Thursday, August 2, 2018

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အစည်းအဝေးကျင်းပ

Image may contain: 1 person, sitting and indoor
နေပြည်တော် သြဂုတ် ၁
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union) အစည်း အဝေး(၄/၂ဝ၁၈)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် လွှတ်တော် ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ယခုကျင်းပနေသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးသည် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှစ်ခုကိုတင်သွင်းခဲ့ပြီး ဆွေးနွေးနေဆဲ ကာလအချိန်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသန္တရစီမံကိန်းနှင့် နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို စိစစ်ပြဋ္ဌာန်းရာတွင် အချိန်သတ်မှတ် ချက်များမပါရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် လည်း ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်း ပေးရန် လိုအပ်လာပြီဟု သုံးသပ်ရရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌများအားလုံး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း။
ဥပဒေပြုရေးနှင့်ပတ်သက်၍လည်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အနေဖြင့် ပကတိဖြစ်ပျက်နေသည့် အနေအထားများကိုလည်း သုံးသပ်တင်ပြသွားရန် စီစဉ်ထားပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအနေဖြင့်လည်း ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘတ်ဂျက်ကို လွှတ်တော်ကစိစစ်ရာတွင် အချိန်မလုံလောက်၍ အခက်အခဲတွေ့ရသည်ကို သိရပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို စိစစ်ရန်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်ပြရမည့်နေ့ရက်၊ လွှတ်တော်စိစစ်ရေးအဖွဲ့များက တင်ပြရမည့်နေ့ရက်များ ကို သတ်မှတ်ထားပါကြောင်း၊ ထို့ပြင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့က လွှတ်တော်သို့ အစီရင်ခံစာများ တင်သွင်းရက်ကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ သို့မှသာ လွှတ်တော် တွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရန်အချိန်ရပြီး အတည်ပြုပေးရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဘက်မှ အတည်ပြုရန် နောက်ကျသွားလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အခက်အခဲဖြစ်ရသည်ကိုသိရပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အစည်းအဝေး (၃/၂ဝ၁၈) ဆုံးဖြတ်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များ၏ ဘဏ္ဍာငွေရေးဆွဲတင်ပြခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က တိုင်းဒေသကြီး၊ ပြည်နယ် ဒေသန္တရစီမံကိန်းနှင့် နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်းလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကပြဋ္ဌာန်းသည့် ဥပဒေများဆန့်ကျင်မှု၊ ကွဲလွဲမှု၊ မညီညွတ်မှုမဖြစ်ပေါ်စေရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်း၍ လိုအပ်သည်များဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment