Thursday, August 30, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

Image may contain: 1 person, hat
နေပြည်တော် သြဂုတ် ၂၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်း၊ အဆိုတစ်ခုဆွေးနွေး၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံ တကာဆက်ဆံရေးကော်မတီတွင် မြောင်းမြ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင် ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်တို့ကို အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ကော်မရှင်ကသတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်များသည် လွှတ်တော်သက်တမ်းတစ်ခုအတွက်သာ အတည်ဖြစ်
ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၏ ဟင်္သာတခရိုင်တွင် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကျင်းပသည့်အခါ ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)နေရာ ပြန်လည်ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ပိုင်းခြားသတ် မှတ်ခြင်းသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄ နှင့်အညီ ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များကို တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်စီသာ ပိုင်းခြား သတ်မှတ်ရပါကြောင်း၊ အထွေထွေရွေးကောက်ပွဲများမကျင်းပမီ မဲဆန္ဒနယ် များပိုင်းခြားသတ်မှတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်များကို အခြေခံသော တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူဦးရေစာရင်းများကို ရယူပါကြောင်း၊ ရရှိလာသော လူဦးရေစာရင်းများအရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄(ဂ)နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီအတွက် ခရိုင်များ၏ လူဦးရေစုစုပေါင်းအပေါ် အခြေခံ၍ ခရိုင်တစ်ခုချင်းစီ၏ လူဦးရေကို မဲဆန္ဒနယ် ၁၂ နယ်ဖြင့် သင်္ချာနည်းအတိုင်း အချိုးချ၍ တွက်ချက်
သတ်မှတ်ခြင်းဖြစ်ပါ ကြောင်း။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်းသည် မဲဆန္ဒနယ် သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄ နှင့် အညီ သတ်မှတ်ခြင်းသာဖြစ်ပါကြောင်း၊ ကော်မရှင်ကသတ်မှတ်သော လွှတ်တော် မဲဆန္ဒနယ်များသည် လွှတ်တော်သက်တမ်းတစ်ခုအတွက်သာ အတည်ဖြစ်ပြီး လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ် များကို ကော်မရှင်က အနည်းဆုံးရက်ပေါင်း ၆ဝ ကြိုတင်၍ သတ်မှတ်ပေးရ မည်ဖြစ်ပါကြောင်း၊ ဟင်္သာတခရိုင်တွင် ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)နေရာ ပြန်လည်ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် တည်ရှိနေမည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၏ လူဦးရေအပေါ် မူတည်၍ ဥပဒေနှင့်အညီ ပိုင်းခြားသတ်မှတ်သွားမည်ဖြစ်သောကြောင့် မဲဆန္ဒနယ် ပိုင်းခြား သတ်မှတ်ချိန်ရောက်မှသာ ခရိုင်တစ်ခုစီအလိုက် ရရှိသော မဲဆန္ဒနယ်အရေ အတွက်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင်ခေါ်ယူခြင်းဖြစ်
မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ အင်ဂျင်နီယာ COE (Centre of Excellent)တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက Employabilityသည် တက္ကသိုလ်တိုင်းအတွက် အရည်အသွေးသတ်မှတ်မှုသည် အရေးပါသော အချက်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘွဲ့ရရှိပြီးနောက် အလုပ် အကိုင်အခွင့်အလမ်းကို စစ်တမ်းကောက်ယူရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင်လျှင် ဘွဲ့ရရှိသွားကြပြီးနောက် ငါးနှစ်လျှင်တစ်ကြိမ် တက္ကသိုလ်အသီးသီးရှိ ကျောင်းသားဟောင်းများက လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ အခြားနည်းပညာတက္ကသိုလ်များနှင့် အလုပ်အကိုင်ရရှိမှု ကွာခြားချက်ရှိ၊ မရှိ လေ့လာဆန်းစစ်နိုင်ရန် အချိန်လိုအပ်ပါကြောင်း။
အစိုးရအနေဖြင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအထိ အစိုးရဌာနအသီးသီး အတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် စသဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ် ပြု၍ အလုပ်အကိုင်ခေါ်ယူခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကိုယ်ပိုင်ဘာသာရပ်သင် ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနမှ ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားနေ သော ဆရာ ဆရာမများသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ် ရရှိသူ သို့မဟုတ် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာလက်မှတ် သို့မဟုတ် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဆရာ အတတ်ပညာရက်တိုသင်တန်းဆင်းလက်မှတ် မရရှိစေကာမူ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ်သို့မဟုတ် အခြေခံပညာကျောင်းများတွင် ဆရာအဖြစ်လည်းကောင်း၊ နိုင်ငံတော်မှ ခွင့်ပြု ထားသည့် ဘာသာပြဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဘာသာရပ် ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံးငါးနှစ်ရှိသူဖြစ်ပါက ကိုယ်ပိုင် ကျောင်းဆရာမအဖြစ် လျှောက်ထားခွင့်ရှိပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက်ရှိပါကြောင်း။
ပညာရေးဘွဲ့နှင့် ဆရာအတတ်ဒီပလိုမာ မရရှိသေးသော ဆရာ ဆရာမများအား ဆရာအတတ်ပညာရက်တိုသင်တန်းများပေးသွားမည်
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၂ ခုနှစ် ဧပြီ ၃ဝ ရက်တွင် အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်ထားသည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် နည်းဥပဒေပါ အခန်း(၅)၊ နည်းဥပဒေပုဒ်မ (၁၄)၊ နည်းဥပဒေခွဲ(ဃ) တွင် ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု မရှိသဖြင့် ဆရာအတတ်ပညာရက်တိုသင်တန်း တက်ရောက်လိုကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဟူ၍ ပါရှိပါကြောင်း၊ နည်းဥပဒေခွဲ(င)တွင် နည်းဥပဒေခွဲ(ဃ)အရ သင်တန်းတက်ရောက်လိုသူများကို စိစစ်၍ ပညာရေးဝန်ကြီးဌာနက ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်လှစ်ရန် သတ်မှတ်သည့် ပညာရေး တက္ကသိုလ် သို့မဟုတ် ပညာရေးကောလိပ်သို့ အချိန်မီစေလွှတ်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ ပညာရေးဘွဲ့နှင့် ဆရာအတတ်ဒီပလိုမာ မရရှိသေး သော ဆရာ ဆရာမများအား ဆရာအတတ်ပညာရက်တိုသင်တန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင် သောင်းရွှေတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင် ခံစာကို ကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်းက ဖတ်ကြားတင်ပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီဝင် ဦးဌေးငွေက အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင် ချက် အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာသော တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေ ကြမ်းတို့ကို လက်ခံရရှိကြောင်း တင်ပြပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး တင်သွင်း သည့် မြန်မာ့ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါ ရန်နှင့် သုတေသနဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ချီးမြှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က အခြေခံပညာရေးကဏ္ဍတွင် ဘာသာရပ်များကို မိမိဘာသာစကားမဟုတ်သည့် အင်္ဂလိပ်လို သင်ကြား ခြင်းသည် ဘာသာရပ်ပိုင်းဆိုင်ရာ၊ သီအိုရီပိုင်းဆိုင်ရာ နားလည်ရန် အခက်အခဲ ရှိသည့် ကလေးများသည် ဘာသာစကားပိုင်းဆိုင်ရာ နားလည်မှုအခက်အခဲ ထပ်မံဖြစ်စေသကဲ့သို့ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်ဖြစ်လာပါကြောင်း၊ ကျူရှင်စနစ်ကို မဖြစ်မနေအားကိုးကြရပါကြောင်း၊ ယင်းစနစ်ကြောင့် အနာဂတ် လူငယ်များသည် အားကစားလုပ်ချိန်မရသည့်အပြင် ပြင်ပဗဟုသုတ စာဖတ် ချိန်ပါ မရပါကြောင်း၊ ဝါသနာပါရာ အနုပညာလေ့လာလိုက်စားချိန်မရဘဲ ပြင်ပလောကကြီးထဲသို့ တိုးဝင်မှုနည်းပါးသည့်လူငယ်များ ဖြစ်စေပါကြောင်း၊ အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါကြောင်း။
ဘာသာရပ်များကို မိခင်မြန်မာဘာသာစကားနှင့်သင်ကြားပြီး အင်္ဂလိပ်ဘာသာ အားပေးမြှင့်တင်မှုကို သီးခြားဆောင်ရွက်သင့်
ထို့ကြောင့် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကဲ့သို့ ဘာသာရပ်များကို မိခင်မြန်မာဘာသာစကားနှင့်သင်ကြားပြီး အင်္ဂလိပ်ဘာသာ အားပေးမြှင့်တင်မှုကို သီးခြားဆောင်ရွက်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း၊ ထို့ကြောင့် အဆိုရှင် တင်ပြသကဲ့သို့ မြန်မာနိုင်ငံတွင် သုတေသနရပ်ဝန်းကောင်းတစ်ခု ဖော်ဆောင် ပြီး သုတေသနလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက သုတေသန ဆိုသည်မှာ မသိသေးသည့် အကြောင်းအရာအချက်အလက်များကို စူးစမ်းလေ့လာ ဆန်းစစ်ဖော်ထုတ်ခြင်းဖြစ်ပါကြောင်း၊ အစောပိုင်းကတည်းက ရှိနေပြီးသော အချက်အလက်များမှ သစ်လွင်သည့် အမြင်သစ်၊ ဗဟုသုတများစွာ ရရှိရန် အတွက် စနစ်ကျသည့် စုံစမ်းစစ်ဆေးခြင်း(သို့မဟုတ်) လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သုတေသနသည် ရှိနေပြီးအချက်အလက်များကို ပြန်လည်ဆန်းသစ်စေပြီး ယခင်အမှားများကို ဖယ်ရှားပြီး အမြင်သစ်များဖြင့် အစားထိုးရန် ဦးတည်စေပါကြောင်း။
သုတေသနပြုလုပ်ရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်တွင် ပညာ ရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနဟူ၍ နှစ်ခုရှိပါကြောင်း၊ ယင်းဦးစီးဌာနများ၏ ယခင်ဘဏ္ဍာ နှစ်များအတွက် သုတေသနလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များကို နှိုင်းယှဉ်ရာ တွင် လိုငွေများပြနေကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့မှုရရှိရာတွင်လည်း အမေရိကန်ဒေါ်လာ ၄ဝ၄ ဒသမ ၁၅ သန်းဖြင့် အများဆုံးရရှိခဲ့သော်လည်း ထင်ရှားသော အကျိုးပြု သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေပါကြောင်း၊ လာမည့်ဘဏ္ဍာ နှစ်အတွက် ပညာရေးသုတေသနနှင့် စီမံကိန်းလေ့ကျင့်ရေးဦးစီးဌာနအတွက် ကျပ် ၁၆ ဒသမ ၅ ဘီလီယံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအတွက် ကျပ် ၅ ဒသမ ၂ ဘီလီယံသုံးစွဲရန် လျာထားကြောင်းကိုလည်း တွေ့ရပါကြောင်း၊ လျာထားငွေများကို တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၃၆ ခုအတွက် ဘာသာရပ် ဆိုင်ရာသုတေသနလုပ်ငန်းများတွင် ထိရောက်စွာသုံးစွဲနိုင်ရန် အကြံပြုလို ပါကြောင်း။
သုတေသနပြုလုပ်ရာတွင် စိန်ခေါ်မှုများဖြစ်သည့် ဘွဲ့ယူရန်(သို့မဟုတ်) ရာထူးတိုးရန်အတွက် တစ်သက်တွင်တစ်ကြိမ်သာ ဆောင်ရွက်နေကြခြင်း၊ အနည်းစုသာ သုတေသနကို တစိုက်မတ်မတ်ပြုလုပ်နေခြင်း၊ အစိုးရနှင့် သက်ဆိုင်ရာ တက္ကသိုလ်ဌာနများ၊ အလှူရှင်များ၏ ထောက်ပံ့မှုနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ စက်ကိရိယာပစ္စည်းနှင့် အထောက် အကူပစ္စည်း၊ စာအုပ်စာတမ်းမရှိခြင်း၊ နည်းပါးခြင်း၊ မလုံလောက်ခြင်း၊Research များကို အသုံးမချနိုင်ခြင်း၊ အသုံးချရန်နေရာမရှိခြင်း၊Guide Line ပေးမည့်သူမရှိခြင်း၊ နိုင်ငံတကာကို မထိုးဖောက်နိုင်ခြင်း၊ Papersများ အဆင့် အတန်းမမီခြင်း၊ အချိန်ပေးမဆောင်ရွက်နိုင်ခြင်း၊Research ကိုSustainableနှင့် Maintainance မပြုလုပ်နိုင်ခြင်း စသော စိန်ခေါ်မှုများကို ကျော်လွှားနိုင် ရန် လိုအပ်ပါကြောင်း၊ သုတေသနကောင်းများရှိပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် အဆိုအား လေးနက်စွာအကြံပြုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ အမရပူရမဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ) ဦးအောင် ဇော်မြင့်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီးယန်းဗဲလ်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ တန့်ဆည် မဲဆန္ဒနယ် မှ ဦးမြင့်ထွန်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းနှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ထောက်ခံပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပညာရေးဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနများ ပိုမိုလုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများ ပေါ်ထွန်းလာ မည်ဖြစ်ပါကြောင်း၊ သုတေသနပြုလုပ်ရန် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ၊ သုတေသနဂျာနယ်များ၊ ဓာတ်ခွဲခန်းနှင့် စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်များ၊ သုတေသနစင်တာများရှိ သုတေသီများ၊ ဆရာ ဆရာမများကို အသုံးချသုတေသနလုပ်ဆောင်ရန် ရန်ပုံငွေလုံလောက်စွာ ထောက်ပံ့ချီးမြှင့် နိုင်မည်ဖြစ်ပါကြောင်း။
သုတေသနဂျာနယ်များထုတ်ဝေခြင်း၊ သုတေသနဆိုင်ရာ ညီလာခံ၊ ဖိုရမ် နှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို တက္ကသိုလ်များအလိုက် ဆောင်ရွက်ရန် အားပေးချီးမြှင့်နိုင်မည့် အခြေအနေရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကျင်းပသော သုတေသနညီလာခံများကို တက်ရောက်စေ၍ စာတမ်းများ ဖတ်ကြားစေခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသလိုအပ်ချက်အလိုက် အသေးစားနှင့်အလတ်စား(SME)လုပ်ငန်းများ အထောက်အကူပြု သုတေ သနများကို သက်ဆိုင်ရာတက္ကသိုလ်များမှ ဆောင်ရွက်ပေးနိုင်သည့် အခြေ အနေထိ ရောက်ရှိအောင် အားပေးမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ အသုံးချ သုတေသနများ ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် သုတေသနရလဒ်များဖြင့် သုတေသနစာတမ်းများ ဖတ်ကြားနိုင်ခြင်း၊ ပြည်တွင်း ပြည်ပသုတေသနဂျာနယ် များတွင် သုတေသနစာတမ်းများ ရေးသားပြုစုခြင်း၊ လက်တွေ့နယ်ပယ်နှင့် နီးစပ်သော သင်ကြားသင်ယူမှုများ ပိုမိုပြုလုပ်လာနိုင်မည်ဖြစ်သဖြင့် အဆိုအား လက်ခံဆောင်ရွက်သင့်ပါကြောင်း ထောက်ခံတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ကို သြဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment