Thursday, August 2, 2018

အဏုမြူဗုံးဒဏ်ခံ နာဂါဆာကီမြို့သို့ ကုလသမဂ္ဂအကြီးအကဲ သွားရောက်မည်

Image may contain: one or more people, sky and outdoor
နယူးယောက် သြဂုတ် ၁
လာမည့်သီတင်းပတ်တွင် နာဂါဆာကီ မြို့၌ ကျင်းပမည့် အမေရိကန်၏ အဏုမြူဗုံးကြဲချခံရမှု ၇၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ကုလသမဂ္ဂ အကြီးအကဲ အန်သော် နျူးဂူးတဲရက်ရှ် တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းသို့သော အခမ်း အနားသို့ ကုလသမဂ္ဂအကြီးအကဲ တစ်ဦး တက်ရောက်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနက သြဂုတ် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
မစ္စတာဂူးတဲရက်ရှ်သည် သြဂုတ် ၇ ရက်မှ ၉ ရက်အထိ ဂျပန်သို့ သွားရောက်မည်ဖြစ်ကြောင်း ကုလ သမဂ္ဂက ကြေညာသည်။ နာဂါဆာကီ မြို့ အုပ်ချုပ်ရေးမှူး တိုမိဟီစတာ့ အူအဲနှင့်တကွ အဏုမြူဗုံးဒဏ်သင့်ခဲ့ ရသူ ''ဟီဘာ့ကုရှ''အချို့နှင့် တွေ့ဆုံ ရန် ဂူးတဲရက်ရှ်က စီစဉ်ထားကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မစ္စတာဂူးတဲရက်ရှ်သည် သြဂုတ် ၉ ရက်တွင် နာဂါဆာကီအဏုမြူဗုံး ပြတိုက်သို့ သွားရောက်ပြီး အထိမ်း အမှတ်အခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း တာဝန်ရှိ သူက ဆက်လက်ပြောကြားသည်။
နျူကလီးယား လက်နက်များ ဖျက်သိမ်းရန် ကုလသမဂ္ဂက တိုက်တွန်းလျက် ရှိသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ အကြား ဆွေးနွေးမှုများ ရပ်တန့်နေ ကြောင်း၊ ကမ္ဘာပေါ်ရှိ နျူကလီးယား လက်နက်များ၏ ၉ဝ ရာခိုင်နှုန်းကို ယင်းနှစ်နိုင်ငံက ပိုင်ဆိုင်ထားကြ ကြောင်း ၎င်းကပြောကြားသည်။
နျူကလီးယားလက်နက်ပိုင်သော နိုင်ငံများနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမရှိသော နိုင်ငံများအကြား သဘောထားကွဲလွဲမှုမှာ နက်ရှိုင်း နေဆဲဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဇူလိုင်လက နျူကလီးယားလက်နက်တားမြစ်ပိတ်ပင်ရေးဆိုင်ရာ စာချုပ်ကို အတည်ပြုခဲ့ကြသော်လည်း လက်နက် ဖျက်သိမ်းရေးကိစ္စမှာ အလှမ်းကွာဝေး နေဆဲဖြစ်သည်ဆို၏။
၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်၌ အမေရိကန်လေတပ်သည် ဟီရိုရှီးမား မြို့ပေါ်တွင် အဏုမြူဗုံးတစ်လုံးကို ပထမဦးဆုံးအကြိမ် ကြဲချခဲ့သည်။
ထိုအဏုမြူဗုံးသည် မြို့လယ် အထက် ပေ ၁ဝဝဝ ခန့်အမြင့်တွင် ပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှုဒဏ် ကြောင့် တစ်မြို့လုံးနီးပါးမျှ မီးလောင် ပျက်စီးခဲ့ရသည်။ လူဦးရေ သုံးသိန်း လေးသောင်းကျော် ရှိသည့်အနက် လူပေါင်း ၇၈ဝဝဝ ကျော် သေဆုံးခဲ့ပြီး ၅၉ဝဝဝခန့် ဒဏ်ရာရရှိခဲ့ကြသည်။
ဟီရိုရှီးမားမြို့ အဏုမြူဗုံးဒဏ် ခံစားခဲ့ရပြီးနောက် သုံးရက်အကြာ သြဂုတ် ၉ ရက်တွင် နာဂါဆာကီမြို့ မှာလည်း အဏုမြူဗုံးကြဲချခံခဲ့ရသည်။ ဂျပန်နိုင်ငံ တောင်ဘက်ရှိ နာဂါဆာကီ မြို့၌ အဏုမြူဗုံးဒဏ်သင့်ခဲ့ရခြင်း ကြောင့် လူပေါင်း ၂၂ဝဝဝ မှ ၇၅ဝဝဝ အထိ သေဆုံးခဲ့ရသည်ဟု ခန့်မှန်းကြ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment