Thursday, August 2, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပဲခူးမြို့ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုစစ်ဆေး

Image may contain: 14 people, people smiling, people sitting
ပဲခူး သြဂုတ် ၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးနှင့် မြို့သစ်ရပ်ကွက်ရှိ ပဲခူးမြို့ အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေးစခန်း အမှတ် ၂ တို့သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ သွားရောက်၍ ပဲခူးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူး တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်း ဒေသကြီးရှိ ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ညောင်လေးပင် မြို့နယ်၊ တောင်ငူမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါး မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ဝေါ မြို့နယ်၊ ကဝမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်အထိ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း ၈၁ ခု ဖွင့်လှစ်ထားရှိကြောင်း၊ ယခုအခါ ရေဘေးသင့်ဒေသများတွင် ရေများ စတင်ကျဆင်းလျက် ရှိသော်လည်း သြဂုတ်လအတွင်း နောက်တစ်ကြိမ် ထပ်မံ ရေကြီးလာတတ်၍ ပြင်ဆင်ဆောင်ရွက်မှုများ ထားရှိရာ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကူအညီ များ ဆက်လက်ပေးအပ်စေလိုပါကြောင်း၊ ရေဘေး အန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေဘေးသင့်ပြည်သူ များအား ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ညှိနှိုင်းကာ အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရေဘေးသင့် ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်လျက်ရှိ ကြောင်း၊ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ အပါအဝင် လိုအပ်သည်များကို ပေးပို့ဖြည့်ဆည်းပေးခဲ့ပြီး ထပ်မံလိုအပ်သည်များကိုလည်း အချိန်နှင့် တစ်ပြေးညီ ပေးပို့ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအခါ ပဲခူးတိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတွင် ဆောင်ရွက်လျက် ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများမှ ကောင်းမွန်သောအချက်များကို စုစည်းနမူနာယူ၍ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ပြန်လည်အသုံးချ လုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဦးစားပေးအထူးအလေးထားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့သစ် ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်းအမှတ် ၂ သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးသည်။
ရေဘေးကယ်ဆယ်ရေးစခန်း အမှတ် ၂ အပါအဝင် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးဝန်ထမ်း များ တာဝန်ထမ်းဆောင်လျက်ရှိပြီး ယာယီဆေးခန်းများ၊ ရွေ့လျားဆေးခန်းများဖြင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ခြင်း၊ အစားအသောက်၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပိုးမွှားနှိမ်နင်းခြင်း လုပ်ငန်းများ၊ သွားကျန်းမာရေးအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ခြင်း၊ အာဟာရ ဆန်းစစ် ဖြည့်တင်းခြင်း၊ တိုင်းရင်းဆေးပညာဖြင့် ကုသစောင့်ရှောက် မှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ လိုအပ်ပါက ဆေးရုံသို့ လွှဲပြောင်းကုသမှုပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပကတိ လက်တွေ့မြေပြင်အခြေအနေတွင် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေမှုများကို ကြည့်ရှုနိုင်ရန်နှင့် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်အတွက် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာနနှင့် လူနာ ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးရုံဝန်ထမ်း များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment