Friday, August 31, 2018

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု

Image may contain: 7 people, people smiling, people standing and indoor
ပဲခူး သြဂုတ် ၃ဝ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်ခြမ်းပဲ့ကျမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်း
များ ဖွင့်လှစ်ထားရှိရာနေရာများသို့ သွားရောက်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်ခြမ်း ပဲ့ကျမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအတွက် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေတာရှည်မြို့နယ်ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး ဖွင့်လှစ်၍ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှုနှင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၂၉ ရက် ညနေ ၅ နာရီထိ ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၈၂ ရွာ၊ အိမ်ခြေ ၁ဝ၉၁၆ အိမ်၊ အိမ်ထောင်စု ၁ဝ၉၃၈
စု၊ လူဦးရေ ၄၉၃၈၂ ဦး ရေဝင်ရောက်ခဲ့ပြီး ရေတာရှည်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၇ ခု၊ တောင်ငူမြို့နယ်အတွင်း ၁၆ ခု
ဖွင့်လှစ်ထားရှိသည်။
အဆိုပါ ရေဘေးသင့်ကျေးရွာအုပ်စုများအတွက် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးမှူးရုံးမှ ရေတာရှည်မြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ဆန်တစ်တင်းခွဲ ၁၇၆၅ အိတ်၊ ဆန်တစ်ပြည် အိတ် ၃ဝဝ၊ ဆန်နှစ်ပြည် ၂၉၅ အိတ်၊ ဆန်ငါးပြည် အိတ် ၆ဝ ၊ ခြောက်ပြည် အိတ် ၂ဝဝ၊ ခေါက်ဆွဲခြောက် ၁၈ဝ ပါ ၆၅ဝ ဖာ၊ စက်လှေတစ်စီး၊ ပဲလွန်းဖြူ ၁၂၅ အိတ်၊SATO ကော်အိမ်သာခွက် ၁၅၅ ခုတို့အား ထောက်ပံ့ခဲ့ ပြီး ရေဘေးသင့်နေရာများသို့ အချိန်နှင့်
တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု မှန်ပြတောင်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၊ ရွာလယ်ကျောင်းကယ်ဆယ်ရေးစခန်း၊ ဆိပ်ဖူးတောင်ကယ်ဆယ်ရေးစခန်း၊ မယ်ဒက်ကယ်ဘုရားကယ်ဆယ်ရေးစခန်း၊ တောင်ငူမြို့နယ်ရှိ အ.ထ.က(၆) ကယ်ဆယ်ရေး၊ အ.လ.က
(ခွဲ )ကယ်ဆယ်ရေးစခန်း၊ ရွှေဆံတော်ဘုရားကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကား
ပြောကြားကာ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရေဘေးသင့်ကျေးရွာများသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment