Friday, July 27, 2018

ထက်ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ကျားနှင့် အခြားသတ္တဝါများ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းကိုကင်မရာအလုံး ၁ဝဝ ဖြင့် ၂၂၅ နေရာတွင် ပြုလုပ်လျက်ရှိ

Image may contain: plant and outdoor
နေပြည်တော် ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ အထက်ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ကျားနှင့် ယင်းအစားခံသတ္တဝါများ သုတေသနလုပ်ငန်းကို နှစ်စဉ် ထောင်ချောက်ကင်မရာအလုံး ၁ဝဝ ဖြင့် ၂၂၅ နေရာတွင် သုတေသနများပြုလုပ်နေပြီး မြန်မာကျားထိန်းသိမ်းရေး အောင်မြင်ရန် မျှော်လင့်ချက် များစွာရှိနေကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်မှစ၍ အထက်ချင်းတွင်း မြစ်ဝှမ်းဒေသတွင် ကျက်စားသောကျား (Panthera tigris tigris) မျိုးစိတ်ကိုIUCN၊ KFWတို့၏ ထောက်ပံ့မှုဖြင့် သစ်တောဦးစီး ဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
''တင်စားပြောရရင် ကျားမရှိတဲ့သစ်တောဟာ ဧကရာဇ်မရှိတဲ့ နိုင်ငံလိုပဲ။ ကျားတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဟာ မြန်မာ့တောတောင်ရေမြေ၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ ကျားနဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေနေထိုင်ရာ ဘေးမဲ့တောတွေ၊ အမျိုးသား ဥယျာဉ်တွေဟာ မြန်မာ့သဘာဝပတ်ဝန်းကျင်အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရမယ့် နောက်ဆုံးခံတပ်တွေပါ''ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ မြောက်ပိုင်းသစ်တောများ ဆက်စပ်နယ်မြေတာဝန်ခံ ဦးလှနိုင်က ပြောသည်။
လက်ရှိထိန်းသိမ်းရေးသုတေသနလုပ်ငန်းများအရ မြန်မာ့ကျားထိန်းသိမ်းရေး အောင် မြင်ရန် မျှော်လင့်ချက်များစွာရှိနေပြီး နိုင်ငံ၏မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကျား သားပေါက်များ ပြန်လည်မွေးဖွားလာနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ကျားများကို နိုင်ငံ၏ မြောက်ပိုင်း၊ အထက်ချင်းတွင်းမြစ်ဝှမ်းဒေသ နှင့် နိုင်ငံ၏တောင်ပိုင်း တနင်္သာရီ-ဒေါနတောင်တန်းတို့တွင် ကျားမျိုးစိတ်နှစ်မျိုး ကျက်စားပြီး ယင်းမှာ အိန္ဒိယဘက်နှင့်နွှယ်သောကျား (Panthera tigris tigris) နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်နွှယ်သောကျား (Penthera tigris corbetti) ဖြစ်ကာ အတိအကျပြောနိုင်ရန် မျိုးရိုးဗီဇဆိုင်ရာ သုတေသနပြုလုပ်ရေး လိုအပ်လျက်ရှိသည်။
ညီတူး

No comments:

Post a Comment