Thursday, August 30, 2018

နျူကလီးယားစွန့်ပယ်ရေးလုပ်ဆောင်ချက်များ စတင်လုပ်ဆောင်ပါက အမေရိကန်က ပြုံယမ်းနှင့်လက်တွဲမည်ဟုဆို

Image may contain: one or more people
ဝါရှင်တန် သြဂုတ် ၂၉
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် အပြီးတိုင်စွန့်ပယ်မည်ဟု ခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုပြောကြား ခဲ့သည့်အတိုင်း နျူကလီးယားလက်နက် စွန့်ပယ်ရေး စီစဉ်မှုများကို စတင်အကောင် အထည်ဖော်မည်ဆိုပါက အမေရိကန်နိုင်ငံ အနေဖြင့် ပြုံယမ်းနှင့် လက်တွဲသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ယနေ့ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။
ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း နျူကလီးယားလက်နက် စွန့်ပယ်ခြင်းဆိုင်ရာ မည်သည့် လုပ်ဆောင်ချက်ကိုမျှ ပြုံယမ်းက လုပ်ဆောင်ခြင်း မရှိသေးသည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ မြောက်ကိုရီးယားခရီးစဉ် နှင့်ပတ်သက်သည့် အစီရင်ခံစာတစ်ရပ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနာယုက သြဂုတ် ၂၈ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်း ပွဲ၌ ဖတ်ပြခဲ့သည်။
အဆိုပါကြေညာချက်တွင် မြောက်ကိုရီးယား နိုင်ငံက ၎င်း၏ နျူကလီးယားလက်နက်များကို အပြီးတိုင် စွန့်ပယ်မည်ဟု ခေါင်းဆောင် ကင်ဂျုံအန်နှင့် သမ္မတထရန့်တို့ စင်ကာပူနိုင်ငံ တွင် ကျင်းပခဲ့သော နှစ်နိုင်ငံ ထိပ်သီးအစည်း အဝေးပွဲတွင် သဘောတူညီခဲ့သည့်အတိုင်း နျူကလီးယားလက်နက် ကင်းစင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို စတင်အကောင် အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် ပြုံယမ်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း ပါရှိသည်။
သမ္မတထရန့်အစိုးရအဖွဲ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ မြောက်ကိုရီးယားခရီးစဉ်ကို သွားရောက်ရန် ရွှေ့ဆိုင်းလိုက်ခြင်းမှာ မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချို၏ ပေးစာတစ်စောင်ရရှိခဲ့ပြီး နောက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများက သတင်းရေးသား ဖော်ပြကြသည်။
ပြုံယမ်း၏ နျူကလီးယားလက်နက်အပြီးတိုင် ကင်းစင်ရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးရန် လိုအပ် ကြောင်း အဆိုပါပေးစာတွင် ပါရှိသည်ဟု သတင်းမီဒီယာများက ဆိုသည်။
သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက အဆိုပါပေးစာနှင့်ပတ်သက်ပြီး အတည်ပြုပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment