Friday, August 31, 2018

ကချင်ပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်

Image may contain: one or more people, people standing, sky, child, outdoor and nature
မြစ်ကြီးနား သြဂုတ် ၃ဝ
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ် တို့၌ သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း ခဲ့၍ ကားလမ်းရေကျော်မှုများ၊ လူနေအိမ်ခြေများအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်မီးသတ် ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေယျာမျိုးထံမှ သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း သြဂုတ် ၃ဝ ရက် နံနက် ၆ နာရီက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းခဲ့မှုကြောင့် ဗန်းမော်-မန္တလေး ကားလမ်းမပေါ်တွင် ရေတစ်ပေကျော် ဖုံးလွှမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးအောင်ကိုကို ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အန္တရာယ်ရှိနိုင်သည့်နေရာများ၌ အချက်ပြကြိုးတားအမှတ်အသားများ ပြုလုပ်ပေးကာ ခရီးသည်နှင့် ခရီးသည်များ၏ ပစ္စည်းများကို ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မိုးမောက်မြို့နယ်အတွင်း တောင်ကျရေများ စီးဆင်းမှုကြောင့် အလင်းကောင်ရပ်ကွက်အောက်ချိုင့်ရှိ လူနေအိမ် ၃ဝ ခန့်အတွင်း ရေဝင်ရောက်ခဲ့၍ မိုးမောက် မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးစိုးသူထိုက် ဦးဆောင် သည့် မီးသတ်တပ်ဖွဲ့ဝင်များက လူနှင့် ပစ္စည်းများအား ကူညီရွှေ့ပြောင်းပေးခဲ့သည်။ မိုးမောက်-လွယ်ဂျယ် ကားလမ်းမကြီး အလျားပေ ၁ဝဝ၊ အနံ ၁ဝ ပေခန့် ပျက်စီး သွားခဲ့၍ ဆောက်လုပ်ရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးဇင်ဘိုမောင်နှင့်အဖွဲ့က လမ်းကောင်းမွန်စေရန် ပြုပြင်လျက်ရှိကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ တောင် ပင်လယ်ကျေးရွာ၌ တောင်ကျရေများစီးဝင်မှုကြောင့် ကျေးရွာအတွင်း ရေငါးပေခန့် ဝင်ရောက်လျက်ရှိရာ ဆင်ဘိုမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ် ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment