Thursday, August 30, 2018

အဓိကကတော့ ကလေးအလုပ်သမားတွေအတွက် အန္တရာယ်ရှိတဲ့လုပ်ငန်းတွေက ဘာတွေလဲဆိုတာကို အရင်ဆုံးသတ်မှတ်ဖို့ လိုအပ်ပါတယ်

Image may contain: 1 person, standing
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်
(အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးစကားဝိုင်း)
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံအတွင်း ကဏ္ဍစုံတွင် လုပ်ကိုင်နေကြသည့် လုပ်သားအရင်းအမြစ်များ အားကောင်းပြီး အရည်အသွေးပြည့်ဝသည့် လုပ်သားများပေါ်ထွက်မှသာ စီးပွားရေးဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်မည်ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးစကားဝိုင်းကို သြဂုတ် ၂၁ ရက်က နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဆက်လက်ကျင်းပခဲ့သည်။
စကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်အေဂျင်စီများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစီအစဉ်မှူး။ ။ အခုအခါမှာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ရင် ကလေးအလုပ်သမားတွေရဲ့ အခန်းကဏ္ဍဟာလည်း ထည့်သွင်းဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာကို အမြဲတမ်းအတွင်းဝန်က စတင်ပြီး ဆွေးနွေးပေးပါဦး။
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်။ ။ ကလေး အလုပ်သမားကဏ္ဍနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ အခွင့်အရေးတစ်ခုလို့လည်း ပြောရင် ရတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။ နိုင်ငံတကာ မှာလည်း ကလေးအလုပ်သမားတွေရှိပါတယ်။ ကမ္ဘာကြီးက ရာသီဥတုတွေ ဖောက်ပြန်နေတာများတဲ့အခါ စိုက်ပျိုး ရေးတွေမှာ အခက်အခဲတွေ အများကြီးဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခတွေ များလာတဲ့အခါ လူတွေ ဟာ ပိုပြီးကောင်းတဲ့နေရာတွေကို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြပါတယ်။ လူမှုအကျပ်အတည်းတွေကို ကျော်လွှားနိုင်ကြဖို့အတွက် ပိုမိုကောင်းမွန်တဲ့နေရာတွေကို ရေကြည်ရာ မြက်နုရာသွားကြတဲ့အခါ ကလေးတွေဟာ လည်း မိဘတွေနဲ့အတူတကွ ပါဝင်လာပါတယ်။
ကလေးအလုပ်သမား
ဒီလိုကလေးတွေဟာ ပညာသင်ကြားဖို့ ခက်ခဲလာကြ ပါတယ်။ အကျပ်အတည်းတွေကို မိဘတွေနဲ့အတူ ကူညီ ဖြေရှင်းကြပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ ဒေသတွင်းနိုင်ငံ တွေမှာလည်း ကြုံတွေ့နေကြပါတယ်။ ကလေးအလုပ် သမားတွေအကြောင်းဆိုရင် အဲဒီ အဖွင့်အဓိပ္ပာယ်ကို ပြည့်စုံအောင်သိထားဖို့လည်း လိုအပ်ပါတယ်။ အလုပ် လုပ်တဲ့ ကလေးရှိပါတယ်။ ကလေးအလုပ်သမားရှိပါတယ်။ အလုပ်လုပ်တဲ့ကလေးဆိုတာ အလုပ်လုပ်ခွင့်ပေးထားတဲ့ ကလေး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ် ကာလမှာ အဲဒီအရွယ်ကို အလုပ်လုပ်ခွင့်ကို ကန့်သတ်ချက် တွေနဲ့ ခွင့်ပြုထားတာပါ။ ဥပမာပြောရရင် တစ်ရက်ကို လေးနာရီပဲ အလုပ်လုပ်ရမယ်။ ပေါ့ပေါ့ပါးပါးလုပ်ငန်းခွင် တွေမှာ လုပ်ကိုင်ကြရမယ်။ ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ အလုပ်လုပ်နိုင်ကြမယ်။ ကြမ်းတမ်းတာတွေကို မလုပ်ကိုင် ကြရဘူးလို့ ဥပဒေမှာလည်း ကန့်သတ်ထားပါတယ်။
ဒါတွေဟာ အလုပ်လုပ်ခွင့်ရနေတဲ့ ကလေးတွေဖြစ်ပါ တယ်။ ကလေးအလုပ်သမားဆိုတာတော့ အသက် ၁၄ နှစ်အောက်ဖြစ်မယ်။ အလုပ်လုပ်ခွင့်ရနေပေမယ့် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့လုပ်ငန်းခွင်မှာ မလုပ်ကိုင်တဲ့ကလေး ဖြစ်ရမယ်။ ဒါကို ကွဲပြားစွာသိဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ဆီမှာ အခြေအနေ အကြောင်းကြောင်း အရ ကလေးအလုပ်သမားတွေ ရှိနေပါသေးတယ်။ ဒီလိုကလေးအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် နိုင်စေဖို့အတွက် အဆိုးရွားဆုံးပုံစံနဲ့ ကလေးတွေကို ခိုင်းစေခြင်းကနေ လွတ်မြောက်ဖို့ Convention 182 ဆိုတာရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့နိုင်ငံလည်း ပူးပေါင်းပါဝင်ပြီး ကလေးလုပ်သားတွေကို ကာကွယ် စောင့်ရှောက်ဖို့ ဆောင်ရွက်တာရှိပါတယ်။ ထို့အတူ လက်ရှိအစိုးရလက်ထက်မှာ ကလေးအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒုတိယ သမ္မတ (၁) ဦးဆောင်ပြီး အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
ကလေးအလုပ်သမားတွေ ပပျောက်ဖို့
ဒီလိုဆောင်ရွက်တဲ့အခါ အဓိကကတော့ ကလေး အလုပ်သမားတွေအတွက် အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေက ဘာတွေလဲဆိုတာကို အရင်ဆုံးသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ၊ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် ဘယ်အလုပ်တွေက အန္တရာယ်ရှိသလဲ၊ ဆောက်လုပ်ရေးကဏ္ဍမှာဆိုရင် ဘယ်လိုအလုပ်တွေက အန္တရာယ်ရှိသလဲဆိုတာမျိုးတွေကို ဆောင်ရွက်နေတာရှိပါတယ်။ အချုပ်ပြောရမယ်ဆိုရင် ကလေးအလုပ်သမားတွေ ပပျောက်ဖို့အတွက်ဆိုတာ အစိုးရတင်မဟုတ်ပါဘူး၊ လူမှုအဖွဲ့အစည်းတွေ၊ အလုပ်ရှင် တွေအားလုံးဝိုင်းပြီး ပေါ်ပေါက်ဖြစ်ထွန်းလာတဲ့ ကလေး အလုပ်သမားတွေကို ပိုမိုကောင်းမွန်တဲ့ဘဝတွေ ဖန်တီး ပေးဖို့ လိုအပ်ပါတယ်။
အစီအစဉ်မှူး။ ။ စက်ရုံ၊ အလုပ်ရုံတွေမှာ ကုန်ထုတ် စွမ်းအားတွေတိုးတက်ပြီး အေးချမ်း သာယာဖို့အတွက် အခုလက်ရှိအစိုးရလက်ထက်မှာ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေကို ပိုပြီးတိုးတက်စေဖို့အတွက် လုပ်ဆောင်ကြဖို့ လိုအပ်တယ်ဆိုတာကို ဆွေးနွေးပေး စေချင်ပါတယ်။
ဝန်ကြီး ဦးဇော်အေးမောင်။ ။ အဓိကကတော့ နိုင်ငံ တစ်နိုင်ငံ Productivityတိုးတက်ဖို့အတွက် အလုပ်သမားတွေက အရေးကြီးပါ တယ်။ အလုပ်သမားတွေဟာ Joyfull ဖြစ်နေရပါမယ်။ ပျော်မှလည်း အလုပ်များများလုပ်နိုင်မှာပါ။ ပျော်အောင် လည်း အလုပ်ရှင်တွေက ထားပေးကြဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်တွေကလည်း သူတို့ထုတ်ကုန်တွေ အောင်မြင်ဖို့ အတွက် Logistic Costတွေကျဆင်းဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်စရိတ်၊ သယ်ယူစရိတ်၊ စွမ်းအင်စရိတ် စတာ တွေလည်း ကျဆင်းဖို့ လိုအပ်ပါတယ်။ လုပ်ငန်းရှင် တစ်ယောက်အတွက် အခြေခံအဆောက်အအုံဈေးနှုန်းတွေ ကျဆင်းဖို့လည်း လိုအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာMICကနေ ခွင့်ပြုပေးနေတာ တွေရှိပါတယ်။
အလုပ်ရှင်တွေကိုMIC ခွင့်ပြုချက်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံပြီဆိုရင် သူတို့သွင်းလာတဲ့ စက်ရုံရဲ့ Infrastructuresတွေ ဥပမာပြောရရင် မီးစက်တို့၊ အပ်ချုပ်စက်တို့ စတာတွေကိုDuty Freeတင်သွင်းခွင့် ရပါတယ်။ ဒါ့အပြင် စက်ရုံမှာ အသုံးပြုမယ့် လိုအပ်တဲ့ ကုန်ကားတွေ၊ မြေတူးကားတွေ စတဲ့ လိုအပ်တဲ့Toolsတွေနဲ့ အုပ်ချုပ်ဖို့အတွက် လိုအပ်တဲ့ ယာဉ်တွေကိုလည်း Duty Free ပေးထားပါတယ်။ ဒါတင်မကသေးပါဘူး၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြင်ပမှာဆိုရင် အခွန်ကင်းလွတ် ခွင့်ကို ငါးနှစ်အထိ ပေးထားပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံစက်မှုဇုန်တွေမှာဆိုရင် သုံးနှစ်အထိ Income Tax ကို အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါကတော့ နိုင်ငံတော်ကနေ ကူညီပေး နေတဲ့အပိုင်းတွေ ဖြစ်ပါတယ်။
ကျွမ်းကျင်အောင် လေ့ကျင့်ကြဖို့
အဲဒီတော့ အလုပ်သမားတွေကို ကျွန်တော်ပြောချင် တာကProduct တက်ဖို့အတွက် အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း သိပ်အရေးကြီးပါတယ်။ အလုပ် သမားတွေက အလုပ်ချိန် ရှစ်နာရီအတွင်းမှာ များများ ထုတ်နိုင်ရမယ်။ များသောအားဖြင့် တရုတ်နိုင်ငံက အလုပ် သမားတွေက စွမ်းဆောင်ရည်မြင့်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေက ညံ့လို့မဟုတ် ပါဘူး။ လိုအပ်တဲ့ နည်းပညာတွေ၊ သင်တန်းတွေ ပေးဖို့ လိုအပ်ပါတယ်။ အခုဆိုရင် သင်တန်းတွေကလည်း ရှိသင့်သလောက်တော့ ရှိနေပါပြီ။ အလုပ်ရှင်တွေကလည်း သင်တန်းတွေကို တက်ရောက်နိုင်ဖို့ ကူညီပေးသင့်သလို အလုပ်သမားတွေဘက်ကလည်း စိတ်ပါလက်ပါနဲ့ သင်ယူ ကြဖို့၊ ကျွမ်းကျင်အောင် လေ့ကျင့်ကြဖို့ လိုပါတယ်။
ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး ကလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆက်ဆံရေးကောင်းမွန်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အလုပ်ရှင်၊ အလုပ်သမားချုပ်ဆိုရတဲ့ EC စာချုပ်တွေကို နိုင်ငံတော်က ချမှတ်ပေးထားတဲ့အချက်တွေနဲ့ ကိုက်ညီ အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတွေကို ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ ပေးမယ်။ ခွင့်တွေ၊ ခံစားခွင့်တွေပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လူမှုဖူလုံရေးဥပဒေသစ်ကိုလည်း ပြဋ္ဌာန်းပြီးသွားပြီး ဥပဒေ အရ အာမခံ ခြောက်မျိုးမှာ သုံးမျိုးကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အာမခံထည့်ဝင်တဲ့အခါ အလုပ်ရှင်တွေက လည်း အချိုးကျထည့်ဝင်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော် ကနေ ရန်ကုန်တိုင်းဒေသကြီး တာမွေနဲ့ ထန်းတပင်မြို့နယ် တို့မှာ အလုပ်သမားဆေးရုံတွေ ဖွင့်လှစ်ထားပြီး ကျန်းမာ ရေးစောင့်ရှောက်မှုတွေလည်း ပေးထားပါသေးတယ်။
အာမခံတွေရရှိအောင်
ဒါ့အပြင် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး လုပ်ငန်းခွင်ကအလုပ်သမားတွေ ကျန်းမာရေးမကောင်းရင် ဆေးကုသပေးနေသလို လုပ်ငန်း ခွင်ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေအတွက် လူမှု ဖူလုံရေးလျော်ကြေးငွေတွေကိုလည်း ပေးအပ်နေပါတယ်။ အလုပ်သမားတွေအတွက် အာမခံတွေရရှိအောင် မြို့နယ် တိုင်းမှာ ဖွင့်လှစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကုန်ထုတ်စွမ်းအား တိုးတက်စေဖို့အတွက်ကတော့ အဓိကပြောရရင် ပြည်သူလို့ခေါ်တဲ့ အလုပ်ရှင်၊ အလုပ် သမား၊ အစိုးရလို့ခေါ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နေပြည်တော်ကောင်စီစတာတွေ၊ CSOလို့ ခေါ်ကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊NGO တွေ၊ အလုပ်သမား၊ လယ်သမားသမဂ္ဂတွေအားလုံးက တောင်းဆိုသင့်တာတွေကိုလည်း တောင်းဆို၊ ဖြေရှင်းသင့် တာတွေကိုလည်း ဖြေရှင်း စသဖြင့် သုံးဦးသုံးဖလှယ် အပေးအယူမျှတစွာနဲ့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ဒါမှလည်း ကုန်ထုတ်စွမ်းအားတိုးတက်လာမှာ ဖြစ်ပါ တယ်။ အဲဒါကြောင့် အားလုံး စုပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ရေခံမြေခံကောင်းရှိတယ်။ ကုန်ကြမ်းလည်း ပေါများတယ်။GSP တွေ ရထားတာလည်း ရှိတယ်။ အာဆီယံအသိုက်အဝန်းထဲလည်း ပါဝင်တယ်။ ဒါကြောင့် လုပ်သားတွေရဲ့ Capacityတိုးလာတာနဲ့အမျှ ကုန်ထုတ်စွမ်းအားတွေ တိုးလာမယ်ဆိုတာ သေချာ ပါတယ်။ ဒါကြောင့် အလုပ်လုပ်ဖို့ပဲ လိုအပ်ပါတယ်။
အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ကုန်ထုတ်စွမ်းအား တိုးတက်စေဖို့အတွက် အဓိကအဟန့် အတားဖြစ်နေတာတွေရော ရှိပါသေးသလားဆိုတာ ဆွေးနွေးပေးပါဦး။
ဦးထွန်းထွန်း။ ။ ကျွန်တော်တို့က ကုန်ထုတ်စွမ်းအား ဘာကြောင့် တိုးချင်ကြတာလဲဆိုရင် အဓိကကတော့ နိုင်ငံပိုင်ဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ဖြစ်ဖြစ်၊ တစ်ဦးချင်းဖြစ်ဖြစ်၊ အများပိုင်ဖြစ်ဖြစ် လုပ်ငန်းတိုင်းဟာ အကျိုးအမြတ်ရှိမှ ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံသူတွေဟာလည်း ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ရမယ်။ ရမှသာ ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံ မှာဖြစ်ပါတယ်။ ဘယ်သူကမှတော့ ကုသိုလ်ဖြစ် လာလုပ် ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့အတွက် သေချာပေါက် အလုပ်ဖြစ်ဖို့ တွက်ချက်ကြရမှာဖြစ်ပါတယ်။ တွက်ချက်တဲ့အခါမှာ ကျွန်တော်တို့က ယှဉ်ပြိုင်တယ်ဆိုရင် ဘာတွေပြိုင်ရမလဲဆိုတာ ရှိပါတယ်။
ယှဉ်ပြိုင်တယ်ဆိုတာ ဈေးကွက်ထဲမှာ ကုန်စည်ချင်း တူရင် ဈေးလျှော့နိုင်ဖို့နဲ့ ဈေးနှုန်းချင်းတူရင် အရည်အသွေး ပိုကောင်းဖို့ ပြိုင်ကြရတာဖြစ်ပါတယ်။ အဲဒီလိုပြိုင်ဖို့ အတွက် ဈေးကွက်မှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက ရှိထားပြီးသားပါ။ ဝန်ဆောင်မှုဖြစ်စေ၊ ကုန်ပစ္စည်းဖြစ်စေ ဒီလိုပဲဖြစ်ပါတယ်။ အဲဒီတော့ လုပ်ငန်းရှင်တွေဘက်က သူ့ရဲ့ operation cost တွေကို လျှော့ချပစ်ရတယ်။ အဲဒီ ထဲမှာ Infrastructures costs တွေ အများကြီးပါပါတယ်။ အဲဒါက လုပ်ငန်းရှင်တွေ တစ်ယောက်တည်း လုပ်လို့မရပါ ဘူး။
ပူးပေါင်းအဖြေထုတ်
အဲဒါက ဒေသထဲကဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်က ဖြစ်ဖြစ် စသဖြင့် ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။ ဝန်ကြီးဌာနအချင်းချင်းလည်း ပူးပေါင်းအဖြေထုတ်ကြဖို့ လည်း လိုအပ်ပါတယ်။
ဥပမာအားဖြင့် အချို့ကိစ္စတွေမှာ ဥပဒေတစ်ခု ထုတ်လိုက်တယ်။ ပလက်ဖောင်းပေါ်မှာ မီးစက်တွေရှိနေရင် ဒဏ်ကြေး၊ ဒုတိယအကြိမ်ဆိုရင် ဒဏ်ကြေးက ပိုများလာ ပါမယ်။ အဲဒီတော့ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ဈေးဝယ် စင်တာတွေမှာ ဒီလိုမီးစက်တစ်လုံးကို ငွေကျပ် သိန်း ၅ဝဝ လောက် ရင်းထားရတာ။ သူ့အတွက် ကုန်ကျစရိတ်က အများကြီးရှိပါတယ်။ နောက်တစ်ခုက သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိခိုက်စေပါတယ်။ လုပ်ငန်းရှင်က မီးစက် တွေကို ဘာကြောင့်ထားရသလဲ။ မီးကို မယုံကြည်ရလို့သာ သူတို့က ထားနေရတာပါ။
ဒါကြောင့် မီးစက်တွေကို နေရာလပ်မရှိလို့ လမ်းပေါ် ထားရတယ်။ အဲဒီအတွက် ဒဏ်ကြေးသတ်မှတ်တယ်ဆိုရင် မီးကို မှန်အောင်ပေးဖို့ လိုလာပါပြီ။ နောက်တစ်ခုက မော်တော်ကားတွေ တင်သွင်းခွင့်ပြုလိုက်တယ်။ ကြိုက်သလောက် ဝယ်နိုင်ပြီ၊ မောင်းလို့ရပြီ။ သို့သော် ရပ်စရာ ကားပါကင် မရှိဘူး။ ရန်ကုန်မှာက ရပ်စရာ နေရာ တော်တော်နည်းလာပြီ။ သတ်မှတ်ထားတဲ့နေရာမှာ ရပ်ခွင့်မရလို့ ကျန်တဲ့နေရာမှာရပ်တဲ့အခါ ကားနဲ့လာဆွဲ သွားတယ်။
ဥပမာပြောရရင် အမှိုက်ပစ်မချစေချင်ရင် အမှိုက်ပုံး တွေ ထားပေးရမယ်။ အမှိုက်ပုံးတွေရှိရဲ့သားနဲ့မှ အမှိုက်ကို စည်းကမ်းမဲ့ပစ်မှသာ အရေးယူလို့ရမှာပါ။ ဒီမှာဖြစ်နေတာ က Infrastructures Cost တွေမှာ လုပ်ငန်းရှင်က အတော်များများ ဘာမှမတတ်နိုင်တဲ့အခြေအနေ ဖြစ်နေ ပါတယ်။ ဒါတွေကို ဝန်ကြီးဌာနတွေက ပေါင်းစပ်ပြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒါကတော့ မြေပြင်မှာ ကျွန်တော်တို့ လက်တွေ့ကြုံနေရတဲ့အထဲက ဥပမာ ပြောတာပါ။
နောက်တစ်ခုက National Skills သင်တန်းတွေ၊ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတဲ့ကိစ္စကို ပြောချင် ပါတယ်။ ဒီလိုအသိအမှတ်ပြုလက်မှတ်နဲ့အတူ လစာ သတ်မှတ်ချက်တွေကို ဘယ်လောက်လို့ပေးရမယ်ဆိုပြီး တွဲဖက်ထားပါ။ ဒီလို သတ်မှတ်ထားခြင်းအားဖြင့် အလုပ် ရှင်ဘက်က အလုပ်သမားရဲ့ ကျွမ်းကျင်မှုစစ်စစ်တွဲလျက် ပါလာဖို့ စစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒါကို အလုပ် စတင်ဝင်ရောက်ဖို့ စစ်ဆေးတဲ့အခါမှာ စစ်ပါမယ်။ အဲဒီမှာ အဆင်ပြေတယ်။
ဒါပေမယ့် အကြောင်းကြောင်းကြောင့် ဒီလုပ်သား ဟာ အသိအမှတ်ပြုလက်မှတ်နဲ့ မလျော်ညီဘူး။ သူ့ရဲ့ ကျွမ်းကျင်မှု၊ လုပ်ကိုင်နိုင်မှုက ကျသွားမယ်ဆိုရင် သူဟာ အလုပ်တည်မြဲဖို့ အကြောင်းမရှိဘူးဆိုတာ လုပ်သားတွေ ကောင်းကောင်းသဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ကျွန်တော်တို့ အလုပ်လျှောက်တဲ့အခါ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် တင်ပြကြတယ်။ ဘွဲ့လက်မှတ်တွေ တင်ပြကြတယ်။ ဒါပေမယ့် အင်တာဗျူးတွေ လူတွေ့ ဖြေရတယ်။
အရည်အသွေးတွေ တက်လာနိုင်
လုပ်ငန်းခွင်ထဲရောက်တော့လည်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးတာတွေရှိတယ်။ ဒီလိုလုပ်တဲ့စနစ်ဟာ ကျွန်တော်တို့နိုင်ငံမှာ အရင်က စိမ်းနေပေမယ့် အခု အချိန်မှာတော့ တော်တော်လေးလုပ်လာကြတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် Capacity ကို စောင့်ကြည့်လို့ရတယ်။ လုပ်သားတွေကလည်း ဒီလို Evaluationမကြာခဏ လုပ်ကြရတော့ ကျွဲကူးရေပါဆိုသလို အရည်အသွေးတွေ တက်လာနိုင်ပါတယ်။
ဒါကြောင့် လုပ်သားတွေကလည်း အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရရင် ခိုင်မာပြီလို့ တွေးထားလို့ မရပါဘူး။ ကိုယ့်အရည်အသွေးကို အမြဲတမ်းမြှင့်တင် နေဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ မြင့်မားတဲ့ခံစားခွင့် တွေရလာနိုင်မှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး

No comments:

Post a Comment