Thursday, August 30, 2018

ဒီပွဲတွေကနေပဲ လူငယ်တွေ စာတွေပိုဖတ်လာဖို့ တွန်းအားတစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်

Image may contain: 1 person, closeup
မောင်ဗိုလ်ဗိုလ်ဟိန်း (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရသစာပေ စကားဝိုင်းတွင် ပါဝင်ခဲ့ကြသော ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-
မချယ်ရတီမြင့် (ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)
ကျောင်းအဆင့် လူတွေ့စစ်ဆေးတော့ ကျောင်းကိုယ်စားပြုအဖြစ် ရွေးချယ်ခံရပြီး ကျောင်းပေါင်းစုံအဆင့် လူတွေ့ထပ်မံစစ်ဆေးတော့လည်း ရွေးချယ်ခံခဲ့ရတာမို့ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
စာပေဝါသနာပါလာတာကတော့ ဖေဖေ့ရဲ့ အားပေးပံ့ပိုးမှုကြောင့် ငယ်စဉ်ကတည်းက ပုံပြင်၊ ရုပ်ပြကာတွန်း၊ သုတစာပေတွေနဲ့ ရင်းနှီးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာ အထူးပြုယူထားတာမို့ ပြဋ္ဌာန်းစာအုပ်ပါ စာပေဝတ္ထုများအပြင် ပြင်ပစာပေဝတ္ထုများကိုပါ လေ့လာခြင်းဖြင့် ရသစာပေကို ပျော်မွေ့လျက်ရှိပါတယ်။
ကျွန်မအနေနဲ့ အထူးပြုလေ့လာသင်ယူထားတဲ့ပညာရပ်တွေကို ထိထိ ရောက်ရောက်ပြန်လည်မျှဝေပေးနိုင်ရုံမျှမက ဒီပညာရပ်ကို အကျိုးရှိရှိ အသုံးချ နိုင်အောင် ကူညီလမ်းပြပေးသူတစ်ဦးဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
မောင်သန့်သူရဇန် (ရန်ကုန်စီးပွားရေးတက္ကသိုလ်)
ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်မှာ နယ်မြေသုံးခုရှိပါတယ်။ ကမာရွတ် နယ်မြေ၊ ရွာသာကြီးနယ်မြေနဲ့ လှိုင်နယ်မြေဆိုပြီးရှိတာမှာ ကျွန်တော့်ကို ရွာသာကြီး နယ်မြေအခြမ်းက ပါဝင်သူအဖြစ် ရွေးချယ်ပါတယ်။ နောက် ကမာရွတ်နဲ့ လှိုင်နယ်မြေအခြမ်းက တတိယနှစ်ကျောင်းသူတစ်ဦးကို ရွေးချယ်ပြီး ရန်ကုန်တက္ကသိုလ်မှာ လူတွေ့စစ်ဆေးဖို့အတွက် စေလွှတ်ခဲ့ပါတယ်။ နှစ်ယောက်စလုံးရွေးချယ်ခံရပြီး ပါဝင်ခဲ့ပါတယ်။
၂ဝဝ၄-၂ဝဝ၅ လောက်တုန်းကပေါ့။ အခုလို ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေက သိပ်မတွင်ကျယ်သေးဘူး။ ကျွန်တော်တို့ လည်း သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး။ အဲဒီတုန်းက အားကောင်း မောင်းသန် ဖြစ်ထွန်းနေတာက အခွေအငှားဆိုင်၊ ဂိမ်းဆိုင်နဲ့ စာအုပ်အငှားဆိုင် တွေပဲ ဖျော်ဖြေရေးအနေနဲ့ရှိတာပါ။ ကျွန်တော်ကလည်း စာအုပ်အငှားဆိုင်ယဉ်ကျေးမှုနဲ့ယဉ်ပါးခဲ့ပါတယ်။ ကာတွန်းတွေဖတ်၊ နောက် ဟာသဝတ္ထုတွေဖတ်၊ အဲဒီကနေ ဝတ္ထုတို၊ ဝတ္ထုရှည် စသဖြင့် ဆက်ဖတ်ဖြစ်တာပါ။
စာအုပ်အငှားဆိုင်မှာလည်း တစ်ခုရှိတာက လူဖတ်များတဲ့ ဈေးကွက် ကို လိုက်ပြီးရေးတဲ့စာအုပ်တွေက များတယ်။ ဖတ်ပြီးရင် ဆက်တွေးရတာမျိုး စိတ်ထဲကျန်ခဲ့တဲ့ စာအုပ်ကောင်းတွေကတော့ ခေတ်စနစ်ရဲ့အခြေအနေအရရော၊ ဘာရောကြောင့် စာအုပ်အငှားဆိုင်မှာ အဲဒီလိုစာအုပ်ကနည်းတယ်ပေါ့။ စာဖတ်တဲ့သက်တမ်းကြာလာရင် ကောင်းတာ၊ ဆိုးတာ ခွဲခြားနိုင်တာမို့ အလို အလျောက်ကို စာအုပ်ကောင်းတွေ၊ ဂန္ထဝင်လို့ သတ်မှတ်တဲ့စာအုပ်တွေကို ဖတ်ချင်တဲ့အာသီသပေါ်လာတယ်။ အဲဒီလိုနဲ့လျှောက်ရှာပြီး ဖတ်မိတာပဲ။
တစ်ချက်ကောင်းတာက ကျွန်တော့်အိမ်က စာဖတ်တာကို မကန့်ကွက် ဘူး။ သူတို့လည်းဖတ်တာကိုး၊ ကျွန်တော့်အဘိုးရဲ့စာအုပ်တွေရှိမယ်။ နောက်ပြီး ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီးတစ်ယောက်နဲ့ အမျိုးတော်တော့ သူပြည်ပ ကိုထွက်သွားတော့ ကျန်ခဲ့တဲ့စာအုပ်တွေရယ်၊ ပြောရရင် အရွယ်နဲ့မတန်မရာတွေ ဖတ်မိတာပါ။ ကျွန်တော်ထင်တယ် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲ ရှိဦးမယ်။ ရွှေဥဒေါင်းရဲ့မျှော်တလင့်လင့်နဲ့ မောင်ထွန်းသူရဲ့ ရမ္မက်မီး ဘာသာပြန်တွေပေါ့၊ ဖတ်ပြီး သိပ်လည်းနားမလည်ဘူး။ အဲဒီစာအုပ်တွေထဲက အသုံးအနှုန်းတချို့နဲ့ အနေအထားတွေက စိမ်းတာကိုး။ ဒါပေမယ့် စိတ်ထဲတော့စွဲနေတယ်။
နောက် ဆရာဇော်ဂျီရဲ့ ပုဂံဈေးဆိုတဲ့ ဝတ္ထုတိုဆိုရင် အဆုံးသတ်ပြထား တဲ့သဘာဝကို နားကိုမလည်တာ။ နားမလည်တာကိုပဲ တစ်ခါတစ်ခါဆိုစိတ်ထဲမှာ တွေးပြီး အဖြေရှာကြည့်တယ်။ ဒီလိုနဲ့ အဲဒါက အရသာတစ်မျိုးပေါ့၊ စွဲလမ်း သွားတာ၊ ကလေးဘဝကနေ ဖြစ်လာတာပေါ့။ အခုလောလောဆယ်တော့ ဒီနှစ်အပိုင်းအခြားမှာ ဖုန်းကြောင့်ပဲလား၊ တခြားအကြောင်းကြောင့်ပဲလား မသိဘူး၊ စာဖတ်အား လျော့လာတယ်လို့ခံစားရတယ်။ အဲဒါကို ကိုယ့်ဘာသာ ပြင်ကြည့်ဖို့ ကြိုးစားကြည့်နေပါတယ်။
ကျွန်တော်က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား။ ယူထားတာက ဝါဏိဇ္ဇဗေဒ။ ကိုယ်စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ကိုယ့်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ တခြားမှာပဲ ဖြစ်ဖြစ်၊ အခွင့်အလမ်းတွေက အများကြီး၊ တာဝန်ယူနိုင်တာတွေ အများကြီးပဲ။ ဘွဲ့လွန်ဆိုရင်လည်း CPAတက်မလား၊ မဟာဝါဏိဇ္ဇ ကျွန်တော် တို့ကျောင်းက ဖွင့်ထားတဲ့ မဟာဘွဲ့သင်တန်းတွေ၊ တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ တကယ်ကိုက်ညီတဲ့ အရာတွေပေါ့။ အဲဒါတွေလည်း ရနိုင်သေးတယ်။ ကျွန်တော်က ဒီဘာသာရပ်ကို သဘောကျတယ်၊ နှစ်သက်တယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ဒီပညာတွေကိုအသုံးချရဖို့က လိုရင်းပဲ။ ဘယ်နေရာမှာ ဘာပဲဖြစ်ပါစေ ကိုယ်တကယ်တတ်ထားတဲ့ပညာကို တကယ်အသုံးချဖို့ပဲလိုတာပါ။ ကျွန်တော် ထင်တယ် ကျွန်တော်တက္ကသိုလ်ဆရာတောင် လုပ်ဖြစ်မလားမသိဘူး။ ဘာပဲ လုပ်လုပ် တထစ်ချတော့ပြောလို့မရနိုင်ပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်တာ ဖြစ်နိုင်သလို စာရေးဆရာဖြစ်လာတာလည်း ဖြစ်နိုင်တာပဲ။ စောစောက ပြောသလို ကိုယ်တတ်တဲ့ပညာကို တကယ်အသုံးချနိုင်ဖို့ အသုံးချတဲ့နေရာမှာ လည်း တစ်ဘို့တည်းအတွက်မကြည့်ဘဲ စေတနာသဘောထားမှန်မှန်နဲ့ အသက်မွေးနိုင်ရင် ကောင်းတာပါပဲ။
မသံသာချိုသဲ (ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-ရန်ကုန်)
လူငယ်စာပေစကားဝိုင်းကို ရန်ကုန်မှာကျင်းပမယ်ဆိုတဲ့ကြေညာစာကို ကျောင်းကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။ အခုပွဲအတွက် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား ၂၂ ယောက် ပဏာမထပ်မံရွေးချယ်တဲ့ပွဲမှာ ကျောင်းကိုယ်စား ဝင်ရောက်ဖြေဆိုခဲ့တာမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
ငယ်စဉ်ကတည်းက နွေရာသီကျောင်းပိတ်ရက်မှာ ကာတွန်း၊ ကလေး ဂျာနယ်တွေ ဖတ်ရှုခဲ့ရာကနေ စာဖတ်ရတာကိုနှစ်သက်ခဲ့တယ်။ နောက်ပိုင်းမှာ ရသစာပေတွေ ဖတ်ရှုခဲ့ပြီး အခုအချိန်ထိ စွဲမြဲစွာဖတ်ဖြစ်ပါတယ်။
အနာဂတ်မှာ ကျွန်မရဲ့နယ်ပယ်မှာ အောင်မြင်ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးပါတယ်။
မောင်ဗိုလ်ဗိုလ်ဟိန်း (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)
စာပေကို မူလတန်းကျောင်းသားဘဝကတည်းက ရွှေသွေးဂျာနယ်ကနေ စတင်ပြီး ထိတွေ့ခဲ့တာပါ။ ကာတွန်းတွေ၊ ပုံပြင်တွေ၊ ကဗျာလေးတွေကတစ်ဆင့် အခု ရသစာပေ၊ သုတစာပေအထိ အဆင့်ဆင့်စိတ်ဝင်စားမှုရှိလာခဲ့တာပါ။ အခုခေတ်ပညာရေးနဲ့ ပတ်သက်ပြီး ရှုထောင့်ပေါင်းစုံက သုံးသပ်ကြပါတယ်။ အခြေခံပညာကျောင်းတွေမှာလည်း မူလတန်းသင်ရိုးတွေ အသစ်ပြောင်းလဲ လာတာမို့ အရင်ကထက်စာရင် ပိုကောင်းလာတယ်လို့မြင်မိပါတယ်။
ကျွန်တော့်အနေနဲ့ ဝါသနာပါရာ ပရဟိတရော၊ ကျွန်တော့် အထူးပြု ဘာသာရပ်ရော အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်မယ့် အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ၊NGO ၊ INGO တွေမှာ ပါဝင်ပြီး နိုင်ငံတော်ရဲ့လူမှုစီးပွားအကျိုး ကို ကျွန်တော် တတ်စွမ်းသလောက် တစ်ဖက်တစ်လမ်းကနေ သယ်ပိုးဆောင်ရွက် သွားချင်ပါတယ်။ လူငယ်တွေအနေနဲ့ အရင်ကထက်စာရင် အခွင့်အရေးတွေပိုမို ရလာပြီလို့ မြင်မိတယ်။ အခန်းကဏ္ဍတွေမှာလည်း ပါဝင်လာကြတာတွေတော့ ဝမ်းသာမိတယ်။ လူငယ်ပါဝင်မှုတွေကတော့ ရှိလာပါပြီ။ ဒီထက်ပိုပြီး လိုအပ် သေးတယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုစကားဝိုင်းမျိုးများစွာ ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ ဒီပွဲတွေကနေပဲ လူငယ်တွေ စာတွေပိုဖတ်လာဖို့ တွန်းအားတစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။
မရည်မွန်အောင်(ရန်ကုန်စီးပွားရေးတက္ကသိုလ်)
စာပေကို မူလတန်းအရွယ်ကစပြီး ဖတ်ရှုလေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်မ မိဘတွေနဲ့အဒေါ်ဖြစ်သူရဲ့ စာပေဖတ်ရှုဖို့ တိုက်တွန်းအားပေးခဲ့မှုကြောင့် အခုအရွယ်မှာ စာပေရဲ့အကျိုးကျေးဇူးကိုသိရှိပြီး စာပေချစ်မြတ်နိုးသူတစ်ဦး အဖြစ် စာအုပ်စာပေတွေကို အားလပ်ချိန်တွေမှာ ဖတ်ရှုလျက်ရှိပါတယ်။
ကျွန်မရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ အခုသင်ယူနေတဲ့ ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်စွာ သင်ယူပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းကနေ အကျိုးပြုနိုင်ဖို့ရည်မှန်းထားပါတယ်။ ဒီနေ့ခေတ်က (၂၁) ရာစုဖြစ်တဲ့အတွက် နည်းပညာပိုမိုတိုးတက်လာနေပါတယ်။ ဒါကြောင့် ဒီနေ့ ခေတ်လူငယ်တွေအနေနဲ့ နည်းပညာတိုးတက်မှုရဲ့ အကျိုးသက်ရောက်မှုကို ထိရောက်စွာ အသုံးချတတ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
မောင်ထက်နိုင်အောင် (ရန်ကင်းပညာရေးကောလိပ်)
ကျောင်းအဆင့်မှာ ပထမဆုံးလူရွေးပါတယ်။ ကျောင်းကိုယ်စားပြုပါပြီး တော့ လူတွေ့ဖြေရပါတယ်။ အဲဒီကနေ အရွေးချယ်ခံရလို့ အခုလိုဆွေးနွေးပွဲမှာ ပါဝင်ဖြစ်တာပါ။
ဆယ်တန်းကျောင်းသား ဘဝလောက်က ပြင်ပစာတွေဖတ်တာကို စစိတ်ဝင်စားခဲ့တာပါ။ စာပေကို ကဏ္ဍအစုံဖတ်ခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ ရသစာပေဖြစ်ပါတယ်။
မောင်အားမာန်ထက် (ရန်ကုန်ပညာရေးတက္ကသိုလ်)
စာပေကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တာပါ။ အဲဒီတုန်းက ကလေးစာပေလေးတွေပါ။ အိမ်ကလည်းခွင့်ပြုတယ်၊ စာအုပ်တွေ ဝယ်ပေး တယ်၊ စာဖတ်ဖို့လည်း အားပေးတယ်။ အဲဒီတုန်းက စာဖတ်ခဲ့တာက စာဖတ်မှ အသိတိုးမယ် ဘာညာဆိုပြီး ရည်မှန်းချက်ကြီးတွေနဲ့ ဖတ်ခဲ့တာမဟုတ်ဘူး။ စာဖတ်နေရရင် ပျော်နေတယ်။ ငယ်ဘဝက ကစားဖို့ အဖော်လည်း နည်းခဲ့ တယ်။ မွေးချင်းကလည်း အသက်ကွာတော့ ကျွန်တော့်ရဲ့ အားလပ်ချိန်တွေက စာဖတ်ဖို့ပဲဖြစ်ခဲ့တာပါ။
ကျွန်တော့်ရဲ့ အနာဂတ်ဘဝ ရည်မှန်းချက်ကတော့ ပညာရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီပေးနိုင်တဲ့သူဖြစ်ချင်တာပါ။ အခု တက်နေတာက ပညာရေးတက္ကသိုလ်ဆိုတော့ ကျောင်းဆရာတစ်ယောက် ဖြစ်လာမှာပါ။ နိုင်ငံရဲ့မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတဲ့ နေရာမှာ ကျွန်တော့်ရဲ့ကိုယ်စွမ်း၊ ဥာဏ်စွမ်းတွေကို အသုံးချခွင့်ရချင်တယ်။ ဆရာတွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာတစ်ယောက်၊ ဒါမှမဟုတ် ပညာရေး နယ်ပယ်ကနေ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။
မောင်ကောင်းထက်မြတ် (သတင်းအချက်အလက် နည်းပညာတက္ကသိုလ်)
ဒီစကားဝိုင်းမှာ ပါဝင်ဖြစ်ခဲ့တာက ကျွန်တော်တို့ကျောင်းက ကြော်ငြာ သင်ပုန်းကနေ ကြေညာပြီး ပါဝင်ချင်တဲ့သူတွေ လူတွေ့လာဖြေပါဆိုလို့ ဖြေရပါ တယ်။ ကျောင်းက ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် ရွေးလိုက်ပါတယ်။ ပြီးမှ ရန်ကုန်တက္ကသိုလ်ထဲမှာ နောက်တစ်ကြိမ် လူတွေ့ စစ်ဆေးပြီး ထပ်ရွေးတဲ့အထဲမှာ ပါလာတာဖြစ်ပါတယ်။
စာအုပ်စာပေတွေကတော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားပါတယ်။ ၄ တန်း၊ ၅ တန်းလောက်ကတည်းက ပုံပြင်စာအုပ်တွေ၊ အဘိုးချန်ထားတဲ့စာအုပ် တွေကို အမြဲဖတ်ဖြစ်ပါတယ်။ တကယ်တစိုက်မတ်မတ် စာစဖတ်ဖြစ်တာကတော့ ဆယ်တန်းဖြေအပြီးမှာ စဖတ်ဖြစ်တာပါ။ အဲဒီအချိန်ကစပြီး အလေ့အကျင့် ဖြစ်လာတာပါ။
အနာဂတ်ရည်မှန်းချက်အနေနဲ့ ကျွန်တော် အခုတက်နေတဲ့ computer science မေဂျာကလည်း ကျွန်တော် ၈ တန်း၊ ၉ တန်းလောက်ကတည်းက ဝါသနာပါလို့ ရွေးချယ်ခဲ့တဲ့ မေဂျာဖြစ်တဲ့အတွက် ဒီနယ်ပယ်မှာပဲ ကျင်လည် သွားမှာပါ။ Computer Science မှာမှ ကွန်ပျူတာ အသိဥာဏ်အတုတွေကို လေ့လာတဲ့ Artificial IntelligenceလိုResearch နယ်ပယ်မှာ နှစ်မြှုပ် သွားဖို့ရည်ရွယ်ထားပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
သတင်းအဖွဲ့

No comments:

Post a Comment