Friday, August 31, 2018

လူတစ်ယောက်ရပ်တည်ဖို့ နှလုံးသားနဲ့ ဦးနှောက် မျှခြေစဉ်းစားဖို့လိုသလို တိုင်းပြည်တစ်ပြည် ပြန်လည်ဦးမော့လာဖို့အတွက်ကလည်း တစ်ဦး၊ တစ်ယောက်ချင်းစီရဲ့ နှလုံးသားနဲ့ ဦးနှောက်တွေ အမြဲရှင်သန်နိုးကြားနေဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်

Image may contain: 2 people, people smiling, closeup
မောင်ဇော်လင်းနိုင်(ဒဂုံတက္ကသိုလ်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရသစာပေ စကားဝိုင်းတွင် ပါဝင်ခဲ့ကြသော ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-
(ယမန်နေ့မှ အဆက်)
မအေးစန္ဒာအောင် (အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်)
စာဖတ်တာကို ဘယ်တုန်းကစပြီး စိတ်ဝင်စားတာလဲဆိုတာကို ပြောရရင် စာပေဆိုတာထက် ကာတွန်းတွေ၊ ရုပ်ပြဇာတ်လမ်းလေးတွေကနေ တဖြည်းဖြည်း စာအုပ်တွေဖတ်ဖြစ်လာတယ်။ သင်္ကြန်ပိတ်ရက်တွေဆို ကာတွန်းစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေကို အများကြီးငှားဖတ်တာတွေက စာဖတ်တာကိုကြိုက်တယ်လို့ ပြောလို့ရမယ်လို့ ထင်မိတယ်။ ပထမဆုံးစာပေဆိုတာကို သိခဲ့တာက ဆယ်တန်း တုန်းက စဖတ်ရတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ပထမံဆရာသိန်းကနေ စခဲ့တယ်။ နောက်ပိုင်း စာအုပ်တွေဖတ်ရတာ ကြိုက်လာတယ်။ ဖုန်းထဲကနေ ဖတ်တယ် ဆိုတာထက် စာအုပ်နဲ့ ဖတ်ရတာကို ပိုသဘောကျတယ်။
နောက် သတင်းအတတ်ပညာ ကျောင်းသူဖြစ်လာတဲ့အခါ စာပေတွေ ဖတ်ရှုဖို့လိုအပ်လာတယ်။ ဗဟုသုတကြွယ်ဖို့အတွက် စာများများ ဖတ်ရတယ်။ အများစုကတော့ သုတထက် ရသစာပေတွေကို ပိုဖတ်ဖြစ်တယ်။ ဂျာနယ်ကျော် မမလေးရဲ့ သူလိုလူက တော်တော်လေးကို ဗဟုသုတလည်းရ၊ ရသလည်းရတဲ့ စာအုပ်လို့ထင်မိတယ်။ နောက်လူ့ရဲ့သဘောထားတွေကို ဖော်ပြနိုင်တဲ့ အရေး အသားမျိုး၊ တစိမ့်စိမ့်တွေးကြည့်ရတဲ့ စာအုပ်မျိုးတွေဆို သိပ်သဘောကျပါတယ်။ ဆရာမကြီး ကြည်အေးရဲ့ မီ ဝတ္ထုဟာ လူ့အမြင်၊ တွေးထင်ပုံတွေကို အကောင်း ဆုံး ချပြနိုင်တယ်လို့ ထင်တဲ့အတွက် အတော်ကြိုက်ပါတယ်။
သတင်းအတတ်ပညာကို လေးနှစ်တိုင်တိုင်ဆည်းပူးခဲ့ရတာမို့ ဒီပညာရပ်နဲ့ ပဲ အသက်မွေးဝမ်းကျောင်း ပြုချင်ပါတယ်။ မီဒီယာသမားတစ်ယောက်၊ အထူးသဖြင့် သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ တစ်ဖက်မှာ လည်း စာရေးရတာကို အထူးစိတ်ဝင်စားတာကြောင့် စာရေးတာကိုလည်း လေ့လာပြီး စာပေကောင်းတွေ၊ ကဗျာကောင်းတွေ ဖန်တီးသွားချင်ပါတယ်။
မောင်မင်းခန့်မောင်မောင် (ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်)
အိမ်မှာ အမေက ငယ်ငယ်ကတည်းက စာအုပ်တွေဝယ်ပေးတယ်။ သူ့အသက်အရွယ်နဲ့ ဖတ်သင့်တဲ့စာအုပ်တွေ ဝယ်ပေးလေ့ရှိတယ်။ မင်္ဂလာမောင် မယ်တို့ဆို ပုံမှန်ဝယ်ပေးတယ်။ လူတော်တွေကိုအားကျပြီး အတုယူနိုင်အောင် လို့ပါ။ သုတ၊ ရသစာအုပ်တွေလည်း ဝယ်ပေးပါတယ်။ အားတဲ့အချိန် စာဖတ် တတ်တဲ့အလေ့အကျင့်ရှိအောင် ငယ်ငယ်ကတည်းက ပြုစုပေးထားပါတယ်။
တက်နေတဲ့မေဂျာနဲ့ သက်ဆိုင်တဲ့ အင်ဂျင်နီယာအလုပ်ပဲ ဆက်လက် လုပ်ဆောင်ဖို့ရှိပါတယ်။ ပိုမိုတိုးတက်တဲ့ပြည်ပနိုင်ငံမှာ နည်းပညာနဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းတက်ရောက်ပြီး အဲဒီနိုင်ငံတွေရဲ့ နည်းစနစ်တွေကို လေ့လာပြီး နိုင်ငံအတွက် အဆင်ပြေမယ့်နည်းပညာအခြေပြု၊ လူမှုအကျိုးပြု စီးပွားတစ်ခုတည်ထောင်ပြီး ကျောင်းသားလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
မောင်ဇော်လင်းနိုင် (ဒဂုံတက္ကသိုလ်)
စာပေကို စိတ်ဝင်စားခဲ့တာကတော့ ငယ်စဉ်ကလေးဘဝ ကျောင်းစတက် တဲ့ အရွယ်ကတည်းကပါပဲ။ ငယ်စဉ်က လူကြီးမိဘတွေရဲ့ လမ်းညွှန်ပေးမှုကနေ ရွှေသွေးတို့လို ရုပ်ပြကာတွန်းလေးတွေ စပြီး ဖတ်ရှုဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် သတင်းစာ၊ ဝတ္ထု၊ ဆောင်းပါး အစရှိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖတ်ရှုလေ့လာမိရာကနေ စာပေအပေါ် ဝါသနာထုံလာခဲ့တာပါ။
ကျွန်တော်က လက်ရှိဂုဏ်ထူးတန်း တတိယနှစ်မှာ အင်္ဂလိပ်စာဘာသာ ရပ်နဲ့ ပညာသင်ကြားနေပါတယ်။ နောက်ထပ် ရှေ့ဆက်မျှော်မှန်းချက်ကို ပြောပါဆိုရင်တော့ အင်္ဂလိပ်စာဆရာကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာနဲ့ သက်ဆိုင်တဲ့ ပညာရပ်ပေါင်းစုံကို သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းကို အနာဂတ်မှာ ဖွင့်နိုင်ဖို့လည်း ရည်ရွယ်ကြိုးစားလျက် ရှိပါတယ်။
လူငယ်တွေတင် မကပါဘူး။ တိုင်းပြည်မှာရှိတဲ့သူတွေအားလုံး အားနည်း လာတဲ့ စာဖတ်ခြင်းအလေ့အထကို တစ်ဦးတစ်ယောက်ချင်းစီ ဝိုင်းဝန်းပြုပြင် မွေးမြူကြဖို့ အကြံပြုလိုပါတယ်။ လူတစ်ယောက်ရပ်တည်ဖို့ နှလုံးသားနဲ့ ဦးနှောက် မျှခြေစဉ်းစားဖို့လိုသလို တိုင်းပြည်တစ်ပြည် ပြန်လည်ဦးမော့လာ ဖို့အတွက်ကလည်း တစ်ဦး၊ တစ်ယောက်ချင်းစီရဲ့ နှလုံးသားနဲ့ ဦးနှောက်တွေ အမြဲ ရှင်သန်နိုးကြားနေဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဒီအခြေခံလိုအပ်ချက်တွေ အားနည်းနေတယ်လို့လည်း သုံးသပ်မိပါ တယ်။ ဒီလိုအပ်ချက်တွေကို သုတသော်လည်းကောင်း၊ ရသသော်လည်းကောင်း ဖတ်ရှု၊ အာဟာရပြုကြခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုကြပါစို့လို့ ပြောချင်ပါ တယ်။
မယွန်းပွင့်မေသူ (ရန်ကုန်တက္ကသိုလ်)
ငယ်ငယ်က စာအုပ်အငှားဆိုင် ယဉ်ကျေးမှုထွန်းကားခဲ့တော့ အဲဒီကနေ စာအုပ်၊ စာပေတွေကို စတင်စိတ်ဝင်စားခဲ့တယ်လို့ ပြောလို့ရပါတယ်။ အလယ် တန်း၊ မူလတန်းလောက်မှာ ရုပ်ပြကလေးစာပေတွေ စတင်ဖတ်ဖြစ်တယ်။ ဆယ်တန်းပြီးတော့ လူငယ်တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေးစာအုပ်တွေ ဖတ်ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ရသစာပေတွေ အဖတ်များနေပါတယ်။
အနာဂတ်မှာတော့ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံတမန်အနေနဲ့ လုပ်ချင်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ချင်ပါတယ်။
မဝင့်မြတ်နိုး (ရန်ကုန်နည်းပညာတက္ကသိုလ်)
စာဖတ်ဝါသနာပါဖြစ်ခဲ့ပုံကတော့ မူလတန်းအရွယ်က ရွှေသွေး၊ ပုံပြင်တွေ ကို ဖတ်ခဲ့တာက အစပြုခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဂန္ထဝင်ဝတ္ထုတွေ၊ ကမ္ဘာ ကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်းတွေကို စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့ပါတယ်။ ကျောင်း သင်ခန်းစာအပြင် ပြင်ပဗဟုသုတရဖွယ်တွေဖြစ်တဲ့ စာအုပ်စာပေတွေ ဖတ်ရှု မှတ်သားရတယ်ဆိုတာ မိမိစိတ်ကို ခွန်အားတွေ အများကြီးရစေပါတယ်။ ကိုယ့်အမြင်ကို ကျယ်စေသလို တခြားသူတွေနဲ့ ပြောဆိုဆက်ဆံ ဆွေးနွေးတဲ့ အခါမှာလည်း မိမိကိုယ်ကို ဆင်ခြင်နိုင်စေပါတယ်။ လူ့လောက ပတ်ဝန်းကျင် တွေအကြောင်းကို ရသစာပေကတစ်ဆင့် ခံစားဖတ်ရှုနိုင်သလို သုတစာပေကိုဖတ်ရှုခြင်းအားဖြင့်လည်း ဆင်ခြင်တုံတရားတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ ရှိလာစေပါတယ်။ ဒါကြောင့်မို့ မိမိကိုယ်ကို ရင့်ကျက်ချင်တယ်၊ နှလုံးရည်ပြည့်ဝ ချင်တယ်၊ တွေးခေါ်မှုစွမ်းရည်တွေ မြင့်မားချင်တယ်ဆိုရင်တော့ ရသစာပေနဲ့ သုတစာပေကို မျှပြီးဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။
ကျွန်မရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ နိုင်ငံတော်အတွက် အိုင်တီ နည်းပညာ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ သုတေသနလုပ်ငန်းတွေမှာ တစ်ဖက် တစ်လမ်း ပါဝင်လုပ်ဆောင်ချင်ပါတယ်။
မောင်မင်းအေးချမ်းကို (ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)
စာပေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော့်စိတ်ထင် နှစ်တန်းလောက်ကဖြစ်မယ်။ အဲဒီတုန်းကတော့ စဖတ်ဖြစ်တာ ဇာတ်နိပါတ်တွေ၊ ဓမ္မပဒဝတ္ထုတွေ၊ ပုံပြင်တွေပေါ့။ စာပေစိတ်ဝင်စားလာဖို့အတွက် အဓိကကျေးဇူး ရှိတာက ကျွန်တော့်အဖေပါ။
အနာဂတ်ရည်မှန်းချက်ကတော့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ် ချင်တယ်။ စာရေးဆရာဖြစ်ချင်တယ်။ နောက်ပြီး ကဗျာဆရာဖြစ်ချင်တယ်။ ဒါပေမယ့် ကဗျာဆရာဆိုတာမျိုးကလည်း ဖြစ်ချင်တိုင်းမှ ဖြစ်လို့မရတာ။
မသင်းသင်းသော် (ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်)
ကလေးအရွယ်ကတည်းက ရုပ်ပြကာတွန်းတွေ သဘောကျတယ်။ စာဖတ် တတ်တဲ့ အရွယ်လောက်မှာတော့ သဘောအကျဆုံးက ရွှေသွေးစာစောင်ပါ။ နောက်ပိုင်းတော့ ဝတ္ထုတိုတွေ ဖတ်ဖြစ်တာများပါတယ်။
အနာဂတ်ရည်မှန်းချက်အနေနဲ့ကတော့ ဒီပရော်ဖက်ရှင်နယ်နဲ့ပဲ အသက် မွေးဝမ်းကျောင်းပြုဖြစ်ဖို့များပါတယ်။ postingဝင်တယ်၊ မဝင်ဘူး၊ အစိုးရ ဆေးရုံတွေမှာ ပြန်အလုပ်လုပ်ဖို့ကတော့ ဘွဲ့ရပြီးမှပဲ ဆုံးဖြတ်ဖြစ်ဖို့များပါတယ်။
မောင်မင်းသန့်ထူး (ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)
ကျွန်တော်ငယ်ငယ်တုန်းက ကာတွန်းစာအုပ်၊ ပုံပြင်စာအုပ် အဲဒါတွေကို ဖတ်ရင်းနဲ့ စာအုပ်တွေကို စဖတ်လာဖြစ်တာပါ။
ကျွန်တော်က ဆေးကျောင်းသားဆိုတော့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာချင်တာပါ။
အခုခေတ် ကျွန်တော်တို့လူငယ်တွေက အရင်ကလူတွေထက် ပိုပြီးအခွင့် အရေးတွေ ရလာကြတယ်။ အခွင့်အလမ်းတွေ ရလာကြတယ်။ ပြီးတော့ ပိုပြီး တော့လည်း တော်လာကြတယ်။ ကျွန်တော်တို့လူငယ်တွေက အရည်အချင်း လည်း ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ နေရာပေးသင့်နေပြီလို့ ပြောလိုပါတယ်။
မအေးမင်းသွယ် (ဒုတိယနှစ်၊ ရန်ကင်းပညာရေးကောလိပ်)
နှစ်တန်း၊ သုံးတန်းမှာ စာကိုစဖတ်တတ်ကတည်းက စာဖတ်ဝါသနာပါခဲ့ တာပါ။ အဲဒီအရွယ်ကတည်းက အခုအချိန်အထိ သုတ၊ ရသစာစုံဖတ်ခဲ့ပါတယ်။အတ္ထုပ္ပတ္တိ၊ ဘာသာပြန်၊ ဝတ္ထုတို၊ ဝတ္ထုရှည်စတဲ့ အပြင် စာအကုန်လုံး(ကျောင်း စာမဟုတ်တဲ့စာ) ဖတ်ပါတယ်။ စာပေနဲ့ပတ်သက်ရင်တော့ အမြဲ စိတ်ဝင်စားပါ တယ်။
အနာဂတ်ရည်မှန်းချက်ကတော့ မိသားစုအတွက် အားထားရတဲ့ သမီး ကောင်းဖြစ်ဖို့ သမီးရဲ့ကလေးတွေအတွက် အားကိုးရတဲ့ ဆရာမကောင်းဖြစ်ဖို့ ပါပဲ။
မခန့်ခန့်ချော (ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)
ဆရာဝန်တစ်ယောက်ဖြစ်ဖို့ (ကိုယ်ပိုင်လုပ်ငန်းတစ်ခု- စာအုပ်ထုတ်ဝေတာ လည်း ဖြစ်ချင်ဖြစ်မယ်)ဦးစီးဖို့ ရည်မှန်းချက်ရှိပါတယ်။ လူသားတစ်ယောက် ရသင့်တဲ့ ဘဝတစ်ခုရဖို့ပါ။ အသက်ကြီးသည့်တိုင်အောင် တောင်တွေ ဆက်တက်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။
ဒီနေ့ခေတ်မှာ စာအုပ်တွေကို စိတ်ဝင်စားမှုလျော့နည်းလာတယ်။ အဲဒီ လျော့နည်းလာတဲ့ စိတ်ဝင်စားမှုကို ပြန်ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ လူငယ်တွေဟာ တက်ကြွတယ်။ ခေါင်းဆောင်နိုင်စွမ်းလည်းရှိကြပါတယ်။ လိုတာက သူတို့ကို လက်တွဲခေါ်ဖို့၊ နားထောင်ပေးဖို့၊ နေရာပေးဖို့၊ ယုံကြည်ပေးဖို့ပဲ လိုပါတယ်။
မခိုင်ဆွေဇင်သက် (ရန်ကုန်ပညာရေးတက္ကသိုလ်)
စာပေဝါသနာကတော့ နှစ်တန်းလောက်ကစတာပါ။ အဲဒီအချိန်က မေမေက ကလေးစာအုပ်လေးတွေ၊ ကာတွန်းလေးတွေဝယ်ပြီး ဖတ်ခိုင်းတာမျိုးက စတာပါ။ နောက်ပိုင်း ခြောက်တန်းလောက်ရောက်တော့ အိမ်က ဦးလေးတွေ၊ အစ်ကိုတွေဖတ်တဲ့ ဘောလုံးဂျာနယ်တွေ ယူဖတ်တယ်။ အဲဒီအချိန်ကတည်းက စာဖတ်နေရရင်ကို ပျော်နေတာပါ။ ဘာစာအုပ်ဖတ်ဖတ်ပေါ့။ နောက်တော့ ကျောင်းနဲ့ ကျူရှင် လုံးလည်ချာလည်လိုက်ရင်း ၁ဝ တန်းအထိ သိပ်မဖတ်ဖြစ်ပါ ဘူး။ ပညာရေးတက္ကသိုလ် ပထမနှစ်စတက်တော့ စီနီယာတစ်ယောက်ရဲ့ လမ်းညွှန်ပေးမှုကြောင့် စာအုပ်တွေနဲ့ ပြန်လည်ရင်းနှီးလာခဲ့ရပါတယ်။ အဲဒီက စပြီး ခုထိ ဆရာမောင်သာချို၊ ဦးဘုန်း(ဓာတု)၊ ဒေါက်တာခင်မောင်ညို၊ ဆရာ ချစ်ဦးညို၊ ဖေမြင့်၊ ဆရာမဂျူး၊ ပုညခင်၊ ဒေါက်တာစိုးနန္ဒာထက် စတဲ့ သုတ၊ ရသ စာအုပ်စာပေ အမျိုးအစားစုံလင်စွာ ဖတ်ဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ဖတ်ဖြစ်နေတာကတော့ ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်သာမက အမေရိကန်စင်တာမှ ပညာရေးစာအုပ်တွေပါ ငှားပြီးဖတ်ဖြစ်နေပါတယ်။
ကျွန်မတို့ လူငယ်လူရွယ် (စာဖတ်ဝါသနာပါတဲ့) တက်ကြွသူများ၊ စီးပွားရေးတောင့်တင်းသော ရပ်မိရပ်ဖများ ပူးပေါင်းပြီး စာကြည့်တိုက်တွေကို မြို့၊ ရွာ၊ ကျေးလက်မကျန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်လှစ်ချင်ပါတယ်။ ကျောင်းစာကြည့်တိုက်များလည်း စနစ်တကျအသုံးချပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် အောင် ကူညီလုပ်ဆောင်ချင်ပါတယ်။
ကျွန်မက ပညာရေးသမားပီပီ အနာဂတ်ကလေး(လူငယ်)တွေကို စိတ်ဓာတ် ကောင်း၊ အတွေးအခေါ်ကောင်း၊ အပြုအမူကောင်းတွေ ပေးဝေနိုင်သောသူ၊ မိမိနိုင်ငံအတွက် အားကိုးအားထားပြုနိုင်သော ပညာရေးသမားကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေ စာဖတ်အားနည်းတယ်လို့ ထင်ပါတယ်။ ဖြစ်စေချင်တာက ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအရွယ်အားလုံး စာအုပ် စာပေဖတ်ရှုသင့်ပါတယ်။ အဆုံးသတ်အနေနဲ့ ဆရာသိန်းနိုင်(ပါမောက္ခ - ပညာရေး)စာအုပ်ထဲမှ ''စာဖတ်ခြင်းဓလေ့ဖြင့်သာ ငြိမ်းချမ်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါလော''။ ဒါကြောင့် ကျွန်မတို့ပြည်သူလူထုအားလုံး စာဖတ်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
မောင်အောင်ကျော်ဆင့် (ရန်ကုန်နည်းပညာတက္ကသိုလ်)
စာပေဆိုတာကို ငယ်စဉ်ကျောင်းစတက်ကတည်းက ရင်းနှီးကျွမ်းဝင်ဖြစ်ခဲ့ ပါတယ်။ လူဆိုတာ ကိုယ်တိုင်ပါဝင်နိုင်မှသာလျှင် အမှန်တကယ် စိတ်ဝင် စားတာဖြစ်ပါတယ်။ စာပေဆိုတာ၊ စာဆိုတာ ကိုယ်တိုင်ပါဝင်ရတာမျိုးဖြစ်လို့ စိတ်ဝင်စားမှုဆိုတာ အချိန်ကာလနဲ့ သတ်မှတ်လို့မရပါဘူး။
ပညာရေးပြောင်းလဲနိုင်ဖို့ဆိုတာ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါ တယ်။ ပညာရေးတင်မကအရာအားလုံးပါ။ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် မူဝါဒ မရသေးသရွေ့ ပြည်ထောင်စုရဲ့ တိုးတက်မှုတွေကို လွတ်လပ်စွာ ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အင်အားလေးတစ်ခု ဖြစ်ခွင့်ရချင်ပါတယ်။ လူငယ်တွေဟာ အင်အားသစ်တွေနဲ့ အမှန်တကယ်အကျိုးဆောင်ဖို့ ရှိနေတာ သေချာပါတယ်။
မမေရတနာဦး (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)
စာပေကို ကိုးတန်း၊ ၁ဝ တန်းလောက်မှာ စပြီး စိတ်ဝင်စားလာတယ်။
ပညာရေးအပေါ်အမြင်ကတော့ စနစ်ပိုင်း၊ သင်ကြားမှုနည်းစနစ် စသဖြင့် ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ်ဖို့ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။
လူငယ်တွေထဲမှာ တိုးတက်လိုစိတ် ရှိတဲ့သူတွေ၊ ကြိုးစားချင်စိတ်ရှိတဲ့လူတွေ အများကြီးပါ။ လူကြီးတွေက ထောက်ပံ့အားပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ထူးချွန်တဲ့ကလေးတွေ၊ လူငယ်တွေ များစွာထွက်ပေါ်လာပြီး နိုင်ငံ့အကျိုး ထမ်းဆောင်နိုင်မှာပါ။
မောင်ကျော်လင်း (ရန်ကုန်တက္ကသိုလ်)
ဘယ်အချိန်ကစပြီး စာပေကို စစိတ်ဝင်စားတာလဲဆိုတော့ ၁ဝ တန်းပြီးမှ လို့ ပြောရမှာပါပဲ။ ၁ဝ တန်းအထိဆိုရင် အကုန်လုံးသိကြတဲ့အတိုင်း စာသင် နေရတာက အကြောင်းတရားဂုဏ်တွေအတွက်ပဲ သင်နေရသလို ပြိုင်ဆိုင်မှု ဆိုတာတွေလည်း ပါလာသေးတယ်။ တကယ်တော့ စာပေဆိုတာက ပျော်ရွှင်မှု တွေ၊ လွတ်လပ်မှုတွေနဲ့ ခရီးနှင်ရတဲ့အရာပါ။ တစ်ပြိုင်နက်တည်းမှာ စာပေဟာ ဘဝရဲ့အာဟာရလည်းဖြစ်သလို စွမ်းအားလည်း ဖြစ်နေပါတယ်။
အနာဂတ်မှာ ကျွန်တော်က နိုင်ငံရေးနယ်ပယ်ထဲဝင်ဖို့ ဆုံးဖြတ်ထား ပါတယ်။ တိတိကျကျပြောရရင်တော့ ပါတီနိုင်ငံရေးလုပ်ပါမယ်။ ဒါပေမယ့် ဒါကကြာဦးမှာပါ။ နောက် အနည်းဆုံး ၁ဝ နှစ်လောက်တော့ နိုင်ငံရေး၊အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေကို ထဲထဲဝင်ဝင် လေ့လာချင်ပါ သေးတယ်။
သတင်းအဖွဲ့

No comments:

Post a Comment