Friday, July 27, 2018

ကုန်ကြမ်းရှားပါးခြင်းနှင့် အရှုံးပေါ်နေခြင်းကြောင့် ရွှေပြည်သာစက်မှုဇုန်ရှိ စက်ရုံနှစ်ရုံ ပိတ်သိမ်းထား

Image may contain: house, sky, tree and outdoor
ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင်၂ဝ၁၈ ခုနှစ်အတွင်း ပိတ်သိမ်း ထားသည့် စက်ရုံနှစ်ရုံရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၌ ဇုန်(၁-၂)၊ သာဓုကန် စက်မှုဇုန်၊ ဝါးတရာစက်မှုဇုန်ဟူ၍ ဇုန်လေးဇုန်တွင် သစ်လုပ်ငန်းနှင့် ပတ်သက် သော အစိုးရဖက်စပ်စက်ရုံမပါ ပုဂ္ဂလိကစက်ရုံများဖြစ်သည့် MRT၊ ထူး၊မက်(စ်)ကွိုင်နှင့်Global Woodcraft ဟူ၍ စက်ရုံလေးရုံအနက် တစ်ရုံမှာ ကုန်ကြမ်းရှားပါးပြီး ဝယ်ယူရသည့် နှုန်းထားများ ကြီးမြင့်နေခြင်းနှင့် အခြားတစ်ရုံဖြစ်သော သာဓုကန်စက်မှုဇုန်ရှိ မြန်မာအလူမီနီယံစက်ရုံသည်လည်း အရှုံးပေါ်နေ၍ မတ် ၃၁ ရက်တွင် ပိတ်သိမ်းထားကြောင်း ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
''ရွှေပြည်သာမြို့နယ်မှာGlobal Woodcraft သစ်ပါးလွှာစက်ရုံဟာ ဇူလိုင် ၂၄ ရက်က အလုပ်သမား ၂၃၆ ဦးအတွက် အလုပ်ထုတ်နစ်နာကြေး ငွေကျပ် ၇၂၆၈၇၂ဝဝ၊ လစာ ၄၂၄၇၁ဝ၃၈ ကျပ်၊ လုပ်သက်ခွင့်ကြေး ၉၈၄၃၄ဝ၅ ကျပ် စုစုပေါင်း ၁၂၅ဝဝ၁၆၄၃ ကျပ်ကို ပေးခဲ့ပါတယ်။ ဒီနေ့က စပြီး စက်ရုံကိုပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်'' ဟု ရွှေပြည်သာမြို့နယ် အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဇော်လတ်က ပြောကြားသည်။
''အလုပ်သမားတွေကလည်း သဘောတူလက်ခံခဲ့ကြပါတယ်။ ဇွန် ၂၁ ရက် နေ့စွဲနဲ့ စက်ရုံဘက်က စက်ရုံကို ယာယီပိတ်သိမ်းမယ်ဆိုပြီး နို့တစ်ချထားတယ်။ မနေ့ကအလုပ်ထုတ်နစ်နာကြေး နှစ်အလိုက်တွက်ချက်ပြီး ပေးတယ်။ ရက်မပျက် အလုပ်ဆင်းပြီး လုပ်သက်ခွင့်မယူထားတဲ့သူတွေအတွက် လုပ်သက်ခွင့် ခံစားခွင့် ကို ၁ဝ ရက်စာငွေတွက်ပြီးပေးတယ်။ တစ်ရက်ကို နာရီဝက်နှုန်းနဲ့ ခြောက်လစာ အချိန်ပိုကြေးတွေလည်း တွက်ပေးပါတယ်။ အလုပ်ပျက်တုန်းက ခွင့်တင် ပေမယ့် ငွေဖြတ်ထားခဲ့တာတွေကိုလည်း အခုပြန်တွက်ပြီး ပေါင်းပေးတယ်။ အားလုံးကျေနပ်မှုရှိကြပါတယ်။ ကျွန်တော်ကတော့ ငွေကျပ် ၇၂၈၅ဝ ရပါ တယ်''ဟု လုပ်သက်သုံးနှစ်ရှိသူ နေ့စားအလုပ်သမား ကိုအောင်ကျော်မြင့်က ပြောသည်။
Global Woodcraft Industrial Co., Ltd. သစ်ပါးလွှာ အထပ်သား သစ်ခွဲသားထုတ်လုပ်သည့်စက်ရုံသည် ရွှေပြည်သာစက်မှုဇုန်အပိုင်း(၁)ရှိ (၁)လမ်းတွင် တည်ရှိပြီး လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်နှစ်ဦးတို့ ပေါင်းစပ်ပြီး အစုရှယ်ယာထည့်ဝင် လည်ပတ်နေသည်မှာ လေးနှစ်ခန့်သက်တမ်းရှိနေပြီဖြစ်သည်။
''ဥပဒေနဲ့အညီ နို့တစ်တစ်လကြိုတင်ပြောထားပြီးမှ ပိတ်သိမ်းတာ ဖြစ်ပါ တယ်။ အခုပိတ်သိမ်းတဲ့စက်ရုံမှာ ပုသိမ်ဘက်ကလူတွေများတယ်။ သူတို့က ပြန်ဖို့လုပ်နေကြပြီ။ ကျန်တဲ့လူတွေက အလုပ်ခေါ်စာတွေကြည့်ပြီးတော့ နီးစပ် ရာ စက်ရုံတွေမှာ အလုပ်လျှောက်လို့ရပါတယ်။ နောက်ဒီမြို့နယ်မှာ ပိတ်သိမ်း မယ်ဆိုတဲ့စက်ရုံ တင်ပြထားတာတော့မရှိသေးပါဘူး'' ဟု ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးညီမောင်ရွှေက ပြောသည်။
ယင်းစက်ရုံဝင်းအတွင်း လိုင်းခန်းများ၌နေထိုင်သော မိသားစု ၇ဝ ခန့်ရှိ ကြောင်း၊ ယင်းမိသားစုများကို စက်ရုံဘက်မှ ဇူလိုင် ၂၆ ရက်နေ့အပြီး ပြောင်းရွှေ့ပေးရန် လက်မှတ်များထိုးခိုင်းထားကြောင်း အလုပ်သမားများထံမှ သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment