Friday, July 27, 2018

ပေကျင်းရှိ အမေရိကန်သံရုံးအဆောက်အအုံအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွား

Image may contain: 2 people, people standing, shoes and outdoor
ပေကျင်း ဇူလိုင် ၂၆
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမေရိကန်သံရုံးအဆောက်အအုံပြင်ပ၌ ဇူလိုင် ၂၆ ရက်က ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ထွက်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူများက လူမှုကွန်ရက်မီဒီယာတွင် ဗီဒီယိုဖိုင်များနှင့်အတူ လွှင့်တင် ခဲ့ကြကြောင်း၊ အသက် ၂၆ နှစ်ရှိ တရုတ်လူမျိုး အမျိုးသားတစ်ဦးသည် အမေရိကန်သံရုံးအပြင်ဘက်တွင် အသေးစားပေါက်ကွဲစေနိုင်သော ဗုံးတစ်လုံး ကို ဖောက်ခွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းထုတ်ပြန်သည်။
ပေါက်ကွဲမှုဖြစ်ပွားရာတွင် လေထုအတွင်းသို့ မီးခိုးလုံးကြီးပေါ်ထွက်ခဲ့ ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွား ရောက်ခဲ့ကြပြီး ဗုံးဖောက်ခွဲသူကို လက်ရဖမ်းဆီးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ဗုံးခွဲသူကိုယ်တိုင်လက်တွင် ဒဏ်ရာရရှိခဲ့သည်။ သို့ရာတွင် အခြားမည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။
အမေရိကန်သံရုံး၏ ပြည်ဝင်ဗီဇာထုတ်ပေးရာ နေရာအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးဖောက်ခွဲသူမှာ အတွင်းမွန်ဂိုလီးယား ဒေသမှ အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်းဟု ခေါ်ဝေါ်သူဖြစ်ကြောင်း၊ ၎င်းမှာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်စရာ မရှိကြောင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုပြုလုပ်သည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိနေသည်ကို အေအက်ဖ်ပီသတင်းထောက်များက တွေ့မြင်ခဲ့ကြရသည် ဆို၏။
မွန်းလွဲ ၁ နာရီခန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက် ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာ၌ လုံခြုံရေးကို ဆောင်ရွက် ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ပေကျင်းမြို့၏ ဆင်ခြေဖုံးအရပ်တွင် တည်ရှိပြီး အမေရိကန်သံရုံးအပါအဝင် သံရုံးအများအပြား အခြေစိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment