Wednesday, August 29, 2018

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် ရှင်းလင်းဆွေးနွေးပွဲ လွိုင်ကော်မြို့ ၌ပြုလုပ်

Image may contain: one or more people, people sitting and indoor
လွိုင်ကော် သြဂုတ် ၂၈
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အဆင့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်ရှိ တာဝန်ရှိသူများ ပူးပေါင်းချိတ်ဆက် မှုအပိုင်းမှာ အားနည်းနေတာကို တွေ့ရှိနေရ ကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရာမှာ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် ဆေးဝါးကုသမှုအပိုင်းများ၊ ဘိန်းစားထိုး
လုပ်ငန်းများ ပံ့ပိုးပေးခြင်း စသည့်လုပ်ငန်းစဉ်များအတွက် လိုအပ်သည့်ကူညီမှုများဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို မူးယစ်ဗဟိုအဖွဲ့၊ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မူးယစ်ဗဟိုအဖွဲ့မှ ရဲမှူးကြီး သန့်လွင်မောင်က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ကဏ္ဍအလိုက်
ပညာရှင်များက မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေးကဏ္ဍ၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးကဏ္ဍ၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးကဏ္ဍ စသည့်ကဏ္ဍအသီးသီးကို ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေအရာရှိတို့က မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများအပေါ် ဆွေးနွေးအကြံပြုကြပြီး မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စိုင်းဥာဏ်လင်းထွဋ်

No comments:

Post a Comment