Friday, August 31, 2018

ဂျပန်ကခေါ်တာမှန်ပေမယ့် ကျွန်တော်တို့ဘက်က အရည်အသွေးကို ဖြည့်တင်းပြီးမှသာ သွားရောက်နိုင်မယ်ဆိုတာကိုတော့ သတိချပ်စေလိုပါတယ်

Image may contain: 4 people, people sitting
ဦးပီတာညွန့်မောင်
(အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးစကားဝိုင်း)
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံအတွင်း ကဏ္ဍစုံတွင် လုပ်ကိုင်နေကြသည့် လုပ်သားအရင်းအမြစ်များ အားကောင်းပြီး အရည်အသွေးပြည့်ဝသည့် လုပ်သားများပေါ်ထွက်မှသာ စီးပွားရေးဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်မည်ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးစကားဝိုင်းကို သြဂုတ် ၂၁ ရက်က နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဆက်လက်ကျင်းပခဲ့သည်။
စကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်အေဂျင်စီများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
(ယမန်နေ့မှ အဆက်)
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်။ ။ ကျွန်တော်က တော့ ကုန်ထုတ် စွမ်းအားတွေ မြှင့်တင်နိုင်ဖို့အတွက် လုပ်ငန်းခွင် အေးချမ်း သာယာမှုရှိဖို့လည်း လိုအပ်တယ်လို့ ဖြည့်စွက်ပြောကြား လိုပါတယ်။ ဒီလိုအေးချမ်းသာယာဖို့အတွက် အလုပ်ရှင် ရော၊ အလုပ်သမားရော အလုပ်သမားရေးရာဆိုင်ရာ၊ လုပ်ငန်းခွင်ရေးရာဆိုင်ရာ ဥပဒေတွေကိုလည်း သိနားလည်ဖို့ လိုအပ်ပါတယ်။ ပေးအပ်ရမယ့် အခွင့်အရေးတွေကို အပြည့်အဝပေးအပ်သင့်တယ်လို့လည်း မြင်ပါတယ်။ တစ်ဖက်မှာလည်း ဘယ်လိုပြဿနာ၊ ဘယ်လိုအငြင်းပွားမှု ဖြစ်ဖြစ် စားပွဲဝိုင်းအဆင့်ဆင့် ဆွေးနွေးတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှုလို့ ပြောလိုပါတယ်။ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အတွက် ယန္တရားကြီးရှိပါတယ်။
ဆန္ဒပြနေမယ်ဆိုရင်
စက်ရုံတိုင်းမှာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေရှိတယ်။ သူတို့တွေက မန်နေဂျာ၊ အလုပ်ရှင်တို့နဲ့ အဆင့်ဆင့် ညှိနှိုင်းဖို့လိုအပ်ပါတယ်။ ပြဿနာရှိတိုင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေမယ်ဆိုရင် ကုန်ထုတ်စွမ်းအား တိုးတက်ဖို့ နေနေသာသာ လုပ်ငန်းခွင်အေးချမ်းဖို့မပြောနဲ့ အလုပ် အကိုင်တည်မြဲဖို့ကိုပါ အနှောင့်အယှက်ဖြစ်တယ်ဆိုတာ အလုပ်သမားတွေ သိစေလိုပါတယ်။
ကိုထွန်းထွန်း ဆွေးနွေးသွားခဲ့သလိုပါပဲ၊ အမျိုးသား အဆင့် ကျွမ်းကျင်ဖွံ့ဖြိုးမှုစံသတ်မှတ်ချက်NSSA ရဲ့ စစ်ဆေးမှုလေးတွေကို ပြောပြလိုပါတယ်။ အဲဒီမှာ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ စစ်ဆေးတဲ့နေရာမှာ ကျွန်တော်တို့က သတ်မှတ်ချက်တွေ ကို လျှော့ထားတာ လုံးဝမရှိပါဘူး။ လူ ၁ဝဝ ဖြေလို့ လူ ၁ဝဝ လုံး ဘယ်လိုမှ အောင်မြင်ဖို့ မလွယ်ပါဘူး။ ဥပမာ မကြာသေးမီက လေအေးပေးစက်ပြုပြင်မှုကျွမ်းကျင် တဲ့ကလေးတွေ၊ သူတို့က အပြင်က နာမည်ကြီးလုပ်ငန်း တစ်ခုမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ပါတယ်။
သူတို့က အသိအမှတ်ပြုလက်မှတ်လိုချင်တဲ့အတွက် လာပြီးစစ်ဆေးခံကြပါတယ်။ လာဖြေတာက ၂၄ ဦးရှိပြီး ၁၉ ဦးအောင်မြင်ပါတယ်။ ကျန်တဲ့သူတွေက သူတို့ ဘာကြောင့် မအောင်မြင်သလဲဆိုတာ Complain လုပ်ကြပါတယ်။ သူတို့တွေဟာ အပြင်မှာ Professional အသက်မွေးနေကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်မှုSkillsတွေ သတ်မှတ်တဲ့အခါ အလုပ်အကိုင် တွေကို သတ်မှတ်တဲ့အချိန်အတွင်းမှာ သပ်သပ်ရပ်ရပ်နဲ့ စံချိန်စံညွှန်းမီမီနဲ့ လုပ်ဆောင်နိုင်ဖို့ဆိုပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေ ထားပါတယ်။ ဒါကိုလည်း NSSA ထုတ်ပေးရေး အဖွဲ့က စနစ်တကျနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဦးထွန်းထွန်း။ ။ ဟုတ်ကဲ့။ လက်တွေ့မှာ ကျွန်တော်တို့က ဥပဒေတွေ၊ စည်းမျဉ်း၊ စည်းကမ်း တွေ ထုတ်ပြန်တဲ့အခါ အမှန်တကယ် အသုံးတည့်ရဲ့လား၊ လက်တွေ့မှာ အဆင်ပြေနိုင်မလားဆိုတာတွေ စစ်တမ်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အခု ဖြစ်နေတာက ဥပဒေတစ်ခုထုတ်လိုက်တယ်။ ဒါပေမယ့် သေသေချာချာImpalement လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းက ကျွန်တော်တို့ ရန်ကုန်ကလူတွေ ပိုပြီးသိနိုင်ကြပါတယ်။ ဥပမာ လူကူး မျဉ်းကျားမှာ မော်တော်ကားရပ်ရမယ်ဆိုတာ ကိုယ့်တိုင်းပြည်မှာ မသိသလို ဖြစ်နေကြတယ်။ ကားရှင်းမှ လူက ကူးနိုင်ကြတယ်။ ပြောင်းပြန်တွေ ဖြစ်နေတယ်။
အရေးယူ မဖြေရှင်းတဲ့အခါ
ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဆီမှာ သေးသေး လေးတွေကို အရေးယူ မဖြေရှင်းတဲ့အခါ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူးဆိုတာတွေများလာပြီး အချို့ Sectorတွေ မှာ အကြီးကြီးတွေ ဖြစ်လာရတယ်။ ဒါကြောင့် ဥပဒေတွေ၊ ညွှန်ကြားချက်တွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေဟာ တကယ် လက်တွေ့ကျင့်သုံးနိုင်မလား၊ နောက်ကနေ Rules of Law က လိုက်နိုင်မလား ဆိုတာတွေကို သေသေချာချာ သုံးသပ်ပြီးမှ ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ တားမြစ်ချက် နဲ့ ဒဏ်ကြေးက မလျော်ကန်ရင် အဆင်မပြေနိုင်ပါဘူး။
ဝန်ကြီး ဦးဇော်အေးမောင်။ ။ ရန်ကုန်တိုင်းဒေသကြီး မှာတော့ စည်ပင်သာယာ ဥပဒေလည်း ရနေပါပြီ။ နည်းဥပဒေကိုလည်း ရေးဆွဲနေ ပါပြီ။ အဲဒါအရကတော့ အခု ကိုထွန်းထွန်း ပြောသွား တာတွေ အပေါ်မှာလည်း Action Plan တွေ ပါလာပါ လိမ့်မယ်။ မီးနဲ့ပတ်သက်လို့ပြောရရင် အပူဆုံးလ မေလ မှာတောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဂ္ဂါဝပ် ၁၅၄ဝ ကျော် ပေးအပ်နိုင်ခဲ့ပါတယ်။ အခုလာမယ့် နွေမှာလည်း ရန်ကုန်လျှပ်စစ် ဘုတ်အဖွဲ့ကနေ မဂ္ဂါဝပ် ၁၆၂ဝ အထိ ပေးနိုင်မယ်လို့ YESC က အခုပဲပြောပါတယ်။
တစ်ခုရှိတာက ကျွန်တော်တို့ဆီမှာ မီးကြိုးတွေ အားနည်းချက်လည်း ရှိနေပါတယ်။ ပြန်လည်ပြင်ဆင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က တင်ပြထားတာရှိပါတယ်။ နိုင်ငံ တိုင်းဟာ တိုးတက်မှုကို လျှပ်စစ်ဘယ်လောက် သုံးစွဲသလဲ ဆိုတာနဲ့ တိုင်းတာကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားက တစ်နိုင်ငံလုံးရဲ့ ထက်ဝက်ကျော် ဖြစ်နေတာမို့ ဘယ်လောက်တိုးတက်သလဲ ဆိုတာ ကြည့်ရင် သိနိုင်ပါတယ်။
အစီအစဉ်မှူး။ ။ အခုလို အားလုံးစိတ်ပါလက်ပါနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးနေကြ တာ ဝမ်းသာမိပါတယ်။ ဆက်လက်ပြီးတော့လည်း အလုပ် အကိုင်အခွင့်အလမ်းတွေ တိုးတက်ဖို့နဲ့ စီးပွားရေးအခွင့် အလမ်းတွေ မြင့်မားဖို့အတွက် ဝန်ကြီးဌာနကနေ တစ်ထောင့်တစ်နေရာက ပံ့ပိုးပေးနေတဲ့အပိုင်းတွေကို လည်း ပြောကြားစေလိုပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်။ ။ အားလုံးက ကုန် ထုတ် စွမ်းအား တိုးတက်ရေးအတွက် အလေးထားဆွေးနွေးနေခဲ့ကြတာပါ။ စံချိန်မီတဲ့ ကုန်ထုတ်စွမ်းအားတွေဖြစ်မှသာ အကျိုးအမြတ် ရရှိပြီး အဲဒီမှသာ အလုပ်သမားတွေလည်း ပိုပြီးအဆင်ပြေ နိုင်မှာပါ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကNational Skills Standard Authority (NSSA) မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ မြန်မာလုပ်သားဈေးကွက်နဲ့ ကိုက်ညီမယ့်လုပ်ငန်းအမျိုးအစား ၃ဝ ကို လက်ရှိ ဆောင်ရွက်နေပါတယ်။
စစ်ဆေးအကဲဖြတ်
အဆင့်အားဖြင့် Level 1 မှ 4 အထိ လေးဆင့် သတ်မှတ်ထားပါတယ်။ လာရောက်ဖြေဆိုသူတွေဟာ ကျွမ်းကျင်မှုရှိဖို့ လိုပါတယ်။ ကျွမ်းကျင်လက်မှတ် ရထားပြီ ဆိုပြီးတော့ ပေါ့ဆလို့မရပါဘူး။ လုပ်ငန်းရှင်တွေကလည်း ကိုယ့်အလုပ်သမားတွေကို အမြဲတမ်း အဆင်သင့်ဖြစ်နေ အောင်၊ ကျွမ်းကျင်နေအောင် လုပ်ပေးမှသာ ကုန်ထုတ် စွမ်းအားတွေ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဝန်ကြီးဌာန က စက်မှုဇုန်တွေမှာဆိုရင် အထည်ချုပ်စက်ရုံတိုင်း လေ့ကျင့်ရေးစင်တာတွေ ဖွင့်နိုင်ဖို့ ကြိုးစားထားပါတယ်။ အစိုးရရော၊ ပုဂ္ဂလိကအပါအဝင် စစ်ဆေးအကဲဖြတ်ဌာန ၁ဝဝ ကျော် ရှိပါတယ်။
စစ်ဆေးအကဲဖြတ်သူ ၄ဝဝ ကျော် မွေးထုတ်ပေးနိုင် ခဲ့ပြီး ကျွမ်းကျင်မှုလက်မှတ်အဆင့် (၁)၊ (၂) ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ကနေ ယနေ့အထိ လုပ်သား ၇၂ဝဝ ကျော် စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အဆင့်မီတဲ့ လုပ်သား ၆၂ဝဝ ကျော်ကို လက်မှတ်ထုတ်ပေးနိုင်ခဲ့ပါတယ်။
အနာဂတ်အစီအမံအနေနဲ့ ဝန်ကြီးဌာနက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စက်စဲနဲ့ ပုသိမ်မြို့တွေမှာ လေ့ကျင့်ရေး သင်တန်းကျောင်း ခြောက်ခု ဖွင့်လှစ်ထားပါတယ်။ အဲဒီကနေ ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်တဲ့သင်တန်း စတဲ့ သင်တန်းများအပြင် JICA နဲ့ ပူးပေါင်းပြီး လက်သမား သင်တန်း၊ ပန်းရန်သင်တန်းနဲ့ သံချည်သံကွေးသင်တန်းတွေ ကိုလည်း ပို့ချပေးနေပါတယ်။
ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။ လာမယ့်နှစ်မှာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုစံဖြစ်တဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအပါအဝင် အခြား လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုစာအုပ်ထုတ်ဝေဖို့ စီစဉ်နေပါတယ်။
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး
စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ လုပ်ငန်းရှင်တွေနဲ့ပဲ လုပ်ကိုင်လို့မရပါဘူး။ အလုပ်သမား တွေကလည်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးမှာ အဓိကကျပါ တယ်။ ကိုယ့်အလုပ်သမားတွေရဲ့ အရည်အသွေးမြင့်မား မှသာ ကုန်ထုတ်စွမ်းအားတွေတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေကလည်း ကိုယ့်အလုပ်သမားတွေ ကျွမ်းကျင်မှုရှိလာအောင် အလေးထားဆောင်ရွက်ပေးပါလို့ ပြောလိုပါတယ်ခင်ဗျာ။
အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ပြည်ပအလုပ် အကိုင်တွေနဲ့ ပတ်သက်ပြီးတော့လည်းဆွေးနွေးပေးပါဦး။
ဦးပီတာညွန့်မောင်။ ။ အစီအစဉ် ပထမပိုင်းတုန်းကဝန်ကြီးမေးသွားတာ ရှိပါတယ်။ ဂျပန်ကို အလုပ်သမားဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံအစိုးရတို့ MoU လက်မှတ်ထိုးပြီးဖြစ်တဲ့အတွက် မြန်မာအလုပ်သမား တွေအတွက် အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာ ပြီဖြစ်ပါတယ်။ သူတို့ဘက်က လာပြီးဆွေးနွေးတဲ့အခါ အနာဂတ်ကို စဉ်းစားတတ်တဲ့နိုင်ငံပီပီ မြန်မာနိုင်ငံကို တော်တော်လေးမျှော်လင့်ထားတဲ့ပုံစံရှိတာ သိရပါတယ်။ အဲဒီထဲမှာမှ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ မသန်စွမ်း စောင့်ရှောက်ရေးဂေဟာတွေမှာဆိုရင် အလုပ်သမားဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးသိန်းလောက် လိုအပ်နေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် သွားရောက်လိုတဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကတော့ တော်တော်လေး လိုအပ်ပါတယ်။ ဘာသာစကားကိုလည်း ကျွမ်းကျင်ရမှာ ဖြစ်ပြီး လစာအနေနဲ့ကတော့ သင့်တော်များပြားတဲ့ အနေအထားဖြစ်မှာပါ။ ဒါ့အပြင် အင်ဂျင်နီယာတွေနဲ့ အိုင်တီကျွမ်းကျင်သူတွေကိုလည်း ခေါ်ယူလာပါတယ်။ သွားရမယ့်အခွင့်အလမ်းတွေ များလာပေမယ့် စဉ်းစား စရာလည်း ရှိပါတယ်။
ကျွမ်းကျင်မှုပြဿနာ
ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေဟာ အခြေခံ အလုပ်သမားတွေအဖြစ် ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့ မှာ သွားပြီးအလုပ်လုပ်ကြပါတယ်။ သူတို့ရဲ့ပုံစံနဲ့တော့ ဂျပန်နဲ့ သိပ်တူမှာမဟုတ်ပါဘူး။ အဲဒီလိုသွားလုပ်တဲ့ သူတွေထဲမှာ အင်္ဂလိပ်စာကို သင်ပုန်းမကျေသူတွေလည်း ပါပါတယ်။ အလုပ်ရှင်မဆိုးရင် ပြဿနာမရှိပေမယ့် အလုပ်ရှင်က မကောင်းတဲ့အခါ ပညာအရည်အချင်း အားနည်းပြီး ဗဟုသုတနည်းပါးမယ်ဆိုရင် အခက်အခဲ တွေ အများကြီးရှိသလို စေလွှတ်တဲ့ အေဂျင်စီတွေမှာလည်း တာဝန်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် မသွားခင် ကတည်းက ကျွန်တော်တို့က ရှင်းပြကြရပါတယ်။ ဒါကြောင့် အဓိကကတော့ ကျွမ်းကျင်မှုပြဿနာဖြစ်ပါတယ်။ အခု ဂျပန်ကခေါ်တာမှန်ပေမယ့် ကျွန်တော်တို့ဘက်က အရည်အသွေးကို ဖြည့်တင်းပြီးမှသာ သွားရောက်နိုင် မယ်ဆိုတာကိုတော့ သတိချပ်စေလိုပါတယ်။
အစီအစဉ်မှူး။ ။ လုပ်သားအင်အားနဲ့ ပတ်သက်ပြီးတော့ စစ်တမ်းတွေ နှစ်စဉ် ကောက်ယူနေတဲ့ အကြောင်းကိုလည်း ရှင်းပြဆွေးနွေးပေးပါဦး။
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်။ ။ ကျွန်တော်တို့ ဝန်ကြီး ဌာနက စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားတွေရဲ့ စာရင်းတွေကို နှစ်စဉ် ကောက်ယူလျက်ရှိပါတယ်။ ၂ဝ၁၇ ခုနှစ်က စက်မှုဇုန်တွေမှာ အလုပ်ဌာနပေါင်း ၇ဝဝဝ ကျော် နဲ့ လုပ်သား ငါးသိန်းလောက်ရှိနေပြီး စက်မှုဇုန်ပြင်ပမှာ အလုပ်ဌာနပေါင်း နှစ်သိန်းနဲ့ အလုပ်သမားပေါင်း ၁၁ သန်းကျော်ရှိကြောင်း သိရပါတယ်။ ကောက်ခံနေတဲ့ အခြေခံအချက်အလက်တွေကတော့ အိမ်ထောင်စုတွေ ဘယ်လိုပေါင်းစပ်ဖွဲ့စည်းထားသလဲ၊ လူဦးရေနဲ့ ပညာရေး အဆင့်အတန်းတွေ၊ အသက် ငါးနှစ်အထက် အိမ်ထောင်စု ဝင်တွေရဲ့ လက်ရှိအလုပ်အကိုင်၊ အသက် ၁၄ နှစ်အထက် အိမ်ထောင်စုဝင်တွေရဲ့ လွန်ခဲ့တဲ့ တစ်ပတ်က လုပ်ခဲ့တဲ့ အလုပ်တွေ စသဖြင့် ILO ရဲ့ နည်းပညာအကူအညီသုံးပြီး ကောက်ယူနေခဲ့ပါတယ်။
လုပ်သားအင်အားစစ်တမ်း
၂ဝ၁၆ ခုနှစ်မှာ လုပ်သားအင်အားစစ်တမ်း၊ ကလေး လုပ်သားအစီရင်ခံစာ၊ စစ်တမ်းတွေ၊ နှစ်ချုပ်အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားရှိသူ ၁၅ နှစ်နဲ့အထက် ၃၉ သန်းကျော်ရှိပါတယ်။ ဒီနေရာမှာ တကယ့်အလုပ်သမားကတော့ ၂၂ ဒသမ ၂၅ သန်းရှိပြီး လက်ရှိလုပ်နေတဲ့သူကတော့ ၂၂ ဒသမ ဝ၂ သန်း ရှိပါ တယ်။ အလုပ်လက်မဲ့နှုန်း တစ်ရာခိုင်နှုန်းနဲ့ လုပ်သား အင်အား အပြည့်အဝအသုံးမချနိုင်မှုကတော့ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။
ဒီစစ်တမ်းဟာ တစ်ကြိမ်တည်း ကောက်ခံလို့ရတဲ့ စစ်တမ်းမဟုတ်ပါဘူး။ စဉ်ဆက်မပြတ် လုပ်သားဈေးကွက် ဆိုင်ရာ အချက်အလက်တွေကို ပုံမှန်ရရှိဖို့အတွက် ကောက်ယူပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုကောက်ယူတဲ့ အချက်အလက်တွေဟာ နိုင်ငံတော်ရဲ့မူဝါဒတွေ ရေးဆွဲရာ၊ သုတေသနပြုစုရာနဲ့ စာတမ်းတွေ ရေးသားရာမှာ အများကြီး အထောက်အကူပြုပြီး နိုင်ငံတော်ကို အကျိုးပြုနေပါတယ်။
အစီအစဉ်မှူး။ ။ ဆွေးနွေးမယ်ဆိုရင်တော့ ဆွေးနွေး စရာ အချက်အလက်တွေ၊ စိတ်ဝင်စား စေမယ့် အကြောင်းအရာတွေဟာ ပြောလို့ကုန်မှာ မဟုတ် ပါဘူး။ အခုလည်း ပြည်သူတွေ၊ လုပ်သားတွေနဲ့ စီးပွားရေး လုပ်ကိုင်သူတွေအတွက် သင့်တင့်တဲ့အချက်အလက် ကောင်းတွေလည်း ဆွေးနွေးနိုင်ခဲ့ပြီဖြစ်လို့ အမြဲတမ်း အတွင်းဝန်ကပဲ နောက်ဆုံးပြောလိုတဲ့အချက်တွေနဲ့ စကား ဝိုင်းရဲ့ အနှစ်ချုပ်ကို ဆွေးနွေးပေးပါဦး။
အမြဲတမ်းအတွင်းဝန်။ ။ ဒီကနေ့ ကျွန်တော်တို့စကားဝိုင်း မှာ အဓိကဆွေးနွေးသွားတာက အလုပ်အကိုင် အခွင့်အလမ်းအကြောင်းတွေနဲ့ ကုန်ထုတ် စွမ်းအား တိုးတက်စေဖို့အတွက် ပြောသွားပါတယ်။ အလုပ် အကိုင်အခွင့်အလမ်းလို့ ပြောလိုက်တာနဲ့ အလုပ်သမား တစ်ယောက်က အလုပ်အကိုင် အခွင့်အလမ်းရဖို့အတွက် သူ့မှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုလိုအပ်ပြီ ဆိုတာ သိရမယ်။ ဆွေးနွေးကြတဲ့အထဲမှာ ပြည်တွင်းနဲ့ ပြည်ပ ပါဝင်ပါတယ်။ ကျွမ်းကျင်မှုကလည်း ပြည်တွင်းရော ပြည်ပမှာပါ လိုအပ်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို တတ်နိုင်သလောက် ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။
ညှိနှိုင်းဖြေရှင်း
ကုန်ထုတ်စွမ်းအားမြင့်မားဖို့အတွက် လုပ်ငန်းခွင် အေးချမ်းသာယာဖို့လိုအပ်သလို လုပ်ငန်းခွင်အေးချမ်း သာယာဖို့အတွက်လည်း အလုပ်သမားရေးရာဆိုင်ရာ ဥပဒေတွေကို အလုပ်ရှင်ရော၊ အလုပ်သမားတွေရော သိနားလည်ကြဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ် သမားဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုပေမယ့် တစ်ခါတစ်ရံမှာ အဖုအထစ်တွေရှိနေတတ်ပါတယ်။ ဒါကို ဖြေရှင်းတဲ့အခါမှာလည်း စနစ်တကျနဲ့ နည်းလမ်းကျနစွာ ညှိနှိုင်းဖြေရှင်းဖို့နဲ့ ဥပဒေကိုလေးစားဖို့ လိုအပ်ပါတယ်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးမှုတွေမှာလည်း အနှစ်ချုပ်လိုက်ရင် ပြည်ပကိုသွားတဲ့အခါ တရားဝင် လမ်းကြောင်းက သွားလာဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဝန်ကြီးဌာနက ဘယ်နိုင်ငံမှာ၊ ဘယ်မြို့မှာဖြင့် မြန်မာ အလုပ်သမား ဘယ်လောက်ရှိနေတယ်ဆိုတာကို သိရှိ နိုင်ပြီး လိုအပ်လာလို့ ကူညီမှုတွေပေးတဲ့အခါမှာလည်း အကျုံးဝင်မှာပါ။ ဥပမာပြောရရင် ဟိုတစ်လောက ရေတွေကြီး ကြတယ်။ အဲဒီတော့ မြန်မာအလုပ်သမားတွေများပါနေလား ဆိုတာ ရှာကြရတယ်။ စနစ်တကျ စာရင်းပြုစုထားနိုင်တဲ့ အတွက် တရားဝင်သွားဖြေရှင်းရာမှာလည်း လွယ်ကူပါတယ်။
အရာရာတိုင်းမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆိုတာ သုံးပွင့်ဆိုင်သွားနေကြပါတယ်။ ဥပဒေတွေရော၊ လုပ်ငန်းစဉ်တိုင်းမှာရော သုံးဦးသုံးဖလှယ် ပါဝင်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့ ပြဿနာ တွေ တက်နေမယ်၊ အစိုးရကလည်း သတ်မှတ်ချက်တွေကို အတင်းကာရော ပြဋ္ဌာန်းနေမယ်၊ အလုပ်ရှင်တွေကလည်း မလိုက်နာကြဘဲနေမယ်ဆိုရင် ဘယ်လိုမှမတိုးတက်နိုင်ပါဘူး။
ဒါကြောင့် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ အမြဲဆွေးနွေးငြင်းခုံနေကြရတာ များပါတယ်။ ကြာလာ တော့ ငြင်းရင်းခုံရင်းနဲ့ပဲ သူငယ်ချင်းတွေလို ဖြစ်လာနေကြ ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ အငြင်းပွားရတာဟာ အကျင့်တောင်ပါနေပါပြီ။ နောက်ပိုင်းမှာ တစ်ဦးရဲ့ ခြေလှမ်းကိုလည်း တစ်ဦးက မြင်တတ်နေကြပြီး အလုပ်ရှင် ရဲ့ခြေလှမ်း၊ အလုပ်သမားရဲ့ခြေလှမ်းနဲ့ အစိုးရရဲ့ခြေလှမ်း ကို စောင့်ကြည့်ကြ၊ အဖြေထုတ်ကြ၊ ငြင်းခုံကြနဲ့ပဲ နိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြု နေကြတာပါ။ ဒါကြောင့် ဒီစကားဝိုင်းကို ကြည့်ရှုဖြစ်သူ၊ ဖတ်ရှုဖြစ်သူတွေအတွက်လည်း အများကြီးအကျိုးရှိစေ မယ်လို့ ယုံကြည်ပါတယ်လို့ ပြောပါရစေ။ ။
ခင်ရတနာ၊ဓာတ်ပုံ-မေဦးမိုး

No comments:

Post a Comment