Thursday, August 2, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Image may contain: 1 person, sitting and standing
နေပြည်တော် သြဂုတ် ၁
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကျင်းပရေး ဦးစီးကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာမြလေးစိန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ကျင်းပရေး ဦးစီးကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ အဖွဲ့ဝင် ၂ဝ ဖြင့် ဖွဲ့စည်းခဲ့ကာ လုပ်ငန်းတာဝန် သုံးရပ် ချမှတ်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း တာဝန်သုံးရပ်မှာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မူဝါဒ ချမှတ်ပေးခြင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးဖြစ်သည့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် မြှင့်တင်ပေး နိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များ ချမှတ် ပေးရန်နှင့် ပွဲတော်တွင်ပါဝင်သည့် အဖွဲ့ အစည်းများ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် လိုအပ်သလို ချမှတ်ပေးနိုင်ရန် ဖြစ်ပါကြောင်း။
ကျင်းပရသည့် ရည်ရွယ်ချက်
ယင်းလုပ်ငန်းတာဝန်များကို အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပရေးလုပ်ငန်းကော်မတီကို ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးများ အဖွဲ့နှင့် ဆပ်ကော်မတီ ၁၄ ခုကို ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရ သည့် ရည်ရွယ်ချက်မှာ ''မြန်မာလူငယ်တွေရဲ့ အသိပညာ၊ အတတ်ပညာနဲ့ ကျင့်ဝတ်တန်ဖိုး အပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေးနဲ့ အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင်ကောင်းတွေ၊ အရည်အသွေးကောင်းတွေနဲ့ အကောင် အထည်ဖော် တည်ဆောက်နိုင်ဖို့'' ဖြစ်ပါ ကြောင်း။
မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်မှု (Freedom)၊ ဖွံ့ဖြိုးတိုးတက်မှု (Development) နှင့် ကြွယ်ဝချမ်းသာမှု (Prosperity)ဆိုသည့် အခြေခံတန်ဖိုးများဖြင့် ဖန်တီးတည်ဆောက် လျက်ရှိပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင် ရန်အတွက် အဓိကကျသည့် လိုအပ်ချက်မှာ မိမိတို့၏ အနာဂတ်လူ့အဖွဲ့အစည်းကို ပဲ့ကိုင် ဖန်တီးကြမည့် လူငယ်မျိုးဆက်သစ်များကို ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး ပြုစုပျိုးထောင် ပေးရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး ကို ပြန်ကြည့်ပါက နိုင်ငံတိုင်းတွင် မိမိတို့၏ အနာဂတ်လူ့ဘောင်အတွက် လူငယ်မျိုးဆက် သစ်များကို အားပေးမြှင့်တင်၍ လူသား အရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုများအဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည် ကို အားလုံးတွေ့မြင်ရမည် ဖြစ်ပါကြောင်း။
ချိတ်ဆက်ဆောင်ရွက်
ပထမအကြိမ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်အတွင်း၌ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ ပွဲတော်တွင် တက္ကသိုလ်၊ ကောလိပ်အသီးသီး မှ ကျောင်းသား ကျောင်းသူများ၊ လူမှုအဖွဲ့ အစည်းအသီးသီးမှ လူငယ်များ၊ တက္ကသိုလ် ကျောင်းသားဟောင်းများ၊ တက္ကသိုလ် အသီးသီးမှ ဘာသာရပ်ဆိုင်ရာ အသင်း အဖွဲ့များ အားလုံးပါဝင်ဆင်နွှဲခဲ့ကြသည့် အတွက် မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ် များအကြား ချိတ်ဆက်ဆောင်ရွက်ပေးနိုင် သော အောင်မြင်သည့် ပွဲတော်တစ်ခုအဖြစ် လည်း မြင်တွေ့ခဲ့ကြရပါကြောင်း။
ထို့ပြင် အခြေခံပညာကျောင်းသား ကျောင်းသူများ၏ ပြခန်းများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ပြခန်းများကို စနစ်တကျ ပြင်ဆင်ခင်းကျင်းပြသထားသည်ကို တွေ့ရှိ ရပြီး လူငယ်များ၏ စကားဝိုင်းဆွေးနွေးပွဲ များ၊ အနုပညာလှုပ်ရှားမှုများ၊ အားကစား လှုပ်ရှားမှုများနှင့် တေးသီချင်း သီဆိုသံများ သည် ပွဲတော်ကို ပိုမိုသက်ဝင်လှုပ်ရှားစေခဲ့ သည့်အတွက် မိမိတို့အနေဖြင့် ကြည်နူး ဝမ်းမြောက်ရပြီး ကျင်းပပေးနိုင်ခဲ့မှုအပေါ် တွင်လည်း အားရကျေနပ်ဂုဏ်ယူရပါ ကြောင်း။
ယခုပြုလုပ်မည့်ပွဲတော်တွင် စာပေဆိုင်ရာ လှုပ်ရှားမှု၊ အနုပညာဆိုင်ရာ လှုပ်ရှားမှု၊ အားကစားဆိုင်ရာလှုပ်ရှားမှု၊IT နှင့် သိပ္ပံ နည်းပညာဆိုင်ရာလှုပ်ရှားမှုများ ပါဝင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် စာအုပ်ဈေးရောင်း ပွဲတော်၊ လူငယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်၊ ဆွေးနွေးပွဲ၊ အဆို၊ အက၊ အတီး များနှင့် ဖျော်ဖြေမှုအစီအစဉ်များကို ကဏ္ဍအလိုက် ထည့်သွင်းဆောင်ရွက်ထားခြင်းဖြစ် သည့်အတွက် များစွာတာဝန်ကြီးမားခြင်း ကြောင့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လစ်ဟာမှုမရှိအောင် စနစ်တကျ ပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။
မောင်းနှင်အားများဖြစ်
ထို့ကြောင့် ယခုပွဲတော်တွင်ပါဝင်မည့် လှုပ်ရှားမှုများကို ရွေးချယ်ရာ၌ ဆန်းသစ်မှု၊ လူငယ်များနှင့် ရင်းနှီးကျွမ်းဝင်မှု၊ လူငယ် များကို အခြေခံမှု၊ လူငယ်များက ဦးဆောင် နိုင်မှုနှင့် အားလုံးပါဝင်နိုင်မှုများကို အခြေခံ စဉ်းစားဆောင်ရွက်ပေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယနေ့ အချိန်ကာလသည် နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ စွမ်းပကား တိုးတက်မြင့်မားလာစေရန် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်ဆောင်ရွက် ပေးနေချိန် ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များ သည် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရန်အတွက် ကြီးမားသည့် မောင်းနှင်အားများ ဖြစ်ပါကြောင်း။
ပွဲတော်နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးလှုံ့ဆော်သော Theme Song ကို ရုပ်မြင်သံကြား၊ သတင်းစာများနှင့် ရေဒီယို များတွင်လည်း ဖော်ပြပေးနေသည်ကို တွေ့ရှိရ ပါကြောင်း၊ ယခုကဲ့သို့ လူငယ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းသည် အနာဂတ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေး ခြင်းဖြစ်သည်နှင့်အညီ စိတ်ကောင်း၊ စေတနာ ကောင်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း။
ယခု ကျင်းပမည့်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ် သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပနိုင်ရေး အတွက် အစည်းအဝေးများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ပညာပေးအစီအစဉ်များ
ယင်းနောက် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပွဲတော်တွင် ပိုမိုပြည့်စုံစေရန်အတွက်IT ကဏ္ဍ ဖြည့်စွက် ရန်အတွက် အကြံပြုချက်များကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင် ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပွဲတော်ကျင်းပရေးဦးစီး ကော်မတီဝင်များဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖျော်ဖြေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ် ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် အသိပညာပေးအစီအစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရှင်းလင်း တင်ပြပြီး လုံခြုံရေးဆပ်ကော်မတီ၊ အားကစား ဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ အနုပညာ ဆိုင်ရာလှုပ်ရှားမှု ဆပ်ကော်မတီ၊IT နည်း ပညာဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေး ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများက ဆပ်ကော်မတီအလိုက် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အကြံ ပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ သမ္မတက တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment