Thursday, August 2, 2018

စစ်တောင်းတာတမံ ငါးနေရာ၌ မြေပြိုကျမှုဖြစ်ပေါ်ခဲ့၍ ကြံ့ခိုင်တောင့်တင်းရန် သဲအိတ်များ ကာရံ

Image may contain: 2 people, tree, child, grass, plant, outdoor and nature
ညောင်လေးပင် သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ စစ်တောင်းတာတမံ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက် နံနက်ပိုင်းက တာမိုင်အမှတ် ၂၆ ပြင်ရေကြီးရွာ တိုက်နယ်ဆေးရုံမြေနေရာအနီး၌ ပေ ၂ဝဝ ခန့် ပြိုကျခဲ့သော တာတမံအား ခိုင်ခံ့မှု ရှိစေရန် ကတုတ်တန်းရိုက်ကာ မြေအိတ်၊ သဲအိတ်များ ချခြင်းကို အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံပြည်သူ များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတာတမံသည် ၄၉ မိုင် ၁ ဖာလုံ ရှည်ပြီး စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် တာမိုင်အမှတ် ၂၂ မိုင်၌ တစ်နေရာ၊ ၂၄ မိုင်၌ တစ်နေရာ၊ ၂၆ မိုင်၌ နှစ်နေရာနှင့် ၂၆ မိုင် ၅ ဖာလုံ၌ တစ်နေရာ စုစုပေါင်း ငါးနေရာတို့၌ မြေပြိုမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာများအား အဖွဲ့အစည်းအသီးသီး နှင့် ကျေးရွာအုပ်စု ငါးအုပ်စုရှိ ဒေသခံပြည်သူ အင်အား ၄ဝဝ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး စိုးရိမ်စရာမရှိတော့ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ဇူလိုင် ၃၁ ရက် ညနေက စစ်တောင်းတာမိုင် (၄၂/၇) အနီးတွင် အကျယ် ၁ဝ ပေနှင့် အကျယ်ပေ ၁ဝဝ ရေကျော် ပေါက် နှစ်နေရာနှင့် တာမိုင် (၄၃/၄) အနီးတွင် အကျယ် ၁ဝ ပေ ရေကျော်ပေါက် နှစ်နေရာ ရေဝင်ရောက် လျက်ရှိကြောင်း သိရသည်။
ရဲမြန်မာ(ညောင်လေးပင်)

No comments:

Post a Comment