Thursday, August 2, 2018

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် တောင်ကိုရီးယား ယူ-၁၉က မြန်မာ ယူ-၂၃ ကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရ

Image may contain: 2 people, people playing sports, stadium and outdoor
မန္တလေး သြဂုတ် ၁
Alpine Cup 2018လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင်ကျင်းပသည်။
မြန်မာ ယူ-၂၃ အသင်း၏ အာရှအားကစားပြိုင်ပွဲအကြို ပထမဆုံး နိုင်ငံတကာပွဲမှာ ရလဒ်မကောင်းဘဲ ရှုံးပွဲဖြင့် စတင်ခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် တောင်ကိုရီးယားအသင်းနှင့် ခြေစွမ်းပိုင်းကွာခြားခဲ့ပြီး လေးဂိုး ပြတ် အသွင်းခံရပြီးမှ သုံးဂိုးပြန်သွင်းနိုင်ခဲ့သောကြောင့် တစ်ဂိုးဖြင့်သာ ကပ်၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်း၏ ပွဲထွက်လူစာရင်းတွင် ဇော်မင်းထွန်း၊ ကျော်ဇင် ထက်၊ စည်သူအောင်၊ မောင်မောင်လွင် စသည့် အတွေ့အကြုံရှိသည့် ကစား သမားများ ပါဝင်သလို လူငယ်ကစားသမားများကိုလည်း ထည့်သွင်းအသုံးပြု ခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် ပွဲစကတည်းက တောင်ကိုရီးယားအသင်း၏ ဖိကစားခြင်းခံခဲ့ရသည်။ မြန်မာအသင်း ခံစစ်ပိုင်းအမှားများခဲ့သလို ကွင်းလယ် ခံစစ်ကစားသမားများဖြစ်သည့် လှိုင်းဘိုဘို၊ မောင်မောင်စိုးတို့က ပံ့ပိုးပေးနိုင်မှု အားနည်းသောကြောင့် တောင်ကိုရီးယားအသင်းက တိုက်စစ်စိတ်ကြိုက် ကစားခွင့်ရသွားခြင်းဖြစ်သည်။
မြန်မာနောက်တန်းသည် တောင်ကိုရီးယားအသင်း၏ တိုက်စစ်တွဲလုံးနှင့် အမြန်နှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ဂိုးများဆက်တိုက်ပေးခဲ့ရခြင်း ဖြစ်ပြီး ငါးမိနစ်တွင် ချိုဟီဝမ်၊ ၂၁ မိနစ်နှင့် ၅၇ မိနစ်တွင် ကင်ဆီယွန်၊ ၃၁ မိနစ်တွင် ချွိုင်ဂျွန်တို့က ဂိုးများသွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပိုင်း အစတွင် အောင်သူနှင့် အီစိုးတို့ကိုထည့်ကာ တိုက်စစ်အားမြှင့်ခဲ့သော်လည်း မိနစ် ၇ဝ ကျော်မှ တောင်ကိုရီးယားနောက်တန်းကို ဖိအားပေးနိုင်ခဲ့သည်။ ၇၄ မိနစ်တွင် မြန်မာ ယူ-၂၃ အသင်း ချေပဂိုးစရခဲ့ပြီး ဒွေးကိုကိုချစ်က သွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲပြီးခါနီးတွင် တောင်ကိုရီးယားနောက်တန်း၏ အမှားများကို အသုံးချကာ မြန်မာအသင်း ချေပဂိုးများဆက်တိုက်ရခဲ့ပြီး ၈၅ မိနစ်တွင် မြတ်ကောင်းခန့်၊ မိနစ် ၉ဝ တွင် ရန်နိုင်ဦးတို့က သွင်းယူခဲ့သည်။
ညနေ ၃ နာရီက ယှဉ်ပြိုင်ကစားသည့် ပထမပွဲတွင် ဘာရိန်းအသင်းက ထိုင်းအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုင်း ယူ-၂၃ အသင်းသည် ဦးဆောင်ဂိုးနှစ်ဂိုး စတင်သွင်းယူနိုင်သော်လည်း အနိုင်ရလဒ်ကိုမထိန်းနိုင် သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ပွဲအစ နှစ်မိနစ်တွင် ဂျာယိုဆက်၊ ခုနစ် မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂျာကစ်တို့က ထိုင်းအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ၁၄ မိနစ်တွင် ဘာရိန်းယူ-၂၃ အသင်း ချေပဂိုးပြန်ရခဲ့ပြီး အာမက်အဗ္ဗဒူလာက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဘာရိန်းအသင်း ပိုဖိကစားနိုင်ခဲ့ပြီး ဒုတိယချေပဂိုးကို ၄၁ မိနစ်တွင် မူဘာရက်က သွင်းယူ ခဲ့သည်။
ဒုတိယနေ့ကို သြဂုတ် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်း၊ မြန်မာ ယူ-၂၃ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း- ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- စိုးညွန့်

No comments:

Post a Comment