Friday, July 27, 2018

Yangon School Busပြေးဆွဲမှု Application စနစ်ဖြင့် စတင်စမ်းသပ်ပြေးဆွဲ

Image may contain: car and outdoor
ရန်ကုန် ဇူလိုင် ၂၆
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်း ကားစနစ်သစ်ကို ကျောင်းနှစ်ကျောင်း တွင် စံပြအနေဖြင့် စတင်ကျင့်သုံးခဲ့ပြီး ယခုအခါတွင် Application စနစ်ကို အသုံးပြုကာ စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။
စမ်းသပ်ဆောင်ရွက်
Yangon School Bus (YSB) တာဝန်ခံ ဦးနန်းအောင်က ''ဒီနှစ်မှာ တော့ Yangon School Bus တွေကို စမ်းသပ်ပြီး ပြေးဆွဲခဲ့ပါတယ်။ ကျောင်းအနေနဲ့ဆိုရင်တော့ TTC ကမာရွတ်နဲ့ TTC ရန်ကင်းကျောင်း တွေကို ပြေးဆွဲပေးနေတာပါ။ မိဘ တွေအနေနဲ့ ကျောင်းကြို၊ ကျောင်းပို့ အတွက် စိတ်ချရနိုင်တဲ့အနေအထား တစ်ခုဖြစ်အောင် ဆောင်ရွက်ပေး နေပါတယ်။ အခုဆိုရင် Application စနစ်ကို စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ခြင်း အားဖြင့် မိဘတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေ ကျောင်းကားပေါ် အတက်အဆင်းပုံရိပ်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာဖြစ်သလို ကလေးတွေ ဘယ်နေရာကိုရောက်နေ ပြီလဲ၊ ကျောင်းကား ဘယ်ကို ရောက်နေပြီလဲ ဆိုတာကိုလည်း ဖုန်းထဲကနေတစ်ဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
Yangon School Bus (YSB)စနစ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့ (YRTA)၏ ကြီးကြပ်မှုဖြင့် Royal Golden Hand Co., Ltd.က တာဝန်ယူ ပြေးဆွဲပေးခြင်းဖြစ်ပြီး ပထမဆုံး အဆင့် (စံပြ) အနေဖြင့် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC) ကမာရွတ်နှင့် (TTC) ရန်ကင်း စသည့် ကျောင်းနှစ်ကျောင်းတို့တွင် ဇွန် ၁ ရက် နံနက်ပိုင်းမှ စတင်ကာ ပြေးဆွဲပေးလျက်ရှိပြီး ယခုအခါ Application စနစ်ကို အသုံးပြုကာ စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင်YRTA ၏ လမ်းညွှန်မှုအရ Asia Starmar Transport Intelligent Co.,Ltd. က နည်းပညာပိုင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။ စမ်းသပ်ပြေးဆွဲမှု ကာလအဖြစ် ဇူလိုင် ၂၃ ရက်မှ ၃၁ ရက်အထိ ပြေးဆွဲ လျက်ရှိပြီး သြဂုတ် ၁ ရက်မှ စတင် ကာ တရားဝင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
အချိန်နှင့်တစ်ပြေးညီသိနိုင်
Asia Starmar Transport Intelligent Co.,Ltd. မှ Chief Information Officer ဦးသန်း ထိုက်စိုးက ''ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး ပံ့ပိုးမှု လုပ်ပေးတာပါ။ Yangon School Bus Software ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ Applica- tion ဝင်လိုက်တာနဲ့ ကျောင်းသား မိဘတွေအနေနဲ့ သူတို့ရဲ့သားသမီး တွေကို ကားပေါ်တက်တဲ့အချိန်နဲ့ ဆင်းတဲ့အချိန်တွေကို ပုံရိပ်တွေနဲ့ တကွ အချိန်နဲ့တစ်ပြေးညီ ဖုန်းထဲကနေ သိရှိနိုင်မှာဖြစ်ပါတယ်။ ကျောင်းသား တွေအနေနဲ့ ယာဉ်အတက်၊ အဆင်း ကတ်ပြားကို ကျောင်းကားအပေါက်ဝ မှာရှိတဲ့ စက်နဲ့ ကပ်လိုက်တာနဲ့ ယာဉ် ပေါ်မှာပါရှိတဲ့ ကင်မရာကနေတစ်ဆင့် ကျောင်းသားတွေရဲ့ ပုံရိပ်ကို Application ကနေ အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။ နောက် တစ်ခု ကတော့ ဒီ Application ထဲမှာပဲ ကျောင်းကားရောက်နေတဲ့ နေရာကို အချိန်နဲ့တစ်ပြေးညီ GPSကနေ တစ်ဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။ ကျောင်းကားပေါ်မှာလည်း CCTVတွေ တပ်ထားတဲ့အတွက်ကြောင့် ထိန်းချုပ်ရေး စင်တာကနေလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်''ဟု ပြော သည်။
TTC ကမာရွတ်မှ ကျောင်းသား မိခင်ဖြစ်သူ ဒေါ်ခင်လေးသန့်က ''ကျွန်မရဲ့ သားနဲ့သမီး နှစ်ယောက်လုံး School Bus နဲ့ကျောင်းတက်ကြတာ ပါ။ တော်တော် အဆင်ပြေပါတယ်။ အချိန်မှန်တယ်။ ကလေးတွေလည်း သက်သောင့်သက်သာရှိတယ်။ အခု ဆိုရင် Application စနစ်ကို စမ်းသပ်အသုံးပြုနေပြီ ဖြစ်တာ ကြောင့် ကိုယ့်ရဲ့ကလေး ကျောင်းကား ပေါ်တက်တဲ့အချိန်မှာ သူရဲ့ ကတ်ပြား လေးကို စက်မှာထိလိုက်တာနဲ့ ဖုန်းထဲ ကနေ ပုံရိပ်ကို အချိန်နဲ့တစ်ပြေးညီ တွေ့မြင်ရမှာပါ။ ယာဉ်လမ်းကြောင်း ကို ကြည့်လိုက်ရင်လည်း ဘယ်နား ရောက်နေပြီဆိုတာကို သိရှိနိုင်မှာ ဖြစ်တဲ့အတွက် ကျောင်းကြို၊ ကျောင်း ပို့အတွက် မိဘတွေအနေနဲ့ အချိန် ကုန်နေရတာမျိုး မရှိတော့ပါဘူး။ ကလေးတွေအတွက်လည်း လုံခြုံစိတ်ချ မှုပိုရှိသွားပါတယ်''ဟု ပြောသည်။
ယင်းသို့ပြေးဆွဲသည့် ကျောင်းကား များတွင် ကျောင်းသား ကျောင်းသူ များကို ကူညီဆောင်ရွက်ပေးနိုင်ရန်YRTA မှ သင်တန်းပို့ချထားသည့် ကြီးကြပ်သူ(ယာဉ်မယ်) တစ်ဦးစီပါရှိ ခြင်း၊ အရေးပေါ်ဆေးသေတ္တာများပါ ရှိခြင်းနှင့် မော်တော်ယာဉ်၏ လုံခြုံရေး စနစ်များနှင့် ကျောင်းသား ကျောင်းသူ များ အဆင်း၊ အတက်ပြုလုပ်ရာတွင် လွယ်ကူစေသော စနစ်များပါရှိသည့် အပြင် ကျောင်းသား ကျောင်းသူများ အတွက် လုံခြုံ စိတ်ချမှုရှိစေရန်နှင့် ၎င်းတို့၏ လှုပ်ရှားမှုပုံရိပ်များကို ကြည့်ရှုနိုင်ရန် ယာဉ်၏ အတွင်းပိုင်း၌ CCTV ကင်မရာ လေးလုံးစီတပ်ဆင် ထားကြောင်း သိရသည်။
ယခု ပညာသင်နှစ်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျောင်းကား စနစ်သစ်ကို ပြေးဆွဲရာတွင် ရန်ကုန် မြို့တော် စည်ပင်သာယာနယ်နိမိတ် မြို့နယ်များရှိ အဓိကလမ်းမကြီးများနှင့် ယာဉ်ကြောကျပ်တည်းမှု အများဆုံး ဖြစ်ပေါ်လေ့ရှိသည့် နေရာများတွင် တည်ရှိသော အခြေခံပညာကျောင်း ၂၂ ကျောင်းတို့ကို ကျောင်းကားစနစ် အသစ်ဖြင့် ပြေးဆွဲသွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ပထမဆင့် အနေဖြင့် TTC ကမာရွတ်နှင့်TTC ရန်ကင်းတို့တွင် အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment