Tuesday, July 31, 2018

BOT စနစ်သည် ကျင့်သုံးသင့်သည့် စီးပွားရေးစနစ်တစ်ရပ်ဖြစ်

Image may contain: 1 person, sitting
နေပြည်တော် ဇူလိုင် ၃ဝ
BOT (Build, Operate, Transfer) စနစ်သည် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင် ပေးရာရောက်ပြီး စီးပွားရေးရာ မဟာ ဗျူဟာကျသည့် လမ်းမကြီးများနှင့် သက်ဆိုင်သည့် ကုန်ကျစရိတ်အဝဝ ကို နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲရန် မလိုအပ်သည့်အတွက် ကျင့်သုံးသင့် သည့် စီးပွားရေးစနစ်တစ်ရပ်ဖြစ် ကြောင်း ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော် ဆွေဝင်းက ယနေ့လွှတ်တော်အစည်း အဝေးတွင် ပြောကြားသည်။
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်း အဝေး တတိယနေ့တွင် ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်း တွင် BOT(Build, Operate, Transfer)စာချုပ်များဖြင့် ဆောင်ရွက် လျက်ရှိကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်း ရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှု မရှိ သူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာလာစေရေးစီမံခန့်ခွဲ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းသည့် PPP(Private-Public Partnership) ပြည်သူ့ဝန်ဆောင်မှု စနစ်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုတင်သွင်းရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ အဆိုရှင်က ၁၉၉၆ ခုနှစ်မှစတင်၍ မိမိတို့ တိုင်းပြည် အတွက် စီးပွားရေးရာ မဟာဗျူဟာ ကျသည့် လမ်းမကြီးများကို ပုဂ္ဂလိက ကုမ္ပဏီများလက်ဝယ်သို့BOTစနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်စေခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့ တိုင်းပြည်စီးပွားရေးအတွက် အသက် သွေးကြောဖြစ်သည့် အချက်အချာကျ သည့် လမ်းမကြီးအရေအတွက် ၉ဝ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိက ကုမ္ပဏီများမှBOTစနစ်ဖြင့် စီမံခန့်ခွဲ လျက်ရှိနေပါကြောင်း၊ BOT စနစ် ဆောင်ရွက်သည့်အတွက် တစ်နိုင်ငံ လုံးနှင့် ခြုံငုံစဉ်းစားခွဲဝေပေးနေရသည့် နိုင်ငံ့ဘတ်ဂျက်ရရန် စောင့်စရာမလိုဘဲ ပြည်သူများအနေဖြင့် ပြည့်စုံလုံ လောက်သည့်လမ်းကို အသုံးပြုခွင့်ရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အနေ ဖြင့်လည်း ရင်းနှီးထားရသည့်ငွေကို အချိန်မီ အကျိုးအမြတ်ရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံအနေဖြင့်လည်း အခြား အခွန်အခများရသကဲ့သို့ ကုန်စည် စီးဆင်းမှု ကောင်းလာသည်နှင့်အမျှ အဘက်ဘက်မှ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပါကြောင်း။
အဆိုပါ စနစ်တွင် လုပ်ပိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့် နိုင်ငံတော်နှင့် ချုပ်ဆိုထား သည့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်း များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနှင့် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်မှသာ မူလရည်ရွယ်ချက် ဖြစ်သည့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သကဲ့ သို့ တိုင်းပြည်စီးပွားရေးလည်း တိုးတက် ဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့အတူ အဆိုရှင်က အဆိုနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် နိုင်ငံ တစ်ဝန်းတွင် လွန်ခဲ့သည့် အစိုးရ အဆက်ဆက်က စာချုပ်ချုပ်ဆိုလုပ်ပိုင် ခွင့်ပေးအပ်ခဲ့သည့် BOT စနစ်လမ်း များကို လေ့လာကြည့်ရာတွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝနှင့် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက် သည့် ကုမ္ပဏီအချို့သာရှိပြီး အများစု သည် စာချုပ်ပါ ကတိကဝတ်ထက် ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာ အဓိက ထား ရှေးရှုဆောင်ရွက်နေကြသည့် အတွက် လမ်းမကြီးများသည် ၎င်းတို့ တာဝန်ယူစဉ်ကနှင့် ထူးမခြားနား ဖြစ်နေပြီး ပိုမိုကောင်းမွန်လာခြင်း မရှိပါကြောင်း၊ လမ်းအသုံးပြုသူ ပြည်သူ လူထုသည် နေ့စဉ်နှင့်အမျှ လမ်း အသုံးပြုခပေးနေရသော်လည်း ငွေကုန် အကျိုးမရှိဖြစ်နေကြရပါကြောင်း။
BOTစနစ်ဆိုသည်မှာ Build, Operate, Transfer ကို ရည်ရွယ် ဖော်ပြပြီး လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် မိမိရယူထားသည့် လမ်းပိုင်းကို စာချုပ်ပါအတိုင်း Build အသစ်ဖောက်လုပ်ပြုပြင်ခြင်း လုပ်ငန်း ကို မဖြစ်မနေ ကြိုတင်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူလရှိပြီးလမ်းကို စာချုပ်ပါ စံချိန်စံညွှန်းအတိုင်း စာချုပ် ပါ သက်တမ်းအတွင်း တည်ဆောက် ပြုပြင်ပြီး နိုင်ငံတော်အစိုးရမှ ကျေနပ် မှသာလျှင် စတင်ငွေကောက်ခံ (Operate)ရမည် ဖြစ်ပါကြောင်း၊ အများစုက ရှိပြီးသားလမ်းများကို အဖာအထေးများနှင့် သာမန်ကာ လျှံကာ ပြင်ထိန်းအလုပ်များသာ ပြုလုပ်ကြပြီး လမ်းအသုံးပြုခကိုသာ အပြည့်အဝကောက်ခံလျက်ရှိနေကြ သည်ကို တွေ့မြင်နေကြရပါကြောင်း။
စာချုပ်ပါ စည်းကမ်းအရ တစ်နေ့ ပျမ်းမျှယာဉ်အစီးရေ ၅ဝဝ ကျော်လျှင် လမ်း အကျယ် ၂၄ ပေ၊ ယာဉ်အစီးရေ ၂ဝဝဝ ကျော်လျှင် လမ်းအကျယ် ၄၈ ပေ အသစ် ဖောက်လုပ်ပြုပြင်ပေးရ မည်ဟု အတိအလင်းဖော်ပြပါရှိသော် လည်း သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ရန်ကုန်-ပုသိမ်လမ်း၏ တစ်နေ့ပျမ်းမျှ ယာဉ်အစီးရေ ၆ဝဝဝ ကျော်သည့် တိုင် ၎င်းတို့တာဝန်ယူခဲ့စဉ်က လမ်း အကျယ်အတိုင်းသာထားရှိပြီး လမ်း အသုံးပြုခကို ကောက်ခံနေသည်မှာ ယနေ့အချိန်အထိဖြစ်ပါကြောင်း။
အကျိုးဆက်များအနေဖြင့် ယာဉ် အသွားအလာများသည် တစ်နေ့တခြား တိုးတက်များပြားချိန်တွင် လမ်းများ သည် လုံလောက်အောင် ကျယ်ဝန်း ကောင်းမွန်မှုမရှိသည့်အတွက် ခရီး လမ်းပန်းနှောင့်နှေးကြန့်ကြာရသကဲ့ သို့ မကြာခဏယာဉ်တိုက်မှု၊ တိမ်း မှောက်မှုများဖြစ်ပြီး ပြည်သူလူထု၏ အသက်စည်းစိမ်များ လွင့်ပါးဆုံးရှုံး နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ကြားသိနေရပါကြောင်း။
စာချုပ်ပါ ကတိကဝတ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများကို ပြည်သူလူထု၏ အကျိုး စီးပွားကိုရှေးရှုပြီး သင့်တော်သလို အရေးယူဆောင်ရွက်ရန် အားနည်းခဲ့ သည်ကို အပြစ်တင်ရုံဖြင့် လမ်းမကြီး များ ကောင်းမလာနိုင်ပါကြောင်း။
ရှေ့တွင်ဖြစ်ပေါ်ခဲ့သည့် အားနည်း ချက်၊ လစ်ဟာချက်၊ ပျက်ကွက်မှုများ ကို သင်ခန်းစာယူ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်သည့် စီမံထိန်း ကျောင်းမှုများ၊ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများနှင့် အမြန်ဆုံးကုစား နိုင်ရန် အရေးကြီးသည့်အတွက် အဆို တင်သွင်းရပါကြောင်း ရှင်းလင်းတင်ပြ ခဲ့သည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment