Wednesday, August 29, 2018

ပြန်လည်စွန့်လွှတ်မြေယာကိစ္စရပ်များနှင့် တိုင်ကြားစာများ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းစည်းဝေး

Image may contain: 2 people, people sitting and indoor
မြစ်ကြီးနား သြဂုတ် ၂၈
ကချင်ပြည်နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေများနှင့် မြေယာကိစ္စရပ်များအပေါ် တိုင်ကြားစာများ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၏ လုပ်ငန်း
ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင်မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်ကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသော ယခင်အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းများပါ မြေယာကိစ္စရပ်များ၊ ဗဟို၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီအသီးသီးသို့ တင်ပြတိုင်ကြားစာများနှင့် ပြန်လည်စွန့်လွှတ်သော မြေများအပေါ်သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အမှုကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာအဆင့်ဆင့်သော ကော်မတီများအနေဖြင့် နိုင်ငံတော်သမ္မတကြီး
၏ လမ်းညွှန်ချက် ၅ ချက်၊ ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် ၅၂ ချက်တို့နှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ရန်နှင့် မြေယာတိုင်ကြားစာများကို ညွှန်ကြားချက်နှင့်အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊
ကော်မတီအတွင်းရေးမှူး ဦးသန်းဝင်းက ပြည်နယ်အတွင်း လယ်ယာမြေများအား သက်ဆိုင်ရာမူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပြီးစီးမှု အခြေအနေများ၊ တိုင်ကြားစာများအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကချင်ပြည်နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေအမှုပေါင်း ၂၃ဝ ရှိပြီး မူလပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံပြီးစီးပြီဖြစ်ကြောင်း ဗဟိုကော်မတီသို့ တင်ပြပြီးဖြစ်သဖြင့် ရာနှုန်းပြည့်ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် တိုင်ကြားစာနှင့် ပတ်သက်၍ ဗဟိုကော်မတီ ပြန်လည်လွှဲပြောင်းသည့် တိုင်ကြားစာများအပါအဝင် ပြည်နယ်၊ ခရိုင်၊မြို့နယ်ကော်မတီများသို့ တိုင်ကြားစာပေါင်း ၃၆၆ စောင်အနက်၃၁ဝ ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment