Thursday, August 2, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ပြည်ထောင်စုလွှတ်တော်နာယကတာဝန် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

Image may contain: 6 people, people smiling, people standing
နေပြည်တော် သြဂုတ် ၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၏ တာဝန်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ လွှဲပြောင်းပေးအပ် သည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ များ၊ ဒုတိယဝန်ကြီးများ လေ့လာသူအဖြစ် တက်ရောက်ကြသည်။
အပြန်အလှန်ထိန်းကျောင်း
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်အစည်းအဝေးကာလ လပေါင်း ၃ဝ အတွင်း ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ ရာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် (တနင်္လာနေ့) နံနက် ၁ဝ နာရီတွင် စတင်ခေါ်ယူ ကျင်းပခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၇၆ ပုဒ်မခွဲ (က)အရ ပြည်သူ့လွှတ်တော်သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃ဝ ပြည့်မြောက်သည့် နေ့ရက်အထိ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ထမ်းဆောင်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ကျန်သက်တမ်း ကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ယခု အစည်းအဝေးတွင် တာဝန်လွှဲပြောင်း၊ လက်ခံခြင်း အစီ အစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်က ကျင့်သုံးလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် အခွင့်အလမ်းများ ပိုမိုခိုင်မာလာစေရေး၊ နိုင်ငံသူ နိုင်ငံ သားတိုင်း တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် အခြေခံလူ့အခွင့်အရေးများ တိုးတက်ရရှိလာစေရေးတို့ကို အဂတိတရားကင်းကင်းရှင်းရှင်းနှင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော် ၏ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့်လည်း အပြန်အလှန်ထိန်းကျောင်း ဆောင် ရွက်ခဲ့ပါကြောင်း။
ဦးစားပေးအလိုက်ဆွေးနွေးဆောင်ရွက်
ဒုတိယနာယကအနေဖြင့်လည်း ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်း ကော်မတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်း ရေးမှူးအဖြစ် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန် များကို ဦးစီးဦးဆောင်ပြုပြီး ပိုမိုကောင်းမွန်သည့် အခြေခံ ကောင်းများရရှိအောင် ဆောင်ရွက်ပေးခဲ့မှုအတွက် အသိ အမှတ်ပြုကျေးဇူးတင်ပါကြောင်း။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ လပေါင်း ၃ဝ သက်တမ်းကာလအတွင်း ပုံမှန်အစည်းအဝေး ၈ ကြိမ် ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နဝမပုံမှန်အစည်း အဝေးကိုလည်း စတင်ကျင်းပလျက်ရှိပါကြောင်း၊ ဤကာလ အတွင်း ဥပဒေပြုခြင်းအပိုင်း၌ ၂ဝ၁၆ ခုနှစ်တွင် ၄၄ ခု၊ ၂ဝ၁၇ ခုနှစ်တွင် ၂၉ ခုနှင့် ၂ဝ၁၈ ခုနှစ်တွင် ယနေ့အထိ ၂၂ ခု စုစုပေါင်း ဥပဒေ ၉၅ ခုကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ ချေးငွေ ရယူရေးကိစ္စရပ် ၄ဝ နှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စရပ် ၂၆ ခုအပါအဝင် လိုအပ် သော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆွေးနွေးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
လေ့လာဆန်းစစ်သုံးသပ်
ထို့ပြင် ပြည်ထောင်စုလွှတ်တော် သက်တမ်းတစ်ဝက် ကာလအတွင်း ထူးခြားသည့် ဒေသတွင်းဆက်ဆံရေးကဏ္ဍတွင် ဆောင်ရွက်ချက်တစ်ခုအနေဖြင့် (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံ တကာဆက်ဆံရေးကဏ္ဍတွင် နိုင်ငံတကာလွှတ်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အာဆီယံပါလီမန်များဆိုင်ရာ ပူးပေါင်းကော်မတီ နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အာဆီယံပါလီမန်များညီလာခံ (AIPA) နှင့် ဆက်စပ် အစည်းအဝေးများသို့ (၂၁)ကြိမ်နှင့် နိုင်ငံတကာပါလီမန် များညီလာခံ (IPU)နှင့် ဆက်စပ်အစည်းအဝေးများသို့ (၂)ကြိမ် စေလွှတ်တက်ရောက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအကြားတွင် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ အချင်းချင်းကြားတွင်လည်းကောင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ရန် ရည်ရွယ် ပြီး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် တည်ဆဲ ဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေး၊ အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်နိုင်ရေးနှင့် အရေးကြီးသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အထောက်အကူပြု ပြီး ညီညွတ်မျှတသည့် ကျွမ်းကျင်မှု၊ အကြံဥာဏ်များရရှိရေး အတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို လည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပြည်ထောင်စုတစ်ဝန်း ဒေသအနှံ့အပြားမှ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဥပဒေပြုရေးအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန် များကို ဆောင်ရွက်နေကြရခြင်း ဖြစ်ပါကြောင်း။
ယခုအချိန်သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို အထူးအလေးထားဆောင်ရွက်နေရ သည့် ကာလဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သာမက မိမိတို့၏ အခြေခံမဲဆန္ဒနယ်မြေ တစ်ခုချင်းမှစပြီး နိုင်ငံတော်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက်လည်း ဆက်လက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
လပေါင်း ၃ဝ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေ ဖြင့် ကျန်ရှိသည့် လပေါင်း ၃ဝ ကာလတွင်လည်း မိမိတို့ ရရှိပြီးသည့် အတွေ့အကြုံအသိပညာများကို အကျိုးရှိရှိ မှန်မှန်ကန်ကန်အသုံးချပြီး ပြည်သူများ၏ ဆန္ဒနှင့် မျှော် လင့်ချက်များကို ပိုမိုတိုးတက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းအားထုတ်ကာ တာဝန်ကျေကြပါဟု ဆန္ဒပြုတိုက်တွန်းလိုပါကြောင်း၊ မိမိနှင့်အတူ လပေါင်း ၃ဝ ကာလအတူလက်တွဲပြီး ပူးပေါင်းကူညီလုပ်ဆောင်ပေးခဲ့ မှုများအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာန အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၏ တာဝန်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
အားသွန်ခွန်စိုက်ကြိုးပမ်း
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းစတင်ခဲ့သည့် အချိန်မှစပြီး လပေါင်း ၃ဝ ပြည့် မြောက်သည့်ကာလအထိ ပြည်ထောင်စုလွှတ်တော်နာယက နှင့် ဒုတိယနာယကတာဝန်ကို ကျေပွန်စွာတာဝန်ယူ ဆောင် ရွက်ခဲ့သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်း ဦးစွာ ပြောကြားလိုပါကြောင်း။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များကို အခြေခံပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခုလိုခက်ခဲကြီးမားလှသော လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ လပေါင်း ၃ဝ ကြာ တာဝန်ကျေပွန်ပြီး မြောက်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မိမိတို့၏ ဤ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကြီးက မှတ်တမ်း တင်ဂုဏ်ပြုရမည်ဖြစ်ပါကြောင်း။
နိုင်ငံတကာတွင် လွှတ်တော်များသည် ဒီမိုကရေစီ စနစ်၏ အခြေခံအုတ်မြစ်ဖြစ်သလို နိုင်ငံတစ်နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောများဖြစ်သည်ဟု ပြောစ မှတ်ပြုကြပါကြောင်း၊ ဥပဒေပြုအာဏာကို ကျင့်သုံးကြရ သည့် လွှတ်တော်များသည် ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူများ၏လိုအပ်ချက်များကို သိရှိခံစားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း။
အဆင်ပြေကောင်းမွန်စေရေး
ယခုလိုဆောင်ရွက်ရာမှ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အခြေအနေနှင့် ညီညွတ်မျှတမှုရှိသောဥပဒေများ ပေါ်ပေါက်လာရေး၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ အခြေခံကျကျ အဆင်ပြေကောင်းမွန်စေရေးတို့ကို နိုင်ငံတော်၏အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးကြသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အတူ ကဏ္ဍအလိုက်အကောင်အထည်ဖော်ခြင်း၊ အပြန် အလှန်ထိန်းကျောင်းခြင်း၊ ညှိနှိုင်းဆွေးနွေးပူးပေါင်းဆောင် ရွက်ခြင်းတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက် ဖြစ်ထွန်းလာရန် ရည်မှန်းချက်ထားရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်း အဝေးကို မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်နေကြသည်မှာ ထင်ရှားသည့်သာဓကဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့အနေဖြင့် အားကောင်းမောင်းသန်အပြု သဘောဆောင်သည့် ဆွေးနွေးမှုများကို ထိထိရောက် ရောက်ပါဝင်ဆွေးနွေးနိုင်ရန်အတွက် ယင်းအစုအဖွဲ့တွင် ပါတီပေါင်းစုံမှ တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံ ပါဝင် နိုင်ရန် ကြိုတင်ပြင်ဆင်စုဖွဲ့ပြီး တာဝန်ပေးအပ်စေလွှတ် ခဲ့ခြင်းပင် ဖြစ်ပါကြောင်း။
ဥပဒေပြုလွှတ်တော်များသည် နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် အကာ အကွယ်ပေးနိုင်သောဥပဒေများ ပြဋ္ဌာန်းပေးရမည်ဖြစ် သကဲ့သို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများကလည်း ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင် အထည်ဖော်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားဖြစ်ထွန်းစေရေးအတွက် ညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ အပါအဝင် နိုင်ငံသားအားလုံးကလည်း တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပြီး တာဝန်ကျေပွန်မှု၊ တာဝန် ခံမှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှုများနှင့် ပူးပေါင်းလုပ်ဆောင် ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ဆွေးနွေးညှိနှိုင်းအဖြေရှာ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို အတတ်နိုင်ဆုံး ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန် အလှန် ထိန်းကျောင်းခြင်းတို့ကို မှန်ကန်မျှတစွာ ဆောင် ရွက်သွားကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပူးပေါင်းဆောင်ရွက် မှုများကိုလည်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားကြ ရဦးမည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပြည်သူလူထုက ချက်ချင်းအကောင်အထည်ပေါ်လာမှုကို မြင်တွေ့လိုကြ သော်လည်း ဒီမိုကရေစီ၏ ပင်ကိုအခြေခံသဘောတရား အရ တစ်ခါတစ်ရံတွင် လက်ငင်းအဖြေထွက်ရန်ထက် အချိန် ကာလတစ်ခုယူရန် လိုအပ်သည်ကိုလည်း သတိပြုကြရမည် ဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ၂၁ ရာစု၏ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် စစ်မှန်သော ဒီမိုကရေစီ စနစ်မှတစ်ပါး အခြားစနစ်မရှိတော့ပါဟု ပြောကြားလိုပါ ကြောင်း။
အတွေ့အကြုံရင့်ကျက်လာ
မိမိတို့၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကို ကြိုးပမ်းဖော်ဆောင်ကြရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အပေါ် မှန်ကန်သည့် စိတ်ရင်းစေတနာနှင့် အမြော်အမြင် ရှိရှိ နည်းလမ်းမှန်မှန်ဖြင့် မိမိတို့၏ ကိုယ်စီတာဝန်ကျေပွန် မှုများကို ထုတ်ဖော်ပြသနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ အစည်းအဝေးကျင်းပမှု တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး အတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အမျှ မဲဆန္ဒရှင် ပြည်သူများအတွက် ကိုယ်စားပြုပြီး ဥပဒေပြုရေးလုပ်ငန်း တာဝန်ကို ဆောင်ရွက်ကြရသည့် လွှတ်တော်ကိုယ်စား လှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင် ရာ ဥပဒေ၊ နည်းဥပဒေများအပြင် တည်ဆဲဥပဒေ၊ စည်း မျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး ဒီမိုကရေစီ စနစ် ပိုမိုခိုင်မာလာအောင် အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ကျန်ရှိ သည့် သက်တမ်းတစ်ဝက်ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ရည်ရွယ်ပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာ အယူဝါဒစွဲများ မထားရှိကြဘဲ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် မိမိနှင့် အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း၊ မိမိတို့တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စိတ်ကောင်းစေတနာ မှန်ကန်စွာနှင့် ကျေပွန်အောင် ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းလာရေး လုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းတင်
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ (က)နှင့်အညီ ပြည်ထောင်စုလွှတ်တော် နာယက၊ ဒုတိယ နာယက တာဝန်များကို အောင်မြင်စွာထမ်းဆောင်ခဲ့သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အား ပြည်ထောင်စုလွှတ်တော် က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်က ကတိသစ္စာပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးယူငွေ ယူရိုသန်း ၃ဝ ရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက မြန်မာနိုင်ငံ အတွင်း မီးလင်းရန်ကျန်ရှိသော ကျေးရွာများ၌ မဟာ ဓာတ်အားလိုင်းပြင်ပမှ ကျေးလက်မီးလင်းရေး ဆောင်ရွက် ပေးရန်အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွင် အီတလီနိုင်ငံမှ ချေးငွေ(Soft Loan) ယူရို သန်း ၃ဝ ကို Co-Financing အဖြစ် ထည့်ဝင်ဆောင်ရွက် သွားနိုင်ရေး အီတလီအစိုးရက ကမ်းလှမ်းဆွေးနွေးလာခဲ့ ပါကြောင်း။
မီးလင်းရေးလုပ်ငန်းများဆောင်ရွက်
အီတလီနိုင်ငံအစိုးရကပေးအပ်သော ချေးငွေ ယူရို သန်း ၃ဝ သည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလမှာ ၁၈ နှစ်ဖြစ်၍ ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ၁ဝ နှစ် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းချေးငွေများဖြင့် လျှပ်စစ်မီး လက်လှမ်းမီမှုနည်းပါးသော၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်နှင့် ယင်းအနီးတစ်ဝိုက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊Co-Financing အဖြစ် ထည့်ဝင်သော ချေးငွေများဖြင့် တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစား ဓာတ်အားလိုင်းစနစ်များဖြင့် ခန့်မှန်းကျေးရွာ ၁ဝ၁၉ ရွာ တွင် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီး အိမ်ခြေ ၉၆၅ဝဝ ခန့်အား အကျိုးပြုစေရန် မျှော်မှန်းထားပါကြောင်း။
အီတလီအစိုးရသည် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်၊ မဟာဓာတ်အားလိုင်းနှင့်ဝေးကွာသော ကျေးရွာများတွင် အကြိုလျှပ်စစ်မီးရရှိရေးစနစ် (Pre-Electrification System)ဖြင့် ဆောင်ရွက်နိုင်ရန်၊ အစိုးရ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရန်၊ ပြည်သူအချိုးကျ ထည့်ဝင်သောစနစ်ဖြင့် ပိုမိုကောင်းမွန် သည့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်ရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချေးငွေပေးအပ်ခြင်း ဖြစ်ပါကြောင်း။
တစ်အိမ်သုံးဆိုလာစနစ်အတွက် စီမံကိန်းဧရိယာ ရွေးချယ်ရာ၌ နောင် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်း မဟာ ဓာတ်အားလိုင်း မရောက်ရှိနိုင်သည့် ကျေးရွာများ၊ မဟာ ဓာတ်အားလိုင်းနှင့် ၁ဝ မိုင်အထက် ဝေးကွာသောဒေသများ၊ ဝေးလံခေါင်ဖျားသောဒေသများရှိ ကျေးရွာများ၏ အိမ်ခြေ နှင့် လူနေထူထပ်မှု၊ ပြည်သူက ၁ဝ ရာခိုင်နှုန်းခန့် ထည့်ဝင် နိုင်သော ကျေးရွာများ စသည့်ရွေးချယ်ရေးမူများအပေါ် အခြေခံ၍ ကျေးရွာများ ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ရွေးချယ်ဆောင်ရွက်သွားမည်
အသေးစားဓာတ်အားပေးစနစ်(Mini-Grid)အတွက် စီမံကိန်းဧရိယာရွေးချယ်ရာတွင် မြေမျက်နှာသွင်ပြင် အနေ အထားအရ နောင် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်း မဟာဓာတ်အား လိုင်းမှ လျှပ်စစ်မီးမရရှိနိုင်သော ကျေးရွာများ၊ ပြည်သူ ထည့်ဝင်ငွေ ၂ဝ ရာခိုင်နှုန်း ထည့်ဝင်နိုင်သော ကျေးရွာများ၊ ဓာတ်အားခပေးဆောင်ရန် ဆန္ဒရှိသော ကျေးရွာများ၊ ကျေးလက်မီးလင်းရေးအတွက် သာမက အသေးစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများပါ ဆောင်ရွက်လိုသည့် ကျေးရွာ များ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုသော ကျေးရွာများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်ရရှိနိုင် သည့် ကျေးရွာများ စသည့်အချက်များအပေါ် အခြေခံ၍ ကျေးရွာများ ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နည်းပညာအကူအညီပေးရေးအတွက် အီတလီ အစိုးရက ကမ္ဘာ့ဘဏ်သို့ သီးခြားရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၅ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မီးလင်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာမူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့် မူဘောင်များ ရေးဆွဲခြင်း၊ မီးလင်းရေးစီမံချက်များ ရေးဆွဲခြင်း၊ အကျိုး ရလဒ်များ စောင့်ကြည့်စစ်ဆေးခြင်း၊ နည်းပညာ၊ ဒီဇိုင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများ အကဲဖြတ်စိစစ်ခြင်း၊ ဝယ်ယူရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု ဆိုင်ရာ စီမံခန့်ခွဲခြင်းတို့အတွက် နည်းပညာဆိုင်ရာ အကြံဥာဏ်များပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ပါ ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ပါ ရည်မှန်းချက်များနှင့်အညီ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ရည်မှန်းဆောင်ရွက်လျက်ရှိသော အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်၊ မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် Co-Financing အဖြစ် အီတလီနိုင်ငံအစိုးရမှ ပေးအပ်သည့် အတိုးမဲ့ချေးငွေ ယူရိုသန်း ၃ဝ အား ချေးယူခွင့်ပြုနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ကြီးဌာနမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖြစ်ပြီး ဆောင်ရွက်မည့်လုပ်ငန်းမှာ ကျေးလက်မီးလင်းရေးကိစ္စများ ဖြစ်သဖြင့် ဝင်ငွေရရှိရေးကို ပဓာနမထားဘဲ အချိန်စေ့ ရောက်သည့် နှစ်အလိုက် ပြန်လည်ပေးဆပ်မှုများကို နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေသုံးစွဲ၍ ပြန်လည်ပေးဆပ် ရမည် ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလ ကျော်လွန်ပါက တစ်နှစ်လျှင် ငွေကျပ် ၄၉၉၆ ဒသမ ၂ သန်းခန့် ပြန်လည် ပေးဆပ်ရမည် ဖြစ်ပါကြောင်း။
လျော်ကန်သင့်မြတ်မှုရှိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်မီး ရရှိရေးကိစ္စသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်မှ နှစ်စဉ်ခွဲဝေ ကျခံသုံးစွဲပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိသဖြင့် ယခုကဲ့သို့ သက်သာမှုရှိသော နှစ်ရှည်ချေးငွေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စသည် လျော်ကန်သင့်မြတ်မှုရှိပါကြောင်း၊ နိုင်ငံတော်၏ ပြည်ပ ကြွေးမြီလက်ကျန် အခြေအနေအရ ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်ရှိ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅ ဒသမ ၄၅ ရာခိုင်နှုန်းခန့်ဖြစ်သဖြင့် ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ အီတလီနိုင်ငံမှ အတိုးမဲ့ချေးယူငွေ ယူရို သန်း ၃ဝ ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြ ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အာရှ ဖွံ့ဖြိုးရေးဘဏ်(Asian Development Bank - ADB) ချေးငွေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်ဒေသများ ဖြစ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းရှိ မြို့နယ် ၅ မြို့နယ် စုစုပေါင်း မြို့နယ် ၁၄ မြို့နယ်တို့တွင် ရာသီ ဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း(Climate Friendly Agribusiness Value Chains Sector Project)ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း။
စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ရယူမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလမှာ ဆိုင်းငံ့ကာလ ရှစ်နှစ် အပါအဝင် စုစုပေါင်း ၃၂ နှစ် ဖြစ်ပါကြောင်း၊ အတိုးနှုန်းမှာ ဆိုင်းငံ့ ကာလအတွင်း ၁ ရာခိုင်နှုန်းနှင့် ကျန်ကာလများတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ချေးငွေများကို ဆိုင်းငံ့ကာလပြီး နောင် တစ်နှစ်လျှင် နှစ်ကြိမ် (မတ်လနှင့် စက်တင်ဘာလတို့တွင်) ၂၄ နှစ်ဖြင့် စုစုပေါင်း ၄၈ ကြိမ် ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ချေးယူ ထားသောငွေအား နိုင်ငံတော်ရန်ပုံငွေမှ နှစ်အလိုက် ပေးဆပ်ရမည့် ငွေပမာဏကို တင်ပြတောင်းခံ၍ ပြန်လည် ပေးဆပ်သွားရမည် ဖြစ်ပါကြောင်း။
ဝင်ငွေပိုမိုရရှိမည်
ဤစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းဧရိယာ များတွင် ထုတ်လုပ်မှု စွမ်းအားတိုးမြင့်လာခြင်း၊ ရာသီဥတု ဒဏ် ကြံ့ကြံ့ခံနိုင်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အရည် အသွေးကောင်းမွန်ပြီး အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေခြင်းနှင့် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ခြင်း တို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက် ယှဉ်ပြိုင် ဝင်ရောက်နိုင်မှု တိုးတက်လာပြီး ကျေးလက်နေ အိမ်ထောင်စုများ၏ဝင်ငွေ ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာပင် စီမံကိန်းဧရိယာရှိ ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရ ချို့တဲ့မှုတို့ လျော့နည်းကျဆင်းလာစေမည် ဖြစ်ပါ ကြောင်း။
ထို့ကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ရယူ၍ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေ မည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ပြန်လည်ပေးဆပ်နိုင်ရန်စီစဉ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေဖြင့် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မည့် ဝန်ကြီးဌာနမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် အရည်အသွေး ကောင်းမွန်ပြီး ISO 17025စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသော စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများထုတ်လုပ်မှုမှတစ်ဆင့် ပြည်ပဈေးကွက်များ ရရှိလာပြီး ဝင်ငွေတိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အချိန်စေ့ရောက်သည့် နှစ်အလိုက် အတိုး၊ အရင်း ပြန်လည်ပေးဆပ်မှုများကို ဌာန၏ရငွေများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန်စီစဉ်၍ ဘတ်ဂျက်သို့ ရငွေများ ပေးသွင်းခြင်း၊ ချေးငွေပေးဆပ်ရန် အသုံးစရိတ်များ တောင်းခံခြင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြည်ပကြွေးမြီ လက်ကျန် အခြေအနေမှ ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်ရှိ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅ ဒသမ ၄၅ ရာခိုင်နှုန်း ဖြစ်သဖြင့် ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရှိနေပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန် ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို သြဂုတ် ၇ ရက်တွင် ကျင်းပ သွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment