Thursday, August 30, 2018

ဆွာချောင်းတမံ ရေပိုလွှဲကွန်ကရစ်နံရံကျိုးပေါက်၍ ကျေးရွာများ ရေဝင်နစ်မြုပ်လူဦးရေငါးသောင်းခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

Image may contain: one or more people, people standing and outdoor
ရေတာရှည် သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆွာချောင်း ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုများပြားကာ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီခန့်က ရေပိုလွှဲ ကွန်ကရစ်နံရံပြိုကျခဲ့သဖြင့် ရေထွက်အားပမာဏအလွန် များပြားခဲ့ပြီး ဆွာချောင်းတစ်လျှောက်ရှိ ကျေးရွာများ၊ စစ်တောင်းမြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၁၈ ရွာ ရေလွှမ်းမိုးမှုဖြစ်၍ အိမ်ထောင်စု ၁ဝ၉၃၈ စုနှင့် လူဦးရေ ပေါင်း ၄၉၃၈၂ ဦးအား ရေဘေးလွတ်ကင်းရာသို့ ပြောင်း ရွှေ့ခဲ့ရပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံး၍ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၊ သိမ်ကျောင်းတစ်ကျောင်းနှင့်ကျွဲ နှစ်ကောင်၊ နွားနှစ်ကောင် ရေနောက်မျောပါသွားခဲ့သည်။
ထို့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်း သိုင်းဝတံတား (အဆန်) လမ်းပိုင်း တံတားနိမ့်ကျပျက်စီး၍ အစုန်လမ်း အထက်ဘက်တွင် ကမ်းပါးရေတိုက်စားမှုကြောင့် ကမ်းပါး များပြိုကျသွားခဲ့ပြီး အမြန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း၊ ရထားလမ်း၊ ဆွာမြို့-ရေတာရှည်လမ်းပိုင်း တွင် ရေအမြင့် ငါးပေခန့်ဖြတ်ကျော်ခဲ့သည့်အတွက် ခရီးစဉ်များ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။ ''ရေပိုလွှဲက ကွန်ကရစ်နံရံတစ်ဖက်ပြိုကျသွားတာ ရေတွေ က ဒလဟောဆင်းနေတယ်။ မကြာခင်အောက်ပိုင်းက ရွာတွေကို ရေတွေရောက်လာတော့မယ် အမြန်ဆုံးဘေးလွတ် ကင်းရာကိုထွက်ခွာဖို့လိုတယ်၊ စိုးရိမ်ရတယ်''ဟု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီး အရာရှိ ဦးထွန်းနေအောင်က ပြောကြားသည်။ ဆွာချောင်းတမံ ရေပိုလွှဲမြောက်ဘက်တည့်တည့်ရှိ ကျွန်း တောစုရွာ အောက်ဘက်ရှိ ဥယျာဉ်မှူး၊ လှည်းလမ်းကူး၊ စည်ပင်အေး၊ ဆီဆုံကုန်း၊ ကြာအင်း၊ ကြို့ပင်ထိုက်၊ အင်ကြင်းကုန်း၊ ပြီစုတ်၊ ကွင်းကြီး၊ ဆွာမင်းလမ်း၊ တံတား ကြီး၊ အေးသာယာ၊ ကညင်အိုင်၊ ရေနီးကျေးရွာများနှင့် ဆွာမြို့တောင်ပိုင်း၊ ကွက်သစ်ပိုင်း၊ အမှတ်(၂)ရပ်ကွက်၊ ထောက်ကြန့်ကွင်း၊ ငါးကြီးကွေ့ကျေးရွာများအပြင် ကျေးရွာအုပ်စု ၁၈ အုပ်စုတွင် ရေဝင်ရောက်ခဲ့သည်။
ဆည်ရေများ ဝင်ရာက်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၌ ပိတ်မိနေသော ယာဉ်များ အား တံတားကြံ့ခိုင်မှုကို စစ်ဆေးပြီး တာဝန်ရှိသူများက အလှည့်ကျဖြင့် ထွက်ခွာစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွာမြို့နှင့် ရေတာရှည်မြို့ ဝန်းကျင်ဒေသများမှ ဒေသခံပြည်သူများအား နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ အရေးပေါ် ကူညီစောင့်ရှောက်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မွန်းလွဲပိုင်းမှစတင်၍ ရေပြန်လည်ကျဆင်းလျက်ရှိကာ ဆည်ရေလွှမ်းမှုကြောင့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ မိုးစပါးစိုက်ဧက ၂၂၅ဝဝ ခန့် ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment