Friday, August 31, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ

Image may contain: one or more people and people standing
နေပြည်တော် သြဂုတ် ၃ဝ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို မှတ်တမ်း တင်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော် က မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းတစ်ခု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ပြည်ပချေးငွေနှစ်ခု ရယူရန်ကိစ္စနှင့် အစီရင်ခံစာတစ်ခုအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတရုံးမှပေးပို့သော ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် မတ်လ ၃ဝ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉ဝဝ လျော့နည်းကျဆင်းသွားရခြင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ မဝင် ရောက်ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ယခင်နှစ်ထက်နည်းပါးခဲ့သော်လည်း နိုင်ငံအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတို့သာမက လုပ်ငန်းအရေအတွက်ပါ တိုးတက်လာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံ (၁ဝ)နိုင်ငံအနက် စတုတ္ထအဆင့်တွင်ရှိ
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုအခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့က ရင်းနှီး မြှုပ်နှံမှု အများဆုံးရရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ထုတ်ပြန်သည့် စာရင်းအရ ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဂျီဒီပီအချိုးမှာ ၇ ရာခိုင်နှုန်းဖြစ်၍ မြန်မာနိုင်ငံသည် အာဆီယံ (၁ဝ) နိုင်ငံအနက် စတုတ္ထအဆင့်တွင် ရှိသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အိမ်ရာ အဆောက်အအုံကဏ္ဍတွင် ငွေကျပ် ၁၅ဝ၆ ဘီလီယံဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ငွေကျပ် ၅၄၄ ဘီလီယံဖြစ်ပါကြောင်း၊ အခြား ဝန်ဆောင်မှုကဏ္ဍတွင် ငွေကျပ် ၄၉၇ ဘီလီယံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေ အနေတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့၌ အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်းတီးပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်များကို ကာလတိုအတွင်း ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ် အုပ်စုက မြန်မာနိုင်ငံကို ၂ဝ၁၇ ခုနှစ်အတွက်Star Reformer Award ပေးအပ်ခဲ့ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအစီရင်ခံစာကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော သစ်တောဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
IFAD ထံမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD ) ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဦးလှကျော်က ယခုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးပြီး ဖွံ့ဖြိုးမှုနည်းသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းတွင်ရှိသည့် ပေါက် မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင်ရှိသည့် အသေးစားနှင့်အလတ်စား စိုက်ပျိုးရေး လုပ်ကိုင်သူများ၊ မွေးမြူထုတ်လုပ်သူများ၊ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သူများ နှင့် မြေယာမဲ့ပြည်သူများအတွက် ဦးတည်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းဒေသရှိ မြို့နယ်လေးမြို့နယ်တွင် အိမ်ထောင်စုပေါင်း ကိုးသောင်းကျော် နှင့် ကျေးလက်လူဦးရေ ၄ ဒသမ ၃ သိန်းခန့်ကို အကျိုးပြုနိုင်စေရန် မျှော်မှန်း ထားပါကြောင်း၊ စီမံကိန်းကာလမှာ လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ခြောက်နှစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းရည်ရွယ် ချက်မှာ မိသားစုဝင်ငွေတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အာဟာရပြည့်ဝစေရန်၊ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်ဖြစ်ပါကြောင်း၊ စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားပြီ
း ပထဝီအနေအထားအရ တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် မြို့နယ်များကို ရွေးချယ်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
EDCF ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ EXIM Bank of Korea ထံမှ EDCFချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် ကိုရီးယား- မြန်မာ Industrial Complex စီမံကိန်းကို နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက် မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ဆောင်ရွက်မည့် စက်မှုဇုန် ဧရိယာပြင်ပ အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းစီမံကိန်းတွင် ရေရရှိရေးအတွက် ကလီထော်ဆည်မှတစ်ဆင့် ရေပိုက်လိုင်း ဆက်သွယ်ခြင်း၊ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေးအတွက် မြောင်းတကာ-ကမာနက်Transmission Line မှတစ်ဆင့် ဓာတ်အားလိုင်း ဆက်သွယ်ခြင်း၊ ဓာတ်အားခွဲရုံနှင့်Transformer တည်ဆောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအတွက် ငါးဆူတောင်လမ်းအရှည် ၉ ဒသမ ၄၅ ကီလိုမီတာအား လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် မှ ၂ဝ၂၁ ခုနှစ်အထိ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချေးငွေဆိုင်ရာ စည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ရမည့်ကာလ ၂၅ နှစ် ဖြစ်ပါကြောင်း၊ ချေးငွေ သက်တမ်းမှာ နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂ဝ၁၈) နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရွှေစင်ကြွေးကျန်ပေးသွင်းမှု ထိရောက်စွာ ဆောင်ရွက်ရန်နှင့်စပ်လျဉ်းပြီး ရွှေစင်ပေးသွင်းရမည့် ကုမ္ပဏီများထံမှ ကြွေးကျန် ရွှေစင်များရရှိနိုင်အောင် လုပ်ထုံးလုပ်နည်းဖြင့်လည်းကောင်း၊ တရားမကြောင်း ဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ အတိုင်း မလိုက်နာသည့် ကုမ္ပဏီများအား တည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ တွင်းဝရတနာခွန်များ ပိုမိုအပ်နှံစေရန်နှင့် တွင်းဝခွန် ပိုမိုတိုးတက်ရရှိရန် ကျောက်စိမ်းတူးဖော်ရေးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းအား လုပ်ကွက်အသစ်များ ထပ်မံချထားမှုမပြုခြင်းနှင့် သက်တမ်း ကုန်လုပ်ကွက်များကိုလည်း သက်တမ်းတိုး လုပ်ကိုင်ခွင့်မပြုဘဲ နိုင်ငံတော်ပိုင် လစ်လပ်လုပ်ကွက်များအဖြစ် ထိန်းသိမ်းထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲ များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံပိုင်ပုလဲများ ပိုမိုရရှိအောင် လွှတ်တော်တွင် ဥပဒေ၊ နည်းဥပဒေမ
ျား ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက်များကို စနစ်တကျထုခွဲရောင်းချသွားရန်နှင့်စပ်လျဉ်း၍ ရပ်နားသစ်စက်များအား ဖျက်သိမ်းရန် ပြည်ထောင်စုဝန်ကြီး ရုံးမှ မူအားဖြင့် သဘောတူခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဖျက်သိမ်းမည့် သစ်စက်များရှိ မြေ၊ အဆောက်အအုံ၊ စက်ပစ္စည်းနှင့် အခြားပစ္စည်းများတန်ဖိုးသင့် တွက်ချက်သတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်၍ တန်ဖိုးသင့်တွက်ချက် သတ်မှတ်မှုများ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်များရယူပြီး ခွင့်ပြုမိန့် များရရှိပါက စနစ်တကျထုခွဲရောင်းချရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတွင် Analogueစနစ်မှ DVB-T2စနစ်သို့ အဆင့်လိုက် ပြောင်းလဲဆောင်ရွက်ခဲ့ရာတွင် မော်ချီးစက်ရုံအတွက်DVB-T2နှင့် FMလွှင့်စက်များကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဝယ်ယူ ခဲ့ပါကြောင်း၊ အသစ်တပ်ဆင်မည့် စက်ပစ္စည်များမရောက်ရှိမီ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် မော်ချီးဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ပါကြောင်း၊ မြေပြိုမှုအန္တရာယ်ရှိနေသည့်အတွက် တိုးချဲ့ တပ်ဆင်မည့် (50W) DVB-T2နှင့် (150W) FM တို့ကို တပ်ဆင်ရန် အခက်အခဲရှိလာပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့သို့ မြေနေရာရရှိရေး ညှိနှိုင်းခဲ့ပြီး မော်ချီးကျေးရွာအုပ်စု (၁၆)ကုန်းရပ်ကွက် ဆေးရုံဟောင်းအနီး မြေကွက်နေရာကို ရွေးချယ်၍ ကယားပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြခဲ့ပါကြောင်း။
အဆိုပါမြေနေရာကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သို့ မြေနေရာစွန့်လွှတ်လွှဲပြောင်းပေးအပ်နိုင် ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် စက်ရုံအသစ်တည်ဆောက်ရေးအတွက် ဘဏ္ဍာ ငွေ လျာထားဆောင်ရွက်ပြီး စက်ရုံတည်ဆောက်ပြီးပါက သိမ်းဆည်းထား သည့် စက်ပစ္စည်းများ ဆက်လက်တပ်ဆင် ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
ငွေကြေးပေးသွင်းမှုနှင့်ဆိုင်သည့် အားနည်းချက် အပိုဒ်အချို့ကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်
င်္Forever Group Co.,Ltd. က နောက်ကျငွေပေးသွင်းခြင်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လစဉ်နှိုးဆော်စာပေးပို့ခြင်း၊ သတိပေး တောင်းခံခြင်း၊ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များကို တွေ့ဆုံပြီး အကြိမ်ကြိမ်သတိပေး ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ထောက်ညွှန်ချက်များကို အကြောင်းကြားစာပေးပို့ခြင်း၊ ပေးသွင်းရန်ကျန်ငွေကြေးပမာဏ များပြားသည့် အတွက် ကုမ္ပဏီမှတာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံပြီး ပေးသွင်းမည့် အစီ အစဉ် ရေးသားတင်ပြစေခြင်း၊ ပေးသွင်းမှု ရှိ၊ မရှိ စောင့်ကြည့်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် ကုမ္ပဏီအပေါ် ငွေပေးသွင်းရေး ကိစ္စများတွင် တိတိကျကျ ဆောင်ရွက်နိုင်ရန်အတွက် မူလစာချုပ်ပါ ငွေကြေး ပေးသွင်းမှုနှင့်ဆိုင်သည့် အားနည်းချက် အပိုဒ်အချို့ကို ပြင်ဆင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link Co.Ltd တို့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် အကျိုးတူ (Joint Venture) အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် ဖက်စပ်သဘောတူ စာချုပ် အပိုဒ်(၁ဝ-၂) အရ ကနဦးမတည်ရင်းနှီးငွေအဖြစ် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ၅၁ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကျပ်သန်း ၆၅၄ဝ ဒသမ ၇ နှင့်Global Direct Link Co.,Ltd. မှ ၄၉ ရာခိုင်နှုန်းနှင့် ညီမျှသော ကျပ်သန်း ၆၂၈၄ ဒသမ ၃ တို့ ထည့်ဝင်ရမည်ဖြစ်သော်လည်း ယနေ့အထိ ၃၈ ဒသမ ၄၉ ရာခိုင်နှုန်းနှင့်ညီမျှသော ကျပ်သန်း ၄၈ဝ၇ ဒသမ ၅၆၅ သာ ထည့်ဝင်ပြီး ၁၁ ဒသမ ၅၁ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကျပ်သန်း ၁၄၇၆ ဒသမ ၇၃၅ ထည့်ဝင်ရန် ကျန်ရှိသဖြင့် သတ်မှတ်ချက်အတိုင်း ဆက်လက်ထည့်ဝင်နိုင်ရေး အတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ Global Direct Link Co.,Ltd. သို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး အကြောင်းကြားစာများလည်း ပေးပို့ဆောင်ရွက် ခဲ့ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ် အခန်း ၁၅၊ အပိုဒ် ၁၁၅(က)(၁)တွင် ''ငွေပေးချေထားခြင်းမရှိသေးသည့် အစုရှယ်ယာ မတည်ငွေရင်း တာဝန်ရှိမှုကို ပယ်ဖျက်နိုင်သည်(သို့မဟုတ်)လျှော့ချနိုင်သည်''ဟု ပြဋ္ဌာန်းချက်အရ ထည့်ဝင်ရန်ကျန်ငွေကျပ်သန်း ၁၄၇၆ ဒသမ ၇၃၅ အား ဆက်လက်ထည့်ဝင်ခြင်း မပြုတော့ဘဲ ရှယ်ယာလျှော့ချခြင်းနည်းလမ်းဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြဆွေးနွေးခဲ့သဖြင့်BOD အစည်းအဝေးမှ သဘောတူဆုံးဖြတ်ထား ရှိပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ Global Direct Link Co.,Ltd. မှ လက်ရှိ ထည့်ဝင်ထားသည့် အစုရှယ်ယာ ၃၈ ဒသမ ၄၉ ရာခိုင်နှုန်းအပေါ် မူတည်၍ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ၄၉ ရာခိုင်နှုန်း သတ်မှတ်ချက်အချိုးအတိုင်း ဖြစ်စေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖက်စပ်စာချုပ်နှင့် မြေငှားစာချုပ်များ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ တောင်းဆိုချက်များအရ ဖြစ်ပါကြောင်း၊ ကြိုတင် မမျှော်မှန်းနိုင်သည့် အရေးပေါ်ကိစ္စရပ်များအတွက် အရအသုံး ခန့်မှန်းခြေ စာရင်းတွင် ပါဝင်ခြင်းမရှိဘဲ သီးသန့်ရန်ပုံငွေဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အမှန်တကယ်ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းများကိုသာ ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်၏ သီးသန့်ရန်ပုံငွေ ၉ ဒသမ ဝ၆ ဘီလီယံ ဖြင့် လုပ်ငန်း ၁၃ ခုကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်နီးပါးပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး အပြီးသတ်လုပ်ငန်း များ၏ လုပ်အားခများအတွက်သာ နှစ်လွန်အသုံးစရိတ် တောင်းခံခဲ့ခြင်းဖြစ်ပါ ကြောင်း ပြန်လည်ရှင်းလင်းသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကလည်း ရှင်းလင်းတင်ပြကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment