Thursday, August 30, 2018

တပ်ရင်း၊ တပ်ဖွဲ့များမှ စွန့်လွှတ်မြေများအား ခရိုင်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းအပ်နှံ

Image may contain: 5 people
မြစ်ကြီးနား သြဂုတ် ၂၉
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက စွန့်လွှတ်မြေများအား မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းအပ်နှံခြင်းကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စွန့်လွှတ်မြေများကို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သကဲ့သို့ တိုင်ကြားစာများကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ခရိုင်၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းအောင် (ဦးစီးအရာရှိ ၊ ပထမတန်း စစ်ထောက် လုပ်ငန်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်းမှ စွန့်လွှတ်မြေများအား မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းအပ်နှံရာ မိုးညှင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေး
မှူးက လက်ခံရယူခဲ့ကြသည်။
အခမ်းအနားတွင် တပ်မတော်မှ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၇-၁) ပျဉ်တောကွင်းရှိ စွန့်လွှတ်မြေ ၇၅ ဒသမ ၇၂ဧက၊ မိုးညှင်းမြို့နယ်အတွင်းရှိ အုတ်ကျင်းကျေးရွာ ကွင်းအမှတ် (၈၃+၈၄)၊ နောင်တီသိုက်ကွင်းရှိ စွန့်လွှတ်မြေ ၂၅ ဒသမ ၂ဝ ဧက၊ ညောင်ပင်သာကျေးရွာအုပ်စု ကွင်းအမှတ်၂၈၉၊ ဇောတိကုန်းကွင်းရှိ စွန့်လွှတ်မြေ၇ ဒသမ ၂၁ ဧကနှင့် ၃၂ ဒသမ ၂၈ ဧက၊ နန့်စော်လော်ကျေးရွာအုပ်စု ကွင်းအမှတ်၂၅၁၊ နန့်စော်လော်မြောက်ကွင်းရှိ စွန့်လွှတ်မြေ ၈ ဒသမ ၃ဝ ဧကနှင့် ကွင်းအမှတ် ၂၅၂၊ နန့်စော်လော်ရွာကွင်းရှိ ၃ဝ ဒသမ ၂၆ ဧကကို လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment