Thursday, August 30, 2018

ရန်ကုန်-ပုဂံအမြန်ရထားအစုန်၊အဆန် ရထား တွဲဆိုင်းများ ယနေ့ မှစ၍ပုံမှန်ပြန်လည် ပြေးဆွဲ

Image may contain: outdoor
ရန်ကုန် ၊ သြဂုတ် ၃၀
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့်ရထားလမ်းပိုင်းအချို့ ရေကျော်ခဲ့ ပြီး အမှတ် ၆၁ အဆန်၊ ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ် ၆၂ အစုန် ပုဂံ-ရန်ကုန်အမြန်ရထားတွဲဆိုင်းကိုသြဂုတ် ၂၉ ရက်တွင် ၁ ရက်တာ ယာယီရပ်နားခဲ့ ရာအဆိုပါအစုန်၊အဆန် ရထား တွဲဆိုင်းများကိုယနေ့ မှစ၍ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်းနှင့် ရထားစီးခရီးသည်များအနေဖြင့်  ပုံမှန်အတိုင်း လက်မှတ်ဝယ်ယူစီးနင်းနိုင်ကြပြီဖြစ်ကြောင်းမြန်မာ့ မီးရထားမှယနေ့ ထုတ်ပြန်ချက်အရသိရသည်။
သြဂုတ် ၂၉ ရက်နံနက်အစောပိုင်းကဖြစ်ပွားခဲ့ သော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စုရှိဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်စဉ်ကြောင့်  ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ကုန်းကြီးဘူတာနှင့်ဆွာဘူတာကြား၌ ရထားလမ်းပိုင်းပေါ်သို့ ရေကျော်မှုများဖြစ်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉၀/ ၁၈-၂၄ကြား၌ တာဘောင်ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ကြောင်း၊ရန်ကုန်-ပုဂံလမ်းပိုင်းရှိ လှေဝန်း- ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂၀ကြား တွင်လည်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သဲမြေများဖုံးလွှမ်းသွားခဲ့ သဖြင့် လမ်းပိတ်ခဲ့ရပြီး သြဂုတ် ၂၉ ရက်ပြေးဆွဲ ပေးမည့် အမှတ် ၆၁ အဆန် ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ် ၆၂ အစုန် ပုဂံ-ရန်ကုန်အမြန်ရထားတွဲဆိုင်းကို ယာယီရပ်နားထားခဲ့ရကာရထားလက်မှတ်ဝယ်ယူထားကြသည့် ရထားစီးခရီးသည်များအားရထားစီးလက်မှတ်ခငွေများ ပြန်အမ်းပေးခဲ့ ရကြောင်းသိရသည်။
အလားတူယင်းရက်နံနက်ပိုင်းကဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက်မှ နံရံပြိုကျကာ ဆွာချောင်းတစ်လျောက်ရေများလုံးဆင်းလာခဲ့ ၍ ရထားလမ်းရေကျော်မှုဖြစ်ပွားခဲ့  ပြီးလမ်းပိုင်းပိတ်သွားခဲ့သဖြင့် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာသို့ ထွက်ခွာပေးရမည့် အမှတ် ၅ အဆန်အမြန်ရထားနှင့် အမှတ် ၃ အဆန်အမြန်ရထား တွဲဆိုင်း၊နေပြည်တော်သို့ ထွက်ခွာပေးရမည့် အမှတ် ၇ အဆန်အမြန်ရထားတွဲဆိုင်းများကိုယာယီရပ်နားထားခဲ့ ရကာရထားခရီးစဉ် ဖျက်သိမ်းခဲ့ရ သဖြင့် သြဂုတ် ၂၉ ရက်ခရီးစဉ်ဖြင့် လက်မှတ်ဝယ်ယူထားကြသည့် ရထားစီးခရီးသည်များအားရထားစီးလက်မှတ်ခငွေများ ပြန်အမ်းပေးခဲ့ ကြောင်းမြန်မာ့ မီးရထားမှသိရသည်။
ထို့ အပြင် မန္တလေးဘူတာမှထွက်ခွာပေးရမည့် အမှတ် ၆ အစုန် အမှတ် ၄ အစုန်အမြန်ရထားတွဲဆိုင်းများနှင့် နေပြည်တော်ဘူတာမှ ထွက်ခွာပေးရမည့် အမှတ် ၈ အစုန်အမြန်ရထားတွဲဆိုင်း၊ သာစည်ဘူတာ မှထွက်ခွာပေး ရမည့်အမှတ် ၁၀ အစုန်ရထားတွဲဆိုင်းများကို ယခုအခါယာယီရပ်နားထားပြီး ရထားလမ်းရေကျော်လမ်းပိတ်နေသည့်နေရာများအားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဦးဆောင်မှုဖြင့်  ရထားလမ်းပိုင်းအမြန်ဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့်အခြေအနေအား ခရီးသွားပြည်သူများသို့ အချိန်နှင့်တပြေးညီ အသိပေးကြေငြာသွားမည် ဖြစ်ကြောင်းမြန်မာ့ မီးရထားလုပ်ငန်းမှယနေ့ ထုတ်ပြန်ချက်အရသိရသည်။
သတင်း (ပွင့်သစ္စာ)
ဓာတ်ပုံ စိုးမြင့် အောင်

No comments:

Post a Comment