောင်းချခွင့်ပြုသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုရှင် ဦးမျိုးဝင်း၏ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုအား ထောက်ခံဆွေးနွေးအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးလှကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ညွှန်ကြား ချက်များကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဆောင်ရွက်သည့် ဖြစ်စဉ်များ ပေါ်ပေါက် မှုသည် အဆိုပါဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ကိုင်တွယ်ကျင့်သုံး သည့် အချို့သောဌာန၊ အဖွဲ့အစည်းပိုင်းက အားနည်းချက်ရှိမှုများနှင့် ကိုယ်ကျိုး ရှာမှုကိုအကြောင်းပြု၍ ယခုကဲ့သို့ ကျူးလွန်ဆောင်ရွက်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်နှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်မှုတွင် မိမိတို့ဝန်ကြီးဌာနသာမကဘဲ မြေအမျိုးအစားအလိုက် စီမံခန့်ခွဲဆောင်ရွက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များ၊ ဆက်နွှယ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ချက်ရှိနေပါ ကြောင်း။
သင့်တော်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် စီမံ ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မည့် အခြေ အနေလည်းဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီ အမံများနှင့်ပတ်သက်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး တွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးရရှိသည့်အပေါ် အခြေခံ၍ ဆောင်ရွက်သွားနိုင်မည့် စနစ်နှင့် အကောင်အထည်ဖော်သွားနိုင်မည့် လုပ်ငန်းယန္တရားတစ်ခုကိုလည်း ဖော်ထုတ်သွားနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်သွားရန်ရှိပါကြောင်း။
အဆိုနှင့်စပ်လျဉ်း၍ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့ ဆောင်ရွက်ခြင်းမပြုစေရေး မြို့ပေါ်နှင့် ကျေးရွာများတွင်ရှိသည့် မြေလွတ် များကို စည်းကမ်းမဲ့ အသုံးပြုမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်အလိုက်ဖွဲ့စည်း ထားသည့် စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ(ကော်သုံးကော်)တို့၏ အဂတိတရားမကင်းသည့် လုပ်ဆောင် ချက်များ မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားမည့်အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အလျောက် မလိုလားအပ်သည့်အားနည်းချက် များ၊ အဂတိတရားမလွတ်ကင်းသည့် လုပ်ဆောင်ချက်များကို ဖယ်ရှားနိုင်စေမည့် မိမိတို့၏ လုပ်ငန်းအစီအမံအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုသည် အားပေးထောက်ကူပေးရာရောက်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၇၇ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲနှစ်မဲဖြစ်ရာ ထောက်ခံမဲများသည့်အတွက် အဆို အား အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို သြဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment