Friday, August 31, 2018

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ပွဲတက်ရောက်

Image may contain: 1 person, child and outdoor
ညောင်ရွှေ သြဂုတ် ၃ဝ
ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ရေလယ်ဗိုလ်တဲ၌ သြဂုတ် ၂၉ ရက် နံနက် ၇ နာရီတွင် ပြုလုပ်သော အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးတင်ထွန်းလင်းက ငါးမျိုးစိုက်ထည့်ရခြင်းအကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ငါးဖိန်းကောင်ရေ ၁၅ဝဝဝဝ၊ ငါးမြစ်ချင်းကောင်ရေ၃ဝဝဝဝ၊ ငါးခုံးမကောင်ရေ ၄ဝဝဝဝ၊ မြက်စားငါးကြင်းကောင်ရေ ၃ဝဝဝဝ စုစုပေါင်းငါးကောင်ရေ ၂၅ဝဝဝဝ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းလေးကန် ဝဲ၊ ယာသို့ သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား စက်တပ်ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညောင်ရွှေမြို့မှ အင်းလေးသို့အဝင် အိမ်ထောင့်ကြီးကျေးရွာအနောက်ဘက်တွင် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် သောင်တူးစက်စမ်းသပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
အဆိုပါသောင်တူးစက်မှာ အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းစောင့်ရှောက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၁ဝဝဝ ဖြင့် ဝယ်ယူထားရှိပြီး တစ်နာရီလျှင် မြေကျင်း ၄ဝ မှ ၅ဝ အထိ တူးဖော်နိုင်ပြီး သဲနုန်းများကို ပေ ၂ဝဝဝ အထိ စွန့်ပစ်နိုင်သည်။ ထပ်ဆင့်တွန်းစက်ငယ်နှင့် တွဲစပ်အသုံးပြုပါက ပေ ၄ဝဝဝ အထိ စွန့်ပစ်နိုင်သည့် ကွန်ပျူတာစနစ်သုံးစက်ဖြစ်သဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့ မြို့တော်ခန်းမ၌ပြုလုပ်သော ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ကြီးမှူးဆောင်ရွက်သည့် အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ခန်းမအတွင်းဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းပြခန်းများကို လိုက်လံကြည့်ရှုသည်။
အဆိုပါသင်တန်းတွင် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ ကုမ္ပဏီ ၁ဝ ခုမှ ပြခန်းများ ခင်းကျင်းပြသထားပြီး သင်တန်းသို့ ဒေသအသီးသီးမှ သင်တန်းသားဦးရေ ၄၅ဝ တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment