Tuesday, July 3, 2018

မန္တလေးကားဈေးကွက်တွင် စလစ်ကပ်ကားများနှင့် တန်ဖိုးမြင့်ကားများ အရောင်းအဝယ်အေး

Image may contain: outdoor
မန္တလေး ဇူလိုင် ၂
မန္တလေးကားမျိုးစုံဈေးကွက်တွင် စလစ်ကပ် ကားများနှင့် တန်ဖိုးမြင့်ကားများ အရောင်း အဝယ် အေးနေသော်လည်း ဈေးနှုန်း အသင့်အတင့်ရှိသော ကားအမျိုးအစားများမှာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေး မဟာအောင်မြေမြို့နယ်ရှိ လမ်း ၆ဝ ကားပွဲစား တန်းမှ သိရသည်။
''ကားသစ်တင်သွင်းမှုက မရှိသလောက် နည်းသွားတဲ့အတွက် စလစ်ဈေးကလည်း ကျလာတယ်။ အမြင့်ကားတွေကလည်း ဝယ်နိုင်တဲ့သူ နည်းလို့ အရောင်းအဝယ် သိပ်မရှိဘူး။ အဓိက အရောင်းအဝယ်ဖြစ်နေ တာကတော့ ဈေးနှုန်းသင့်တင့်တဲ့ ၁၃ဝဝ စီစီ ကားလေးတွေပါ'' ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုနေမင်းက ပြောသည်။
လက်ရှိတွင် ကျပ်သိန်း ၁၅ဝ အောက် MDY လိုင်စင်ကားဟောင်းများမှာ အရောင်း အဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး မန္တလေးတွင် လူကြိုက်များသော ကားမျိုးများဖြစ်သည့် ဟွန်ဒါဖစ်၊ ဟွန်ဒါအင်ဆိုက်၊ တိုယိုတာဗစ်၊ မာစတာဒီမီယို စသည့်ကားများမှာ အဓိက အရောင်းသွက်လျက်ရှိသည်။
''အခွန်ဥပဒေမှာ ဝင်ငွေခွန်ကို သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိ လျှော့ပေးမယ်လို့ ခန့်မှန်ထားခဲ့ကြပေမယ့် အထူးကုန်စည်ခွန်အတွက်ပဲ ဆယ်ရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်၊ ဝင်ငွေခွန်ကိုတော့ အရင်အတိုင်း ကောက်ခံမယ်လို့ ထုတ်ပြန် လိုက်တော့ ကားဈေးကွက်အတွက် သက်ရောက်မှုနည်းသွားတာပါ''ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ဦးမောင်မောင် မျိုးမြင့်က ပြောသည်။
အဆိုပါထုတ်ပြန်ချက်ကြောင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်းနှစ် ၂ဝ အမည်ပေါက် စလစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၄ဝ အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၁ဝ ဝန်းကျင်ခန့်အထိ ကျဆင်း လာသည့်အပြင် စလစ်ရောင်းဝယ်မှုအနေ ဖြင့်လည်း မရှိသလောက်နည်းပါးနေသည့် အတွက် ယခုဈေးနှုန်းထက် ဆက်လက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။
လက်ရှိ စလစ်ဈေးနှုန်းများအနေဖြင့် သက်တမ်း နှစ်၂ဝ အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ်သိန်း ၁၁ဝ၊ တိုက်ကြေ စလစ် ၁ဝ၃ သိန်း၊ စက်မှုဇုန် လူစီးစလစ် ၁ဝ၅ သိန်းနှင့် တက္ကစီစလစ် ကျပ် ၁ဝ၅ သိန်း ဝန်းကျင် ဈေးနှုန်းရှိကာ ဈေးနှုန်း အတက်၊ အကျပြောင်းလဲနိုင်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment