Thursday, August 30, 2018

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်ခြမ်း ပဲ့ကျခဲ့မှုအား ပြန်လည်ပြင်ဆင်နိုင်ရန် ယနေ့စတင်ဆောင်ရွက်သွားမည်

Image may contain: ocean, sky, cloud, beach, outdoor, nature and water
နေပြည်တော် သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ဆွာချောင်း ရေလှောင် တမံရေပိုလွှဲယာဘက်ခြမ်း ပဲ့ကျခဲ့မှုအား ပြန်လည်ပြင်ဆင်နိုင်ရန် မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ ယနေ့စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်လွင်ထွန်းက ''ပဲ့ကျသွားတဲ့ ရေပိုလွှဲယာဘက်အခြမ်းကို ပြင်ဆင်နိုင်ဖို့ ဒီနေ့မှာမြေပြင်တိုင်းတာမှုတွေ စပြီးလုပ်ဆောင်သွားမယ်။ အထဲကို ကားကတိုက်ရိုက်ဝင်လို့ မရသေးဘူး။ ဒါပေမယ့် ဆိုင်ကယ်နဲ့တော့ သွားလို့ရတဲ့အတွက် ဒီနေ့ညနေပိုင်းမှာ စပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြေပြင်တိုင်းတာမှု လုပ်တာ၊ ကောင်းတဲ့ မြေအမျိုးအစား ရှာဖွေတာ စတဲ့ လုပ်ငန်းတွေကို ညနေပိုင်းကစပြီး တောက်လျှောက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်'' ဟု ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ သည် ယနေ့နံနက် ၆ နာရီခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်ခြမ်း ပဲ့ကျခဲ့သဖြင့် ရေထွက်မှုများလာပြီး မူလချောင်း ရေပြည့်ရေလျှံကာ ယင်းပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဟောင်းနှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့အပါအဝင် ကျေးရွာများ တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ ရန်ကုန်-နေပြည်တော်လမ်းအပိုင်း မိုင်တိုင် အမှတ် ၁၆၅/၄ နှင့် ၁၆၆/ဝ အကြား လေးဖာလုံခန့်တွင် ဆွာချောင်း ရေလှောင်တမံဘက်မှ စီးဆင်းလာသော ရေများကြောင့် လမ်းပေါ် နှစ်ပေခန့် ရေကျော်မှုဖြစ်ပေါ်ကာ ဆွာချောင်းတံတား၊ တံတားတိုင် RP 1 သည် တစ်ပေခွဲ ခန့်နိမ့်ကျသွားပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၉၉/၄ တွင်လည်း ရေကျော်မှု ဖြစ်ပေါ်ခဲ့သည်။
ဆွာချောင်း ရေလှောင်တမံဘက်မှ စီးဆင်းလာသော ရေများကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတား အသွားအပြန် တံတားနှစ်စင်းမှ တံတားတစ်စင်းသည် တံတားတိုင် တစ်ပေခွဲခန့်နိမ့်ကျမှုဖြစ်ခဲ့ သော်လည်း ကျန်တံတားတစ်စင်းမှ အသွားအပြန် ဖြတ်သန်းခွင့်ကို နံနက် ၁ဝ နာရီ မိနစ် ၅ဝ ခန့်မှ စတင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
''မနက်က ရေပိုလွှဲ ယာဘက်ခြမ်း ပဲ့ကျခဲ့ပြီးတော့ ရေပိုလွှဲက ရေပို ထွက်တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်။ မနက်ကထက်စာရင် ရေကတော်တော်လျော့သွားပါ ပြီ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဆွာချောင်းဖြတ် အသွားလမ်းနဲ့ အပြန်လမ်း တံတားနှစ်စင်းမှာ တံတားတစ်စင်းက နိမ့်ကျသွားတာဖြစ်သွားခဲ့ တဲ့အတွက် ပထမဖြတ်သန်းခွင့်မပြုဘူး။ အခုတော့နောက်တစ်စင်းကနေ အသွား ရော၊ အပြန်ရော တစ်လှည့်စီဖြတ်သန်းခွင့်ပြုနေပါပြီ။ ရန်ကုန်-မန္တလေး လမ်းဟောင်းမှာတော့ ရေက နည်းနည်းကျော်နေသေးတယ်။ တမံမှာလည်း ရေကကျသွားပါပြီ။ ပြီးတော့ ရေကျော်ကျတာက ရေပိုလွှဲက ပဲ့ကျပြီးဖြစ်တာ ဖြစ်ပြီးတော့ တမံအခြေအနေက ကောင်းပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ရေက ဆက်ပြီး ကျဖို့ပဲရှိပါတယ်။ အခုအမြန်လမ်း ပြန်ဖြတ်သန်းနိုင်ပြီ၊ ပြီးရင် လမ်းဟောင်းကလည်း ပြန်ဖြတ်နိုင်တော့မယ်''ဟု ဒေါက်တာဇော်လွင်ထွန်းက ပြောကြားသည်။
ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ ယာဘက်ခြမ်း ပဲ့ကျမှုပြန်လည် ပြင်ဆင်နိုင်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ယနေ့ညနေ ၅ နာရီအထိ စာရင်းများအရ ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၈၂ ရွာ သို့ ရေဝင်ရောက်ခဲ့ကြောင်းသိရပြီး ရေတာရှည်မြို့နယ်အတွင်း ကယ်ဆယ်ရေး စခန်း ၁၇ ခု၊ တောင်ငူမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာများအတွက် ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးမှူးရုံးမှတစ်ဆင့် စားနပ်ရိက္ခာများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
သတင်းစဉ်

No comments:

Post a Comment