Thursday, August 2, 2018

ကရင်ပြည်နယ်အတွင်း ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်

Image may contain: 7 people, people smiling
ဘားအံ သြဂုတ် ၁
ကရင်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုများကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သူအချို့ သည် ရေဘေးဒုက္ခများနှင့် ရင်ဆိုင် ကြုံတွေ့ရလျက်ရှိရာ သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် ကော့မူးတာကျေးရွာ အုပ်စုနှင့် ရွှေတောကျေးရွာအုပ်စု များသို့ သွားရောက်၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့မူးတာ ကျေးရွာသို့ စက်လှေများဖြင့် သွားရောက်ပြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေး သင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ကော့မူးတာကျေးရွာအုပ်စုရှိ ကော့မူး တာ၊ နောင်ကုန်း၊ ကော့ဝါးဆူး၊ ကော့မလောက်နှင့် ရေအေးကျေးရွာ များရှိ ရေဘေးသင့်အိမ်ထောင်စု ၂ဝဝ အတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ပဲဝါခြမ်း၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်ကြော်၊ အာလူးချောင်းကြော် အစရှိသည့် စားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်သည်။
အလားတူ ရွှေတောကျေးရွာ အုပ်စုရှိ ရွှေတော၊ ကော့ပရံ၊ ကော့လုံး စိန်၊ ကော့အီမိုက်၊ နတ်ကျွန်းကျေးရွာ များရှိ ရေဘေးသင့်အိမ်ထောင်စု ၂ဝဝ အတွက် စားသောက်ကုန် များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဘားအံမြို့နယ်တွင် အဓိကအားဖြင့် သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာအုပ်စု ၂၂ အုပ်စုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ဂျိုင်းမြစ်ကမ်းဘေးရှိ ကျေးရွာများတွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း ၁၆ ခု ဖွင့်လှစ်၍ သြဂုတ် ၁ ရက် တွင် အိမ်ထောင်စု ၂၄၆၃ စု၊ လူဦးရေ ၁၂၂၃၄ ဦး ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ရေကြီးနစ်မြုပ်သော်လည်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ မသွားရောက်ဘဲ နေအိမ်များတွင်သာ ဆက်လက်နေထိုင်ကြသူများနှင့် ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့နေကြရသည့် ကျေးရွာများလည်းရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၃၁ ရက်အထိ ငွေကျပ် ၃ဝ၉၈၉၉ဝဝ တန်ဖိုးရှိ စားသောက်ကုန်များ၊ ပြည်နယ်တစ်ခုလုံးအနေဖြင့် ငွေကျပ် ၆၅၇၁၇၆ဝဝ တန်ဖိုးရှိ စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ ပရဟိတ အသင်းအဖွဲ့များကလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်တစ်ခုလုံးအနေဖြင့် ဇူလိုင် ၃၁ ရက်အထိ ရေဘေးစခန်း ၅၃ ခုတွင် အိမ်ထောင်စု ၇၆၆၈ စု၊ လူဦးရေ ၃၇၆၉၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment